အိန္ဒိယ-ပါကစ္စတန် ညူကလီယာစစ်ဖြစ်လျှင် တစ်ပါတ်အတွင်း လူ သန်း ၁၀၀ ကျော် သေဆုံးနိုင်။ ၂၀၂၅-ခုနှစ်အတွင်း စစ်ဖြစ်နိုင်ခြေ အမေရိကန်တက္ကသိုလ်၏ ပုံစံတူသုတေသနရလာဒ် ထွက်ပေါ်။

အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား ညူကလီယာစစ်ပွဲဖြစ်ပွားခဲ့လျှင်ရက်သတ္တတစ်ပါတ်မပြည့်မီအတွင်း လူ သန်း ၅၀ မှ ၁၂၅ သန်းအထိ သေဆုံးမည်ဖြစ်ရာ ၆-နှစ်ကြာခဲ့သည် ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးကြရသူများ ထက် များစွာပိုမိုကြောင်း နောက်ဆုံးသုတေသနပြုလုပ်ချက်များအရ သိရှိရသည်ဟု အမေရိကန်ပြည်ထောင်စု ဘိုးလ်ဒါတက္ကသိုလ် ရူပဗေဒအသင်းက ယနေ့ဖော်ပြသည်။ 

ဘိုးလ်ဒါနှင့် ရောက်ဂါ့စ်တက္ကသိုလ်တို့မှ ပူးတွဲသုတေသနပြုလုပ်မှု့များသည် အိန္ဒိယနှင့်ပါကစ္စတန်တို့အကြား လက်ရှိ ညူကလီယာထိပ်ဖူး ၁၅၀ အရေအတွက်ကို အခြေခံတွက်ချက်ထားခြင်းဖြစ်ပြီး ၂၀၂၅-ခုနှစ် မတိုင်မီအတွင်း ညူစစ်ပွဲဖြစ်ပွားသည့်အခါ နှစ်နိုင်ငံအသုံးပြုဖွယ်ရှိသည့် ညူထိပ်ဖူးမှာ ၂၀၀ ကျော်အထိ တိုးပွားလာနိုင်သည်ဆို၏။ 

ညူကလီယာလက်နက်ပိုင်ရှင် အာရှအိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုမြင့်တက်လာနေစဉ် ညူစစ်ပွဲ သုတေသနရလာဒ်အား Science Advances ဂျာနယ်တွင် ဖော်ပြထားခြင်းဖြစ်သည်။ ညူစစ်ပွဲကြောင့် ညူကလီယာဆောင်းရာသီ ဖြစ်ပေါ်လာပြီး ကမ္ဘာကြီးတွင် ရေခဲခေတ်နောက်ပိုင်း မကြုံစဖူး ပြင်းထန်သော အအေးဒါဏ်ကို ကြုံတွေ့ရနိုင်ကြောင်း သိရှိရသည်။ 

  
လွန်ခဲ့သည့် သြဂုတ်လတွင် မိုဒီအစိုးရက ပိုင်ဆိုင်မှုအငြင်းပွား ကက်ရှ်မီးယား၌ အိန္ဒိယထိန်းချုပ်နယ်မြေကို ဖွဲ့စည်းပုံပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဆင့်အတန်းမှ ဖျက်သိမ်းပြီးနောက် တပ်ဖွဲ့ဝင်များ တိုးမြှင့်စေလွှတ်ခဲ့ကြောင်း ပါကစ္စတန်က စွပ်စွဲခဲ့သည်။ ထိုစဉ်မှစ၍ ယခင်ကတည်းက မသင့်မြတ်ခဲ့သော အိမ်နီးချင်းနှစ်နိုင်ငံအကြား ပေါက်ကွဲလုနီးပါး စစ်ရေးတင်းမာမှုဖြစ်ပေါ်လျှက်ရှိသည်။ 

 

နှစ်နိုင်ငံစစ်ပွဲကြောင့် နိုင်ငံတကာတွင် သာမန်သေဆုံးနှုန်းထက် ၂-ဆကျော်မည်ဖြစ်ရာ လူ့သမိုင်းတွင် တစ်ကြိမ်မှ မကြုံဖူးသော စစ်ပွဲမျိုးဖြစ်သည်။ လူဦးရေအလွန်များသော တိုင်းပြည်ကြီး နှစ်ပြည်တွင် ကက်ရှ်မီးယားပဋိပက္ခအရေး အဖြေရှာခြင်း မပြုပဲလက်နက်တည်ဆောက်ခြင်းကို လျှင်မြန်စွာလုပ်ဆောင်ခြင်းဖြင့် တစ်ဖက်နှင့် တစ်ဖက်ခြိမ်းခြောက်လျှက်ရှိကြသည်။ 

အမေရိကန်တက္ကသိုလ်ကြီးနှစ်ခုတို့သည် နှစ်နိုင်ငံစစ်ပွဲဖြစ်ပွားမှု့ရလာဒ်များကို ခန့်မှန်းနိုင်ရန် အထောက်အထားအချက်အလက်များနှင့် ၁၉၄၅ ခုနှစ် ဟီရိုရှီးမားနှင့် နာဂါဆာကီညူကလီယာဗုံးကြဲခံရစဉ် ကမ္ဘာ့လေထုအခြေအနေတို့ကို ကွန်ပျူတာပုံစံတူဖန်တီး၍ လေ့လာခဲ့ကြခြင်းဖြစ်သည်။ 


