အိန္ဒိယကမ်းခြေစောင့်တပ်ကယ် တင်ခဲ့သော ဒုက္ခသည်ဘင်္ဂါလီများ ကပ္ပလီပင်လယ်ပြင်၌ သောင်တင်နေ၊ လက်ခံရန်တာဝန် မရှိ၊ အိန္ဒိယ သို့မဟုတ် ကုလသမဂ္ဂတို့ လက်ခံလိမ့်မည် မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ်ပြော


ဘင်္ဂလားဒေ့ရှ်အနေဖြင့် ကပ္ပလီပင်လယ်ပြင်တွင် ရက်သတ္တ ၂-ပတ်နီးပါး မျောပါနေခဲ့သော ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) ၈၁-ဦးတို့ကို နေရာထိုင်ခင်းပေးရန် တာဝန်မရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗူမိုမန်က ပြောဆိုသည်။ ၎င်းတို့မှ ငါးဖမ်းလှေတစ်စီးပေါ်တွင် ၈-လောင်းနှင့်အတူ ပြည့်ကျပ်နေအောင် လိုက်ပါလာသည့် အသက်ရှင်ကျန်ရစ်သူများဖြစ်ကြောင်း၊ ၎င်းတို့အား ကယ်တင်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်ပေးရန် ကြိုးစားလျှက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ဒုက္ခသည်များကို အစာရေစာ ကျွေးမွေး၍ ပင်လယ်ပြင်၌ ထားရှိမည်ဖြစ်ပြီး မိမိတို့နိုင်ငံကမ်းခြေသို့ ခေါ်ဆောင်သွားရန် စီစဉ်နေခြင်းမရှိကြောင်း အိန္ဒိယအရာရှိများက သောကြာနေ့၌ ပြောဆိုသည်ဟု Reuters က ယမန်နေ့ရေးသားသည်။..   
သို့သော် ၎င်းဒုက္ခသည်များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ မဟုတ်ကြောင်း၊ အမှန်အားဖြင့် မြန်မာနိုင်ငံသားများဖြစ်ကြောင်း၊ ၎င်းတို့အား မြန်မာမှ ၂၀၁-မိုင်အကွာ၊ အိန္ဒိယမှ ၉၁ -မိုင်အကွာ ပင်လယ်ပြင်တွင် တွေ့ရှိရခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ရေပြင်ပိုင်နက်မှ မိုင်ပေါင်း ၁,၁၀၀ ခန့် ဝေးကွာနေကြောင်း၊ ထို့ကြောင့် ၎င်းတို့အား လက်ခံရန် ဘင်္ဂလားဒေ့ရှ်၌ တာဝန်မရှိကြောင်း၊ အခြားနိုင်ငံများနှင့် အဖွဲ့အစည်းများသည် ဒုက္ခသည်များအပေါ် ဂရုစိုက်သင့်ကြောင်း၊ အနီးဆုံးဖြစ်သော အိန္ဒိယနှင့် ဒုက္ခသည်များ၏ မူလဇာတိဖြစ်သော မြန်မာတို့က လက်ခံလိမ့် မည်ဟု မျှော်လင့်ကြောင်း အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက Reuters အား ရှင်းပြသည်။..  
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများထံမှ လောလောဆယ် မှတ်ချက် မရရှိနိုင်ပါ။..  
အိန္ဒိယသည် ဒုက္ခသည်အခွင့်အရေးကို ရှင်းလင်းဖော်ပြပြီး နိုင်ငံအနေဖြင့် ၎င်းတို့အား အကာအကွယ်ပေးရန် တာဝန်ဝတ္တရားများကို ဖော်ပြသည့် ၁၉၅၁-ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်များ ကွန်ဗင်းရှင်းအား လက်မှတ်ရေးထိုးထားခြင်း မရှိသည့် နိုင်ငံဖြစ်သည်။ ဒုက္ခသည်ဘင်္ဂါလီအချို့အပါအဝင် ဒုက္ခသည်ပေါင်း ၂-သိန်းကျော်ကို လက်ခံထားရသော်လည်း ၎င်းတို့အား အကာအကွယ်ပေးရန် ဥပဒေမှာလည်း အိန္ဒိယတွင် ရှိမနေချေ။..   
ဗုဒ္ဓဘာသာအများစုနေထိုင်သော မြန်မာနိုင်ငံမှ ဒုက္ခသည်ဘင်္ဂါလီ ၁-သန်းကျော်သည် ဘင်္ဂလားဒေ့ရ်ှနိုင်ငံရှိ ဖွေးဖွေးလှုပ်မျှ တည်ရှိနေသော ဒုက္ခသည်စခန်းများ၌ နေထိုင်နေကြရသည်။ ၎င်းတို့အနက် အများအပြားမှာ ၂၀၁၇-ခုနှစ်တွင် မြန်မာ့တပ်မတော်၏ ဖြိုခွင်းမှု၌ ထွက်ပြေးလာကြရသူများဖြစ်သည်။..   
