အိဒ်ပွဲတော်အား တင်းကြပ်စွာ ထိန်းချုပ်ကျင်းပလျှက်ရှိသည့် ဘင်္ဂလားဒက်ရှ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် ၂၄-နာရီအတွင်း ၂၁-ဦးသေဆုံး၍ ကူးစက်ခံရသူ ၁,၉၇၅-ဦး ထပ်မံတွေ့ရှိ၊ ကမ္ဘာ့ဖွံံဖြိုးမှု အနည်းဆုံးနိုင်ငံ၌ ရောဂါပိုးစမ်းသပ်ရန် ဋ္ဌာနခွဲ ၅၀ ဖွင့်လှစ်ပြီး နေ့စဉ် လူ ၁-သောင်း စစ်ဆေးရန် ရည်မှန်းထား

 ကူးစက်ကပ်ရောဂါကာလ အိဒ်ပွဲတော်အား ရိုးရှင်းစွာထိန်းချုပ်ကျင်းပလျှက်ရှိသည့် ဘင်္ဂလားဒက်ရှ်တွင် ယနေ့နံနက်ပိုင်းအထိ ၂၄-နာရီအတွင်း ၂၁-ဦး ထပ်မံသေဆုံးသဖြင့် Covid-19 ရောဂါကြောင့် အသက်ဆုံးရှုံးရသူ စုစုပေါင်း ၅၀၁- ဦး ဖြစ်လာသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။

အိဒ်ရက်မြတ်၌ ၁-ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးစွဲကပ်လျှက်ရှိသူ ၁,၉၇၅-ဦးကို ထပ်မံအတည်ပြုခဲ့ရာ နိုင်ငံအတွင်း SARS-CoV-2 ရောဂါပိုးကူးစက်မှုတွေ့ရှိပြီးနောက်ပိုင်း ၂၄-ရီအတွင်း အများဆုံးအရေအတွက် ဖြစ်သည်ဆို၏။ ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း ယခုနောက်ဆုံးအချက်အလက်များအရ ကိုရိုနာဗိုင်းရပ်စွဲကပ် လျှက်ရှိသူ စုစုပေါင်း မှာ ၃၅,၅၈၅ -ဦးဖြစ်ပြီး၊ ရောဂါကူးစက်ခံရသူနှင့် သေဆုံးမှု အချိုးအစားမှာ ၁.၄၂ ရာနှုန်းဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ် ကျန်းမာရေး ဝန်ဆောင်မှု ဦးစီးဌာနအထွေထွေညွှန်ကြားရေးမှူးချုပ် (အုပ်ချုပ်) ပါမောက္ခ၏ မွန်းလွဲပိုင်း နေ့စဉ် အွန်လိုင်းသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားကြောင်း သိရှိရသည်။

ဘင်္ဂလားဒက်ရှ်နိုင်ငံ၌ တစ်ရက်အတွင်းသေဆုံးမှုအများဆုံးအဖြစ် ၂၈-ဦးကို မတ်လ ၂၄-ရက်နေ့တွင် တွေ့ရှိရသည်။ ယခုနောက်ဆုံးရက် သေဆုံးသူများတွင် အမျိုးသား ၁၆-ဦး၊ အမျိုးသမီး ၅-ဦးတို့ဖြစ်ကြောင်း၊အသက်အရွယ်အလိုက် ၁၁ နှစ်မှ ၂၀ ကြား ( ၁-ဦး )၊ ၄၁ မှ ၅၀ နှစ်ကြား ( ၃-ဦး ) ၊ ၅၁ မှ ၆၀ နှစ်ကြား ( ၉-ဦး ) ၆၁ မှ ၇၀ ကြား ( ၄-ဦ း)၊ ၇၁ မှ ၈၀ ကြား ( ၂-ဦး ) ၊ ၈၁ မှ ၉၀ ကြား ( ၂-ဦ း) တို့ ဖြစ်ကြသည်။

နောက်အကျဆုံး ၂၄-နာရီအတွင်း စမ်းသပ်မှုတွင် လူပေါင်း ၁၁,၅၄၁-ဦးကို စမ်းသပ်ပေးနိုင်ခဲ့ရာ ဒါကာ မြို့တော်တွင် ဓါတ်ခွဲခန်းဋ္ဌာနခွဲ ၂၅-ခုနှင့် နိုင်ငံအဝှမ်း အခြားဋ္ဌာနခွဲ ၄၈-ခုတို့မှ စုဆောင်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန်ထိ စမ်းသပ်စစ်ဆေးမှု အကြိမ်ပေါင်း ၂-သိန်း ၅-သောင်းကျော် ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်း၌ ဖော်ပြသည်။

