အိန္ဒိယလေတပ်မတော်၏ MiG-27 အသံထက်မြန် ဗုံးကြဲလေယာဉ်များ နောက်ဆုံး နှုတ်ဆက် ပျံသန်းမည်။ ယခုနှစ် ရုရှားနိုင်ငံက နိုင်ငံ ၄၃ နိုင်ငံသို့ စစ်လက်နက်ရောင်းချခြင်းဖြင့် ကန်ဒေါ်လာ ၁၁ ဘီလျှံရရှိ

အိန္ဒိယလေတပ်မတော်တွင် ဆက်လက်အသုံးပြုခြင်းမှ အနားပေးရန် ဆုံးဖြတ်ခဲ့သော MiG-27 ဗုံးကြဲလေယာဉ်များသည် လာမည့် ဒီဇင်ဘာလ၌ နောက်ဆုံး နှုတ်ဆက်သည့်အနေနှင့် သရုပ်ပြပျံသန်းကြမည်ကြောင်း သတင်းရရှိသည်ဟု India Today က အောက်တိုဘာ ၃၁-ရက်နေ့တွင် ရေးသားသည်။ 

ဆိုဗီယက်ခေတ် MiG-27 မီကိုယန် မစ်-၂၇ ကို လိုင်စင်ရယူ၍ အိန္ဒိယလေတပ်မတော်က IG-27 Bahadur (“Valiant”) “ ဗဟာဒူး “ ( ရဲစွမ်းသတ္တိရှင် ) အဖြစ် ထုတ်လုပ်ခဲ့သော အသံထက်မြန်မြေပြင်တိုက်ခိုက်ရေးလေယာဉ်များသည် ၁၉၉၉-ခုနှစ် အိန္ဒိယ-ပါကစ္စတန် ကက်ရှ် မီးယားဒေသ “ ကာဂေး “ စစ်ပွဲတွင် ပြောင်မြောက်စွာတာဝန်ထမ်းဆောင်ခဲ့ကြသည်။ 

ပါကစ္စတန်နယ်စပ်နှင့် နီးကပ်စွာတည်ရှိသည့် အနောက်မြောက်ပိုင်း ရာဂျက်စသန်ပြည်နယ် ဂျော့ပူရ်လေတပ်အခြေစိုက်စခန်းရှိ 29 Scorpio စကော်ပီယို အုပ်အမှတ်-၂၉ မှာ အိန္ဒိယလေတပ်မတော်၏ နောက်ဆုံးလက်ကျန် MiG-27 များဖြစ်သည်ဆို၏။ အဆိုပါလေယာဉ်များ၏ နှုတ်ဆက်ပျံသန်းသရုပ်ပြခြင်းကို ယခုနှစ် ဒီဇင်ဘာ ၂၇-ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရှိရသည်။ 

MiG-27 ဗုံးကြဲလေယာဉ်တို့သည် ၁၉၈၁-ခုနှစ်ကတည်းက အိန္ဒိယလေတပ်မတော်၌ တပ်တော်ဝင်ခဲ့ရာ ၃၈-နှစ်မျှ သက်တမ်းရှိပြီဖြစ်၍ ဆက်လက်အသုံးပြုခြင်းမှ အနားပေးရန် ဆုံးဖြတ်တော့မည်ဖြစ်သည်။ လွန်ခဲ့သော သုံးနှစ်အတွင်း ဘင်္ဂလားဒေသ MiG-27 လေယာဉ်အုပ် ၂-အုပ်ကို အနားပေးပြီးနောက် လက်ကျန်တို့မှာ ရာဂျက်စသန် လေယာဉ်အုပ်တွင် အင်အားပါဝင်နေခြင်းဖြစ်သည်။ 

လွန်ခဲ့သော ၁၀ နှစ်အတွင်း အိန္ဒိယလေတပ်မတော်၏ သက်တမ်းလွန်ဟောင်းနွမ်းလေယာဉ်များ အသုံးပြုမှု့ ကြောင့် ပျက်ကျဆုံးရှုံးမှု့ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ရာ အိန္ဒိယစစ်ဖက်လေယာဉ်များကို “ မိုးပျံခေါင်းတလား “ များအဖြစ် အိန္ဒိယမီဒီယာများက ပြောင်လှောင်ရေးသားသည်အထိ ဖြစ်ခဲ့ရသည်။ 

အိန္ဒိယတပ်မတော်သည် အရေအတွက်နည်းနည်းဖြင့် စွမ်းရည်ပြည့် စစ်ကစားနိုင်ရန် နိုင်ငံတကာမှ ခေတ်မီစစ်လက်နက် အမြောက်အများ ဝယ်ယူခြင်း၊ ပြည်တွင်း၌ထုတ်လုပ်ခြင်းဖြင့် အစားထိုးလျှက်ရှိသည်။ အထူးသဖြင့် ရုရှားနိုင်ငံမှ အများဆုံးဝယ်ယူခဲ့ရာ S-400 ဒုံးကျည်စံနစ်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ရုရှားအနေဖြင့်လည်း ယခုနှစ်တွင် နိုင်ငံ ၄၃-နိုင်ငံသို့ စစ်လက်နက်ရောင်းချရငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလျှံရရှိကြောင်း ရုရှားစစ်လက်နက်တင်ပို့ရေး Rosoboronexport ပြောကြားသည်ဟု ဆင်ဟွာသတင်းဋ္ဌာနက နိုဝင်ဘာ ၁-ရက်နေ့တွင်ရေးသားသည်။ 

အဆိုပါ ငွေပမာဏသည် နှစ်မကုန်မီ ဝင်ငွေသာဖြစ်ပြီး လက်မှတ်ရေးထိုးထားသော ကန်ထရိုက် ၈၀၀ ကျော်မှ နောက်ထပ်ဒေါ်လာ ၅၀ ဘီလျှံကျော် ရရှိရန် ကျန်သေးကြောင်း ဆင်ဟွာသတင်း၌ ဖော်ပြသည်။ 

(( ဘာဘူတို့ လွှင့်ပစ်မဲ့ မြေပြင်တိုက်ခိုက်ရေး ဂျက်တိုက်လေယာဉ်တွေကို အလကားပေးမလား ပို့ခကို ကြက်သွန်နီနဲ့ ပေးချေမယ်ဆို ဘာဘူတို့ လက်ခံလောက်ပါတယ်။ ဒါပေဇိ သူတို့ဆီတောင် တဂျိမ်းဂျိမ်း ပျက်ကျနေတာ။ ။ သတင်းဘာသာပြန်သူ )) 



((( India Today., 2 Nov, 2019, “Mig 27 jets which played crucial role in Kargil war to bid farewell in December.” #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ပေါင်းစပ်သည်။ ))) 

#အိန္ဒိယလေတပ်MiG-27 #နောက်ဆုံး နှုတ်ဆက်ပျံသန်းမည်။ #၂၀၁၉နိုင်ငံ၄၃နိုင်ငံသို့ရုရှားစစ်လက်နက် #ကန်ဒေါ်လာ၁၁ဘီလျှံကန်ထရိုက်ဘီလျှံ၅၀ 

https://www.indiatoday.in/india/story/mig-27-kargil-war-last-flight-jodhpur-1614526-2019-10-31 
https://indianairforce.nic.in/content/our-strength 
https://www.rt.com/news/472467-india-mig27-last-flight/ 
http://www.xinhuanet.com/english/2019-11/01/c_138521478.htm 

1+

Leave a Reply

Your email address will not be published.