ဆယ်စုနှစ်အတွင်း ညူကလီယာစမ်းသပ်မှုအသေးစိတ်ကို နှစ်ဖက်စလုံးက ထုတ်ပြန်ခြင်းမရှိ၍ လက်နက်များ ပြင်းအားပမာဏကို မသိနိုင်သော်လည်း နှစ်ဖက်စလုံးတွင် လူ ၇၀၀,၀၀၀ စီ သေဆုံးကြဖွယ်ရှိသည်။ 

  
အများစုမှာ ပေါက်ကွဲမှုကြောင့် တိုက်ရိုက် မသေနိုင်သော်လည်း နောက်ဆက်တွဲ မိုင်နှင့်ချီသော ဧရိယာအတွင်း ပြင်းထန်စွာမီးလောင်ကျွမ်းခြင်းကို ထိန်းချုပ်နိုင်မည်မဟုတ်ချေ။ ထိုစဉ်အတွင်း ကမ္ဘာ့အခြားနေရာများ၌လည်း မီးလောင်ကျွမ်းခြင်း စတင်ဖြစ်ပွားနိုင်သည်။ 


စစ်ပွဲမှ ပေါင် ၈၀ ဘီလျှံပမာဏရှိမည့် မီးခိုးများ ကမ္ဘာ့လေထုအတွင်း ပြန့်နှံ့သွားမည်ဖြစ်သည်။  ကမ္ဘာမြေပြင်သို့ နေရောင်ခြည်ကျရောက်ခြင်းအား မီးခိုးတိမ်တိုက်ကြီးက ဖုံးကွယ်လိုက်သဖြင့် အနှုတ် ၁၅ ဒီဂရီမှ အနှုတ် ၁၃ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ အပူချိန်ကျဆင်းခြင်းကို နှစ်ပေါင်းများစွာ ကြုံတွေ့ရမည်ဆို၏။ အပင်များရှင်သန်မှု ကို အကြီးအကျယ်ထိခိုက်ပြီး မကြာမီ ကမ္ဘာ့စားနပ်ရိက္ခာပြတ်လပ်မှု ဖြစ်ပေါ်လာနိုင်သည်။ သမုဒ္ဒရာ ရေညှိများ ညူကလီယာဓါတ်သင့်၍ လူအပါအဝင် သက်ရှိတို့အစာကွင်းဆက်အား နောက်ဆက်တွဲ အန္တရာယ်ကျရောက်မည်။ 


ယခုကဲ့သို့ ညူကလီယာစစ်ပွဲမျိုးဖြစ်ပွားရန် လွယ်လင့်တကူဖြစ်ပွားနိုင်မည်မဟုတ်ကြောင်း သုတေသနပညာရှင်များက ဆိုပါသည်။ သို့သော်လည်း စစ်အေးတိုက်ပွဲပြီးဆုံးခဲ့သည့်တိုင် နိုင်ငံတကာညူကလီယာ စစ်အန္တရာယ်အဆုံးသတ်ခြင်းမရှိသေးကြောင်း ဖြစ်ပွားလာပါက နောက်ဆက်တွဲအလားအလာများကို ယခုသုတေသနဖြင့် ပြသလိုရင်းဖြစ်သည်ဟု ဆိုပါသည်။ 

  
(( အိမ်နီးချင်း ၂-နိုင်ငံတို့အကြား တစ်ဖက်နှင့်တစ်ဖက် ခြိမ်းခြောက်ကြရင်း ညူစစ်ပွဲနှုတ်ခမ်းဝသို့ ရောက်ရှိလာနေကြောင်း ကက်ရှ်မီးယားပါကစ္စတန်ထိန်းချုပ်နယ်မြေမှ အကြီးအကဲတစ်ဦးက ပြောကြားသည်ဟု သတင်းတစ်ပုဒ်ကို ယနေ့တွေ့ရပါသည်။ စစ်ပွဲဆိုသည်မှာ အင်အားနည်းသူက လက်ဦးမှုရယူတတ်ကြ၍ ညူလက်နက် သုံးကြလျှင် ပါကစ္စတန်ဖက်က စတင်ရန် အလားအလာများသည်။ 

မိမိရာထူးသက်တမ်းတစ်လျှောက် ညူလက်နက်အသုံးပြုရန် ၃-ကြိမ်ထက်မနည်း စဉ်းစားခဲ့ဖူးကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းတစ်ဦး ပြောကြားသည်ကိုလည်း တွေ့ဖူးသည်။ 


သို့သော် နှစ်နိုင်ငံ စစ်ဖြစ်သည့်တိုင် ညူလက်သုံး-မသုံး Yes,No ဖြေပါဆိုလျှင် ကျွန်တော် မသိပါ၍ အစဉ်လေးစားအပ်သော မိတ်ဆွေများ နှစ်သက်သလို ယူဆနိုင်ပါသည်။   ။သတင်းဘာသာပြန်သူ )) 


((( အောက်တိုဘာ – ၀၃၊ ၂၀၁၉ ) Phy.org., October 2, 2019, “ An India-Pakistan nuclear war An India-Pakistan nuclear ould kill millions, threaten global starvation.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဖော်ပြသည်။ ))) 

https://www.sciencedaily.com/releases/2019/10/191002144251.htm 


https://timesofindia.indiatimes.com/india/india-pakistan-nuclear-war-could-kill-100-million-report/articleshow/71417820.cms 

3+

Leave a Reply

Your email address will not be published.