ထိုင်ဝမ်နိုင်ငံတွင် ဥမင်လှိုဏ်ခေါင်းအတွင်း လူစီးမီးရထားလမ်းချော်တိမ်းမှောက်မှုဖြစ်ပွားရာ ၄၈-ဦးသေဆုံး၍ လူရာချီဒဏ်ရာရရှိသည့် အဆိုးရွားဆုံး ဘေးအန္တရာယ်နှင့် ကြုံတွေ့ရကြောင်း Russia Today က ယနေ့ရေးသားသည်။…
သောကြာနေ့နံနက်ပိုင်း အခင်းဖြစ်ပွားရာတွင် အတွင်း၌ ပိတ်မိနေသူအားလုံးကို မီးသတ်တပ်ဖွဲ့ဝင်များ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီးနောက် #ဟွလင်ကောင်တီ_ရှင်းရွှေဥမင်ကယ်ဆယ်ရေးလုပ်ငန်းကို အပြီးသတ်နိုင်ခဲ့ပြီဖြစ်သည်။ သေဆုံးသူများတွင် မီးရထားစက်ခေါင်းမောင်းသူလည်း ပါဝင်ပြီး သေဆုံးသူအချို့မှာ အခင်းဖြစ်ပွားရာ၌ မဟုတ်ပဲ ဆေးရုံ၌ ပြုစုကုသပေးနေစဉ် သေဆုံးရခြင်းဖြစ်ကြောင်းသိရှိရသည်။…
မီးရထားလမ်းချော်တိမ်းမှောက်မှုဖြစ်ပွား၍ လူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ရာ ၆၆-ဦးကို ဆေးရုံသို့ တင်ပို့ထားရပြီး ၎င်းတို့အနက် ၇-ဦးမှာ စိုးရိမ်ရသည့်အခြေအနေ၌ရှိကြောင်း အမျိုးသားဗဟိုသတင်းအေဂျင်စီက ဖော်ပြသည်။…
ကနဦး သတင်းများအရ မီးရထားပေါ်တွင် ခရီးသည် ၃၅၀ ခန့် လိုက်ပါလာသည်ဟု ဆိုသော်လည်း သယ်ယူပို့ဆောင်ရေးဝန်ကြီး၏ နောက်ပိုင်းအဆိုအရ ခရီးသည် ၄၉၀ ခန့် တင်ဆောင်လာခြင်းဖြစ်သည်ဆို၏။ ဒေသန္တရမီဒီယာများကမူ မီးရထားမှာ ဝန်ဆောင်ခ ပုတ်ပြတ်နှုန်းဖြင့် ခရီးသွားသူများ လိုက်ပါလာခြင်းဖြစ်ပုံရကြောင်း ရေးသားကြသည်။ မကြာမီကျရောက်တော့မည့် ရှည်လျားသော အားလပ်ရက်များနှင့် ဘိုးဘေးတို့၏ သင်္ချိုင်းဂူများအား သွားရောက်ဂါရဝပြုလေ့ရှိသည့် တရုတ်လူမျိုးတို့၏ #ရှင်းမင်ပွဲတော်ကြောင့် ခရီးသွားများ ပုံမှန်ထက် ပိုမိုနေစဉ်ကာလဖြစ်သည်။…
ဘေးအန္တရာယ်ဖြစ်ရသည့်အကြောင်းအရင်းကို အမျိုးသားသယ်ယူပို့ဆောင်ရေးအာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်။ သို့သော် ဆောက်လုပ်ရေးသုံး ကရိန်းတင်ကားမှာ မီးရထားလမ်းပေါ်သို့ ဆင်ခြေလျှောအတိုင်း လျောကျလာခြင်းကြောင့် လမ်းချော်တိမ်းမှောက်ရခြင်းဖြစ်ကြောင်း ကနဦးသိရှိရသည်။…
စံနစ်တကျ ရပ်နားထားခြင်းမရှိသော ဆောက်လုပ်ရေးယာဉ်မှာ မီးရထားလမ်းပေါ်သို့ လျှောကျလာခဲ့ကြောင်း၊ ဥမင်အတွင်း ဝင်ရောက်မည့်ဆဲဆဲ မီးရထားသည် ကရိန်းယာဉ်အား ဝင်တိုက်မိခဲ့ပုံရကြောင်း၊ ရထားတွဲ ၈-တွဲအနက် ၅-တွဲမှာ ခရီးသည်များနှင့်အတူ ဥမင်အတွင်း စုပုံသွားသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရကြောင်း၊ ကရိန်းယာဉ်မောင်းနှင်သူအား ဖမ်းဆီးအရေးယူထားကြောင်း ဟွလင်ခရိုင်ရဲချုပ်က သတင်းထောက်များအား ရှင်းပြသည်။…
ယခုမီးရထားလမ်းချော်တိမ်းမှောက်မှုဖြစ်ပွားသည့်နေရာသည် ထိုင်ဝမ်နိုင်ငံ တောတောင်ထူထပ်သော အရှေ့ဖက် ကမ်းရိုးတန်းရှိ ဟွလင်မြို့ မြောက်ဖက်တွင် တည်ရှိပြီး ခရီးသွားတို့အကြား လူကြိုက်များသည်။ အခင်းဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးနေစဉ်နှင့် လမ်းပြင်ဆင်နေစဉ်အတွင်း ဒုတိယလမ်းကို အသုံးပြု၍ မီးရထား ဆက်လက် ပြေးဆွဲမည်ဖြစ်သည်။
…
(((Russia Today., 2 Apr, 2021, “Taiwan train derailment: Death toll climbs to 48 as rescuers evacuate all trapped passengers & over a hundred reported injured.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
…
#ထိုင်ဝမ်မီးရထားလမ်းချော်တိမ်းမှောက်
…
https://www.rt.com/news/519934-taiwan-train-tunnel-derailment/

အားလပ်ရက်ရှည် ခရီးသွားစည်ကားခိုက် ထိုင်ဝမ်မီးရထား လမ်းချော်တိမ်းမှောက်၊ ပိတ်မိနေသော ခရီးသည်များနှင့် ဒဏ်ရာရရှိသူများအား ကယ်ထုတ်နေစဉ် သေဆုံးသူ ၄၈-ဦးအထိဖြစ်လာ။ ဥမင်အဝင် မီးရထားလမ်းပေါ်သို့ လျောကျလာသော ဆောက်လုပ်ရေးသုံး ကရိန်းတင်ယာဉ်အား တိုက်မိဟုဆို
0