အာရပ်ကမ္ဘာ၏ ပထမဆုံးညူကလီးယားစက်ရုံကို ယူအေအီးနိုင်ငံတွင် တည်ဆောက်။ ရေနံပေါကြွယ်ဝသော်လည်း တင်းမာမှုနှင့် အကြမ်းဖက်မှု ပြည့်နှက်နေသော ဒေသ၌ နေအား-လေအား အပြင် ညူကလီယာစွမ်းအင်သို့ တက်လှမ်းခြင်း

ယူအေအီး UAE ခေါ် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံသည် အာရပ်ကမ္ဘာ၏ ပထမဆုံးသော ညူကလီးယာဓါတ်အားပေးစက်ရုံကို စတင်ဖွင့်လှစ်လိုက်ရာ အီရန်နှင့် ပူးပေါင်းသည်ဟု ဆော်ဒီ-ယူအေအီးအုပ်စုတို့က ဝိုင်းပယ်ထားသော ကာတာနိုင်ငံ၏ အရှေ့ဘက်ကပ်လျှက် ပင်လယ်ကွေ့ကမ်းရိုးတန်းတွင် တည်ရှိနေကြောင်း BBC ( 2 Aug,2020 ) က ရေးသားသည်။ 


“ ဘားရက်ကာ “ မြို့တွင် တောင်ကိုရီးယားနည်းပညာကို အသုံးပြုလျှက် စက်ရုံရှိ ညူကလီယာ ဓါတ်ပေါင်းဖို ၄-ခု အနက် ၁-ခု စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။ ၂၀၁၇ – ခုနှစ်တွင် ဖွင့်လှစ်ရန် ကနဦး စီစဉ်ထားခဲ့သော စက်ရုံသည် လုံခြုံရေးလိုအပ်ချက်များကြောင့် နှောင့်နှေးခဲ့ရကြောင်း၊ ရေနံပေါကြွယ်ဝသော ယူအေအီးသည် ရေရှည်တည်တန့်သော စွမ်းအင်အရင်းအမြစ်များသာမက ဘားရက်ကာ ညူကလီယာစက်ရုံမှ နိုင်ငံ့စွမ်းအင်လိုအပ်ချက်၏ ၄-ပုံ ၁-ပုံကို ေ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ယူအေအီး အာဏာပိုင်များက ပြောကြားသည်။ 


လွန်ခဲ့သော ရက်သတ္တ ၂- ပတ်ခန့်က ယူအေအီးသည် အင်္ဂါဂြိုဟ်သို့ လေ့လာစူးစမ်းရေး အာကာသယာဉ် တစ်စီးကိုစေလွှတ်ခြင်းမှာ ပင်လယ်ကွေ့နိုင်ငံအတွက် နောက်ထပ်အဆင့်မြင့်သိပ္ပံကောက်ကြောင်းဖြစ်ခဲ့သည်။ ထို့ပြင် ယူအေအီးနိုင်ငံသည် စွမ်းအင်အရင်းအမြစ် အများအပြားရှိနေသော ပင်လယ်ကွေ့ဒေသ၌ နေရောင် ခြည်စွမ်းအင်ကဏ္ဍ၌ အကြီးအကျယ်ရင်းနှီးမြှုပ်နှံနေသည်။

  
တင်းမာမှုနှင့် အကြမ်းဖက်မှုများကြောင့် ဆင်းရဲဒုက္ခကြုံတွေ့နေရသော ပင်လယ်ကွေ့ဒေသတွင် ပိုသန့်ရှင်း၊ ပိုဈေးသက်သာ၍ ပိုမိုသင့်လျော်သည်မှာ နေရောင်ခြည်စွမ်းအင်ဖြစ်နိုင်ပါလျှက် ဘားရက်ကာ ညူကလီယာ စက်ရုံ၏ ယုတ္တိတန်မှုကို အချို့သော စွမ်းအင်ကျွမ်းကျင်သူများက မေးခွန်းထုတ်ကြသည်။ 


ဒေသတွင်းပြိုင်ဘက် ကာတာနိုင်ငံကလည်း ဘားရက်ကာစွမ်းအင်စက်ရုံမှာ ဒေသတွင်းငြိမ်းချမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်လျှက်ရှိကြောင်း ပြီးခဲ့သည့်နှစ်ကတည်းက ပြောကြားခဲ့သည်။ 