(( Covid-19 ကူးစက်ကပ်ရောဂါနှင့် ပတ်သက်၍ အချိန်နှင့် တစ်ပြေးညီဖော်ပြလျှက်ရှိသော ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချက်အလက်များအရ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုတွင် ဘင်္ဂလားဒက်ရှ်ကို အဆင့် ၂၄-တွင် တွေ့ရှိရသည်။

၁၈၇၆-ခုနှစ် အမေရိကန်နိုင်ငံ ပရဟိတဒါနရှင် ဂျွန်ဟော့ကင်း တည်ထောင်ခဲ့သော မေရီလန်းပြည်နယ်ရှိ အဆိုပါတက္ကသိုလ်ကြီးသည် ကိုယ်ပိုင်သုတေသနလုပ်ငန်းများ ဦးဆောင်ပြုလုပ်ရာ၌ နိုင်ငံတကာအဆင့် ကောင်းသတင်းဂုဏ် မွှေးပျံ့လျှက်ရှိသည်။

ယခုကူးစက်ကပ်ရောဂါကျရောက်လာသောအခါ ကမ္ဘာအဝှမ်းဦးဆောင်စီမံခန့်ခွဲသူများတွင် ဂျွန်ဟော့ကင်း တက္ကသိုလ်မှ ပါမောက္ခကြီးများနှင့် တက္ကသိုလ်ထွက် အများအပြားပါဝင်နေမည်မှာ သံသယဖြစ်ဖွယ်မရှိပါ။

ဘင်္ဂလားဒက်ရှ်သည် GDP ( စုစုပေါင်းပြည်တွင်းထုတ်ကုန် ) တွင် မြန်မာထက်များသော်လည်း မြန်မာနည်းတူ Least Developed Countries (LDCs) ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံစာရင်းဝင်ဖြစ်ပါ၏။ Covid-19 ကပ်ရောဂါ ကာလတွင် ဘင်္ဂလားဒက်ရှ်၌ ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်မှု ဓါတ်ခွဲခန်းပေါင်း ၅၀ ဖွင့်လှစ်၍ မေလကုန်အရောက် နေ့စဉ်အနည်းဆုံး လူ ၁-သောင်း စစ်ဆေးပေးနိုင်ရန် ရည်မှန်းထားကြောင်းသိရှိရသည်။

ယခုသတင်းအရဆိုလျှင် ယခုမေလ မကုန်မီမှာပင် ဓါတ်ခွဲခန်း ၆၃- ခုရှိနေပြီး ၂၄-နာရီအတွင်း လူပေါင်း ၁-သောင်းကျော် စမ်းသပ်ပေးလျှက်ရှိကြောင်း တွေ့ရှိရပါသည်။ ထိုသို့ စစ်ဆေးပေးနိုင်ခြင်းမှာ Microbiologist များ အလျှံပယ်ရှိနေ၍လည်း မဖြစ်နိုင်သလို Reagents တစ်ပုံ တစ်ခေါင်းကြီး ဝယ်လောက်အောင် ပိုက်ဆံပေါ၍ လည်း ဟုတ်ဟန်မတူပါ။

လျှင်မြန်စွာကူးစက်လျှက်ရှိသည့် ရောဂါသည် လူမျိုး-ဘာသာ-ကျားမကြီးငယ်မရွေးတို့အား စွဲကပ်ခဲ့လျှင် နိုင်ငံ၏ အစားထိုးမရနိုင်သော အဖိုးတန် လူ့အသက်များ- လုပ်အားများ ထိခိုက်ဆုံးရှုံးနိုင်ကြောင်း မိမိနိုင်ငံအား အမှန်တကယ်ချစ်မြတ်နိုးသူတို့ ကောင်းစွာနားလည်၍သာ ဖြစ်နိုင်ပါသည်။

တကယ်တော့လည်း သေကောင်ပေါင်းလဲ ရောဂါဟူ၍ စွဲကပ်ခံရလျှင် ရှိစုမဲ့စု အိမ်ဂရံလေး အပေါင်ထား၍ပင် ဆေးကုကြရသည်မှာ မလွှဲမရှောင်သာ ရွေးချယ်ကြရသည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., May 25 2020, “Covid-19 death toll tops 500 with record 1,975 new cases reported.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်ဘင်္ဂလားဒက်ရှ်အိဒ်ပွဲတော်ရက်

https://www.dhakatribune.com/bangladesh/2020/05/25/record-1-975-test-covid-19-positive-in-a-single-day-death-toll-tops-500

https://gisanddata.maps.arcgis.com/apps/opsdashboard/index.html?fbclid=IwAR0tOhUl59T4ql89uyu8fgwqjI3F4AOGGL5U8M_s5RQurA0mqtzgoGJlcVE#/bda7594740fd40299423467b48e9ecf6

https://www.worldometers.info/coronavirus/

0

Leave a Reply

Your email address will not be published.