အာဖဂန်မှ လုံးဝရုတ်သိမ်းမည့်အစီအစဉ် အမေရိကန် စတင်။ နှစ်-၂၀ အတွင်း နိုင်ငံခြားတပ်ဖွဲ့ဝင် ၃,၅၀၀ ကျော် ကျဆုံး၍ တစ်နှစ်တည်း၌ပင် အရပ်သား ၁-သိန်း သေဆုံးခဲ့။ ပြည်ပစစ်တပ်ကို ကူညီခဲ့ဖူးသည့် အာဖဂန်တို့ကို အိမ်နီးချင်းနိုင်ငံတို့က ခိုလှုံခွင့်ပေးရန် ကန်တိုက်တွန်း


သောကြာနေ့တွင် အမေရိကန်တပ်များသည် အာဖဂန်နစ္စတန်ရှိ ၎င်း၏အဓိက စစ်အခြေစိုက်စခန်းမှ ထွက်ခွာသွားခြင်းမှာ သမုဒ္ဒရာကြီးနှစ်ခုနှင့်ထိစပ်လျှက်ရှိသော နိုင်ငံကြီး၏ သမိုင်းတွင် အရှည်ကြာဆုံးသော စစ်ပွဲအား အဆုံးသတ်ခြင်း အမှတ်အသားဖြစ်လာသည်။ ၎င်းနှင့်အတူ ကဘူးမြို့အနီးအနားတွင် နေထိုင်သူများနှင့် စစ်အခြေစိုက်စခန်းများအား မှီခိုအသက်မွေးခဲ့သူများ၏ အတိတ်ကိုဖျက်ဆီးခြင်းနှင့် နောင်အာဖဂန် မပြိုလဲရအောင် တောင့်ခံထားမှုများကို စွန့်လွှတ်လိုက်ခြင်းလည်းဖြစ်ကြောင်း Reuters က ယနေ့ ရေးသားသည်။

…  
စက်တင်ဘာ ၁၁ နောက်ဆုံးထား၍ အမေရိကန်တပ်ဖွဲ့များ ခြွင်းချက်မရှိ ရုတ်သိမ်းမည်ဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒင်က ကြေညာခဲ့ပြီးနောက် အာဖဂန်နစ္စတန်တစ်ဝှန်း၌ ရက်သတ္တပတ်များစွာ ကြာအောင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။

…  
ကာတာနိုင်ငံ၌ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ ထုံ့ပိုင်း ထုံ့ပိုင်းဖြစ်နေစဉ် ယခုရက်သတ္တပတ်များ၌ အာဖဂန်၏ လေးပုံတစ်ပုံရှိသော ခရိုင်နယ်မြေများမှာ တာလီဘန်တို့၏ လက်အတွင်း ကျဆင်းသွားပြီဖြစ်ကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြခဲ့ပြီးနောက် နိုင်ငံအတွင်း ပရမ်းပတာဖြစ်နေခြင်းများအပေါ် လူအများက စိုးရိမ်မိခဲ့ကြသည်။

…  
“သူတို့က ဗုံးကြဲပြီး တာလီဘန်တွေရဲ့ စစ်အစိုးရကိုဖယ်ရှားလိုက်တယ်။ ဒါပေမယ့် တာလီဘန်တွေ အင်အားတောင့်တင်းလာပြီး ပြန်လည်သိမ်းယူတော့မည့်ဆဲဆဲ အချိန်ရောက်မှ သူတို့ထွက်ခွာသွားကြပြီ” ဟု ဗက်ဂရမ် မြို့မှ စက်ပြင်ဆရာတစ်ဦးက ပြောပြသည်။ သူသည် အာဖဂန်တွင် ဆိုဗီယက်တပ်များ မြင်ခဲ့ဖူးပြီး အမေရိကန် တပ်များဝင်ရောက်လာခြင်းနှင့် ယခုထွက်ခွာသွားခြင်းကို မျက်ဝါးထင်ထင် ရှိခဲ့သူဖြစ်သည်။

 နိုင်ငံခြားတပ်များ တည်ရှိသည့်အတွက် အာဖဂန်တွင် အချီးနှီးဖြစ်ခဲ့ရခြင်းမှာ သူ့အတွက် နက်ရှိုင်းသော ခံစားမှုဖြစ်စေခဲ့သည်။ “ ကျုပ်တို့အတွက် သူတို့ သယ်ဆောင်လာတာက ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းနဲ့ ကံဆိုးမိုးမှောင် ကျစေဖို့ချည့်ပဲ၊ နောက်ထပ်လဲ ဘယ်တော့မှ ပြန်မလာပါနဲ့လို့ ကျုပ်ကတော့ ဆုတောင်းတယ်.. “ ဟု သူက ဆိုသည်။