ပင်လယ်ကွေ့တစ်လျှောက်တွင် အငြင်းပွားဖွယ် ညူကလီးယားအစီအစဉ်ကြောင့် အမေရိကန်၏ ဒဏ်ခတ်အရေးယူမှုကို ခံနေရသော အီရန်သည် ယူအေအီးအပေါ် မလိုမုန်းထားရှိနေသည်။

  
ပထဝီနိုင်ငံရေးတင်းမာမှုများ ထူပြောလျှက်ရှိသော ပင်လယ်ကွေ့ဒေသအတွင်း ညူကလီယာလက်နက် ထုတ် လုပ်နိုင်သော ညူကလီယာစွမ်းအင်ကို ဖွံ့ဖြိုးအောင် ဆောင်ကျဉ်းနေကြခြင်းမှာ ကမ္ဘာ့အခြား ဒေသများထက် ပိုမိုအငြင်းပွားဖွယ်ရာပြဿနာကို ဖန်တီးရာရောက်ကြောင်း၊ ဒေသတွင်း၌ ရေဒီယိုသတ္တိကြွ ပတ်ဝန်းကျင် ညစ်ညမ်းမှုအန္တရာယ်ကို ရှိနေကြောင်း ပညာရှင်များက သတိပေးခဲ့ကြပြီးဖြစ်သည်။ 

  
စက်ရုံတည်ဆောက်သူ အင်းမရိတ်ညူကလီယာစွမ်းအင်ကော်ပိုရေးရှင်း (ENEC) ကမူ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတွင် အမြင့်ဆုံးစံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ထားကြောင်း၊၊ ကာဗွန်လျှော့ချ စီးပွားရေးတွင် ကွဲပြားသော ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်စွမ်း မရှိသည့် နေရောင်ခြည်နှင့် လေစွမ်းအင်ကဲ့သို့သော ပြတ်တောင်းပြတ်တောင်း စွမ်းအင်အရင်းအမြစ်နေရာတွင် ဖြည့် ဆည်းပေးမည်ဖြစ်ကြောင်း၊ ယူအေအီးနိုင်ငံက လိုအပ်လျှက်ရှိသော လျှပ်စစ်စွမ်းအင် ၂၅ ရာခိုင်နှုန်းကို အပြည့်အဝ ထုတ်လုပ်ပေးရာတွင် မော်တော်ကားပေါင်း ၃.၂ သန်းတို့ နှစ်စဉ်မောင်းနှင်ခြင်းနှင့် ညီမျှသော ကာဗွန် တန်ချိန် ၂၁ သန်းကို လျော့ချပေးလိမ့်မည် ပြောဆိုသည်။ 

  
(( ယခု ၂၀၂၀ ခုနှစ်အတွင်း ဇွန်လမှ စတင်ကာ အီရန်နိုင်ငံ၏ ညူကလီယာစက်ရုံများ ဆက်တိုက်ဆိုသလို ပေါက်ကွဲ ပျက်စီးမှုဖြစ်ခဲ့သည်။ အစ္စရေး၏ ဆိုင်ဘာတိုက်ခိုက်မှုလက်ချက်ဟု ဆိုကြပါသည်။ အများသိရှိကြသည့်အတိုင်း အရှေ့အလယ်ပိုင်းဒေသသည် ကမ္ဘာ့ရေနံအိုးကြီးဖြစ်သည်။ သို့သော် အဆိုပါရေနံသည် ကမ္ဘာတည်သရွေ့ သုံး၍မကုန် ယူ၍ မခမ်း ရှိနေမည်မဟုတ်ပါ။ ထို့ကြောင့် ဆော်ဒီအာရေးဗီးယားနှင့် ပင်လယ်ကွေ့နိုင်ငံများသည် ရေနံအပေါ် မှီခိုသော စီးပွားရေးစံနစ်ကို ပြောင်းလဲပစ်ရန် အားသွန်ခွန်စိုက် ကြိုးစားနေကြသည်။ 


စီမံခန့်ခွဲမှုသည် တိကျမှန်ကန်သော ကိန်းဂဏန်းအချက်အလက်များအပေါ် အခြေခံခြင်းမရှိပဲ တည်ဆောက်နိုင်ခြင်း မရှိပါ။ ထိုသို့သော အချက်အလက်အလက်မှန်များကို အသုံးပြုလျှက် ခေတ်မီနည်းကျ စီမံခန့်ခွဲလိုက်လျှင် ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ ပြေးမလွတ်ဟု မှတ်ယူခဲ့ကြသည်။ Gifted ခေါ် ပါရမီရှင်တို့ ခေတ်ကုန် ပြီဟု ကြွေကြော်ခဲ့ကြသည်။ 