လူကုန်ကူးသူများသည် ဒုက္ခသည်ဘင်္ဂါလီများအား မလေးရှားကဲ့သို့ အရှေ့တောင်အာရှနိုင်ငံများတွင် အလုပ်အကိုင် ရရှိစေရမည်ဟု ကတိပေးကာ ခေါ်ထုတ်သွားလေ့ရှိကြသည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီသည် ယခုရက်သတ္တပတ်တွင် ပျောက်ဆုံးနေသော ဒုက္ခသည်လှေနှင့်ပတ်သက်၍ သတိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။..  
ဖေဖော်ဝါရီ ၁၁-ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းမှ မလေးရှားသို့ ဦးတည်ထွက်ခွာလာသော ဒုက္ခသည်လှေသည် အပြည်ပြည်ဆိုင်ရာရေပြင်တွင် မျောပါနေခဲ့ခြင်းဖြစ်သည်။ ယမန်နေ့တွင် ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့ရန် အရာရှိများ ဆွေးနွေးလျှက်ရှိစဉ် အိန္ဒိယနိုင်ငံ၏ အကူအညီနှင့် စောင့်ကြည့်မှုအောက်တွင် တည်ရှိနေသည်။..  
လူအများ ပြွတ်သိပ်လျှက်ရှိသော ကော့ခ်ဘဇားဒုက္ခသည်စခန်းမှ ရွက်လွှင့်ခဲ့စဉ် လှေပေါ်တွင် အမျိုးသမီး ၅၆-ဦး၊ အမျိုးသား ၂၁ ဦး မိန်းကလေး ၈-ဦးနှင့ ်ယောက်ျားလေး ၅ ဦး တင်ဆောင်လာသည်။..   
အိန္ဒိယအာဏာပိုင်များ၏ အဆိုအရ ခရီးထွက်ခွာလာပြီး ၄-ရက်အကြာတွင် လှေစက်ပျက်ပြီးနောက် အစားအစာနှင့် သောက်ရေပြတ်လပ်သွားသည်။ အသက်ရှင်ကျန်ရစ်သူအများစုမှာ နေထိုင်မကောင်းဖြစ်နေပြီး ဓာတ်ခန်းခြောက်ခြင်းဝေဒနာကို အလွန်အမင်း ခံစားနေကြရသည် ဆို၏။..   
ဘင်္ဂလားဒေ့ရ်ှသည် ကမ္ဘာတစ်ဝှန်းလုံးမှ ဒုက္ခသည်ဘင်္ဂါလီများ သို့မဟုတ် လှေစီးပြေး ဒုက္ခသည်များအား ပြန်လည်ခေါ်ဆောင်ရန်နှင့် ပြန်လည်ထူထောင်ပေးရန် နိုင်ငံတကာစာချုပ်နှင့် တာဝန်များပေးအပ်ထားခြင်းခံရသည့် နိုင်ငံ မဟုတ်ကြောင်း၊..   
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီအနေဖြင့် လှေပေါ်ပါ ဒုက္ခသည်များအနက် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသော ဒုက္ခသည်များဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် UNHCR ရုံးက ထုတ်ပေးထားသည့် ကတ်ပြားဆောင်သူ ၄၇-ဦးတို့အတွက် တာဝန်ရှိကြောင်း၊ လူကုန်ကူးသူတို့က ဒုက္ခသည်ကတ်ကိုင်ဆောင်သူတို့အား ကမ်းဝေးပင်လယ်ပြင်တွင် မျောပါစေလျှက် သေကြေအောင်ပြုလုပ်နေသည်ကို ခွင့်ပြုထားခြင်းမှာ နားမလည်နိုင်စရာ ဖြစ်ရကြောင်း နိုင်ငံခြားရေးဝန်ကြီး မိုမန်က ပြောဆိုသည်။..  
ထင်မြင်ချက်ပေးရန် UNHCR မှ တာဝန်ရှိသူများအား လောလောဆယ် အဆက်အသွယ် မရရှိသေးချေ။
..
#အိန္ဒိယကယ်ဆယ်ထားသော_ဒုက္ခသည်ဘင်္ဂါလီများအတွက်_ဘင်္ဂလားဒေ့ရှ်တာဝန်မရှိဟုဆို
……….
((( Reuter., February 28, 2021, “ Rohingyas Stranded at Sea: We’re under ‘no obligation’ to accept them. Says Momen, expects India or UNHCR to host them.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

https://www.reuters.com/article/us-bangladesh-rohingya-un-exclusive-idUSKBN2AR08E
https://www.thedailystar.net/backpage/news/rohingyas-stranded-sea-were-under-no-obligation-accept-them-2052173 

Leave a Reply

Your email address will not be published.