…   
ဆယ်စုနှစ် ၂-ခုကြာ ဖြစ်ပွားခဲ့သောစစ်ပွဲတွင် ပြည်ပတပ်ဖွဲ့ဝင် ၃၅၀၀ ကျော် ကျဆုံးခဲ့ပြီး ၂၀၀၉-ခုနှစ် တစ်နှစ်တည်း၌ပင် အရပ်သား ၁-သိန်းကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ၏မှတ်တမ်းများတွင် တွေ့ရှိရသည်။ သို့သော် နိုင်ငံခြားတပ်များရှိနေခြင်းမှာ အာဖဂန်နစ္စတန်၏ စီးပွားရေးကို ပုံပျက်စေပြီး တိုင်းပြည်အနေဖြင့် ၎င်းတို့ဖာသာ ရပ်တည်ရန် အချိန်ကောင်းဖြစ်သည်ဟု အချို့က မှတ်ချက်ချသည်။

…  
“အာဖဂန်မှာ တာလီဘန်နဲ့ အကျင့်ပျက်ခြစားမှုတွေ တည်ရှိနေတာကို မအောင်မြင်တဲ့ ဆိုးမွေအဖြစ် ချန်ထားပြီး အမေရိကန်တွေ ဖုတ်ဖက်ခါ ထွက်သွားကြပြီ၊ အာဖဂန်မှာ လူဦးရေရဲ့ ရာခိုင်နှုန်း နည်းနည်းလောက်သာ ချမ်းသာလာကြပြီး အများစုမှာတော့ အလွန်အမင်းဆင်းရဲ မွဲတေမှုနှင့် နပန်းလုံးနေကြရတယ်။ ဒါ့ကြောင့် သူတို့သွားတာ ကျုပ်တော့ ပျော်တယ်၊ ကျုပ်တို့ အာဖဂန်တွေ ကိုယ့်ဖာသာ လမ်းရှာမယ်.. “ ဟု ဗက်ဂရမ်မြို့မှ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

…    
အာဖဂန်မှ တပ်ဖွဲ့များ ရုတ်သိမ်းမည့်အကြောင်း ဧပြီလတွင် သမ္မတဘိုင်ဒင်၏ ကြေညာချက် ထွက်ပေါ်လာပြီးကတည်းက ကဘူးမြို့အနီး အာဖဂန်လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းများ၊ အထူးသဖြင့်မြို့ပြဒေသများသူများ၏ စိတ်အလျှဉ်တွင် ထိတ်လန့်မှုများ အသစ်တဖန် ပေါ်ပေါက်လာသည်။ အာဖဂန်မှ အမေရိကန်တို့ ထွက်ခွာသွား လျှင် တာလီဘန်တို့ ပြန်လည် အနိုင်ရလာပါက ဘာဆက်လုပ်ရမှန်း မသိအောင် ဖြစ်ကြရသည်။

…    
အင်တာဗျူး ဖြေဆိုသူများနှင့် အခြားသူများကလည်း စီးပွားရေးပြိုလဲမှုနှင့် မြို့ပြနေထိုင်သူများစွာတို့အနေဖြင့် တိုင်းပြည်မှ စွန့်ခွာရန် ရာနှင့်ချီသော ပြည်သူများမှာ ပြည်ပသံရုံးများတွင် ဗီဇာရရှိရေး ကြိုးပမ်းနေကြကြောင်း ပြောပြ ကြသည်။

…  
ထိုသူများထဲတွင် လုံခြုံရေးအကြောင်းပြချက် တစ်ခုတည်းဖြင့် ဗီဇာရရှိရန် တောင်းဆိုခဲ့သည့် အသက် ၂၂ နှစ်အရွယ် ဆေးကျောင်းသူ မိသားစုလည်း ပါဝင်သည်။ တာလီဘန်တို့ အာဏာပြန်လည်ရရှိခဲ့လျှင် အမျိုးသမီးတို့၏ ပညာရေးကို ကန့်သတ်လိမ့်မည်ဟု တွေးမိပြီး ဆေးကျောင်းသူအတွက် အနာဂတ်မှာ မျှော်လင့် နိုင်စရာ မရှိတော့ချေ။

…  
တာလီဘန်တို့ကမူ ၎င်းတို့၏ မူဝါဒမှ ပြောင်းလဲသွားပြီဖြစ်ကြောင်း၊ ယခင်တည်ရှိခဲ့သော အမျိုးသမီးတို့၏ အခွင့်အရေးကို ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ ဘာသာရေးစည်းမျဉ်းများနှင့်အညီ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ပြော ဆိုထားသည်။

အမေရိကန်တပ်များ ရုတ်သိမ်းသွားခဲ့လျှင် ပြည်ပတပ်များကို ကူညီခဲ့ဖူးသော ဒေသခံများ၏လုံခြုံမှုရေးကို အာမခံနိုင်လိမ့်မည် မဟုတ်ကြောင်း အမေရိကန် အထက်အောက် လွှတ်တော်နှစ်ရပ်လုံး၏ အကြီးအကဲများက သမ္မတ ဂျိုးဘိုင်ဒင်အား သတိပေးလိုက်ကြောင်း Russia Today (June 5,2021( က ဖော်ပြသည်။