လူ့သမိုင်းတွင် အကြီးမားဆုံးဟုဆိုနိုင်သည့် မွန်ဂိုအင်ပါယာ ( ၁၂၁၆- ၁၃၆၈ ခုနှစ် ) ကို ထူထောင်နိုင်သူမှာ ဂျင်ဂျစ်ခန် ( ၁၁၆၂- ၁၂၂၇ ခုနှစ် ) ဖြစ်သည်။ မွန်ဂိုတို့လောက် မကျယ်ပြန့်သော်လည်း မျက်မှောက် ရုရှားနိုင်ငံဖြစ်လာအောင် မဟာပီတာ ( ၁၆၇၂- ၁၇၂၅ ခုနှစ် )၊ ဂျပန်နိုင်ငံဖြစ်လာအောင် ( မြန်မာ မင်းတုန်းမင်းနှင့် ခေတ်ပြိုင် ) မေဂျီဘုရင် ( ၁၈၆၈-ခုနှစ် )သည်၎င်း၊ မော်စီတုံးနှင့် တိန့်ရှောင်ဖိန်တို့က တရုတ်ပြည်ကို၎င်း၊ ပတ်ချုံဟီးက တောင်ကိုရီးယား၊ ဟိုချီမင်းက ဗီယက်နမ် အသီးသီးထူထောင်ခဲ့ကြသည်။ 


၎င်းတို့အနက် မွန်ဂိုအင်ပါယာသည် ဂျင်ဂျစ်ခန် ကွယ်လွန်ပြီးနောက်ပိုင်း တစစ အင်အားဆုတ်ယုတ်လာခဲ့ရာ ယနေ့ဆိုလျှင် လူဦးရေ ၃-သန်းကျော်နေထိုင်ပြီး ကမ္ဘာ့အင်အားတွင် ၂ နှင့် ၃ ဖြစ်လာသော ရုရှာနှင့် တရုတ်အကြား ကုန်းတွင်းပိတ်နိုင်ငံအဖြစ်သာ ကျန်ရှိသည်။ 


ယနေ့ခေတ်တွင် ခေတ်မီနည်းကျ စီမံခန့်ခွဲရေး ပညာတတ်မြောက်သူ သောင်းသိန်းချီ၍ ထွက်ပေါ်လာသော်လည်း မျက်မှောက်ကမ္ဘာကြီးမှာ ပြိုပျက်ခြင်းမျိုးစုံ၊ ဆင်းရဲဒုက္ခအပေါင်းနှင့် လုံးချာလိုက်နေသည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ အဓွန့်ရှည်ခြင်းသည် အဆိုပါနိုင်ငံ၌ အုပ်ချုပ်သူ တစ်ဦးတစ်ယောက်ကောင်း၏ မူလဘူတ စီမံခန့်ခွဲမှုနှင့် အမျှော်အမြင်ကြီးမားခြင်းအပေါ် များစွာမူတည်နေကြောင်း သက်သေပြလျှက်ရှိသည်။


တိုတိုပြောရလျှင် နိုင်ငံတစ်နိုင်ငံ/လုပ်ငန်းတစ်ခု ကိုယ်ကျိုးနည်းတော့မလားဆိုသည်ကို အုပ်ချုပ်သူ၏ လက်ရှိ လုပ်ရည် ကိုင်ရည်နှင့် ၎င်းအားဝန်းရံသူတို့အရည်အချင်းသာမက၊ နောင် ၎င်းလွန်သည့်ကာလအတွက် မည်သူတို့ကို မည်သည့်နေရာပေးလျှက် အုတ်မြစ်ချနေခြင်းအား လေ့လာအကဲဖြတ်ခြင်းဖြင့် တိုင်းတာ၍ ရနိုင်လောက်ပါသည်။ ။ သတင်းဘာသာပြန်သူ )) 

((( BBC., 2 August 2020, “Barakah: UAE starts up Arab world’s first nuclear plant.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )) 

#အာရပ်ကမ္ဘာ၏_ပထမဆုံးညူကလီးယားစွမ်းအင်စက်ရုံ #ယူအေအီး #နေရောင်ခြည်စွမ်းအင်

https://www.bbc.com/news/world-middle-east-53619916

1+

Leave a Reply

Your email address will not be published.