…   
အာဖဂန်လုပ်ဖော်ကိုင်ဖက်များအား အကာအကွယ်ပေးရမည့်တာဝန်ကို အာဖဂန်အစိုးရ၏ ပခုံးပေါ်သို့ လွှဲ ပြောင်းပေးခြင်းမှာ ကိုယ်ကျင့်တရားပျက်ပြားခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့သည်။
နယူးယောက် 9/11 တိုက်ခိုက်ခံရအပြီးတွင် အာဖဂန်နစ္စတန်သို့ ကျူးကျော်ဝင်ရောက်ချိန် မှစ၍ အမေရိကန်တပ်ဖွဲ့များမှာ အာဖဂန်ဘာသာပြန်ဆိုသူများ၊ စကားပြန်များနှင့် အခြားဒေသခံတို့၏ အကူအညီအပေါ် များစွာ မှီခိုအားထားခဲ့ကြသည်။ ထိုသူတို့မှာ အမေရိကန်တပ်များ အပြီးတိုင်မရုတ်သိမ်းမီ အာဖဂန်မှ ထွက်ခွာရေး ဗီဇာရရှိရန် လိုအပ်လျှက်ရှိသည်။

…  
အိမ်ဖြူတော်ကမူ အမေရိကန်တပ်များဆုတ်ခွာပြီးနောက် တာလီဘန်တို့၏ လက်တုံ့ပြန်မှုကိုကြောက်ရွံ့သော ဝန်ထမ်းဟောင်းများအား အာဖဂန်၏ အိမ်နီးချင်းနိုင်ငံတို့က ခိုလှုံခွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း Russia Today (July 05,2021) က ရေးသားသည်။

…    
အာဖဂန်နစ္စတန်၏ အိမ်နီးချင်းများဖြစ်သော တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် ကာဇက်စတန်တို့သည် အရည်အချင်းပြည့်မီသော အာဖဂန်ရဲတပ်ဖွဲ့ဝင် ၉,၀၀၀ ခန့်ကို အထူးလူဝင်မှုကြီးကြပ်ရေးဗီဇာ (SIV) အစီအစဉ် ဖြင့် ယာယီခိုလှုံနိုင်ရန် ရည်ရွယ်သည်။

အမေရိကန် သို့မဟုတ် နေတိုးဦးဆောင်သည့် ညွန့်ပေါင်းတပ်တို့က အာဖဂန်နစ္စတန်ကိုကျူးကျော်ခဲ့ပြီးနောက် လွန်ခဲ့သောဆယ်စုနှစ် ၂-စုအတွင်း အမေရိကန်အစိုးရအတွက် အလုပ်လုပ်ကိုင်ပေးခဲ့သည့် ထောင်နှင့်ချီသော အာဖဂန်နိုင်ငံသားများမှာ ၎င်းတို့၏ နေရင်းတိုင်းပြည်တွင် အပြစ်ပေးခံရမည့်အရေးအတွက် အမေရိကန်ထံမှ ပြည်ဝင်ခွင့် ဗီဇာရထိုက်သူများ ဖြစ်ကြသည်။ ပြည်ဝင်ခွင့်ကို အမေရိကန်က စစ်ဆေးနေစဉ်အတွင်း အာရှအ လယ်ပိုင်း ၃-နိုင်ငံတို့က ၎င်းတို့အား လက်ခံထားပေးရန် အမေရိကန်က မျှော်လင့်သည်။

…  
အဆိုပါ ၃-နိုင်ငံတွင် ဝါရှင်တန်က နယ်မြေထောက်လှမ်းရေးသတင်းစုဆောင်းခြင်း၊ စောင့်ကြည့်ခြင်းနှင့် ကင်းထောက်ခြင်းလုပ်ငန်းများ စတင်ရန်မှာ အမေရိကန်နှင့် အာရှအလယ်ပိုင်းသုံးနိုင်ငံတို့အကြား ပိုမိုကျယ်ပြန့်သော သဘောတူညီချက်၏ အစိတ်အပိုင်းတစ်ခုဖြစ်လာနိုင်ကြောင်း Bloomberg က ရေးသားသည်။

#အာဖဂန်မှ_အမေရိကန်တပ်များ_စတင်ရုတ်သိမ်း

(((Reuters., July 4, 2021,” ‘What was the point?’ Afghans rue decades of war as US quits Bagram.” ကို #HtayOung, #OungMarine ဆီလျော်အောင် အကျဉ်းချုံးဘာသာပြန်ဆိုသည်။)))

https://www.reuters.com/world/us/what-was-point-afghans-rue-decades-war-us-quits-bagram-2021-07-03/
https://www.rt.com/usa/525751-us-allies-afghanistan-withdrawal/
https://www.rt.com/news/528219-afghanistan-siv-visa-shelter-asia/
https://www.bloomberg.com/news/articles/2021-07-02/u-s-asks-central-asian-nations-to-take-afghans-seeking-visas 

Leave a Reply

Your email address will not be published.