အိန္ဒိယက တရုတ်နယ်စပ်သို့ စစ်သည် ၅-သောင်း ပြန်လည်စေလွှတ်။အိမ်နီးချင်းအင်အားကြီး နှစ်နိုင်ငံတို့ အငြင်းပွားနယ်ခြားဒေသ၌ စစ်အင်အားတိုးချဲ့တည်ဆောက်နေ။ တရုတ်တပ်များ တိဘက်အနောက်စစ်ဒေသသို့ ရွေ့လျားလျှက်ရှိပြီး အိန္ဒိယနယ်စပ်တွင် အဆင့်မြင့်လက်နက်များ တပ်ဆင်နေဟုဆို


နယူးဒေလီက နယ်စပ်တစ်လျှောက်တွင် စစ်တပ်များ ဖြန့်ချလာမှုမှာ နှစ်နိုင်ငံ ထိပ်တိုက်တွေ့ကြရခြင်း၏ အဓိက အကြောင်းရင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက စွပ်စွဲပြောဆိုသည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကလည်း တရုတ်အနေဖြင့် စစ်အင်အားအလုံးအရင်း ဖြည့်တင်းကာ ပိုနေမြဲကျားနေမြဲအခြေအနေကို ပြောင်းလဲစေရန် အားထုတ်ပြီး နယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုတို့ကို နှောက်ယှက်ခြင်းကြောင့်ဖြစ်ကြောင်း တုန့်ပြန် အပြစ်တင်လိုက်သည်ဟု Sputnik က ယမန်နေ့ ရေးသားသည်။

…   
တရုတ်နှင့် ထိစပ်လျှက်ရှိသော နယ်ခြားဒေသသို့ စစ်တပ်ဖွဲ့ဝင် ၅-သောင်းနီးပါးခန့်ကို ပြန်လည်စေလွှတ်ရခြင်းမှာ လက်ဒက်ဒေသတွင် လောလောဆယ်ထိပ်တိုက်ရင်ဆိုင်နေရသော တရုတ်ပြည်သူ့တပ်မတော် PLA က စစ်ရေးထိုးစစ်ဆင်မည့် အလားအလာများ တွေ့မြင်နေရခြင်းကြောင့်ဖြစ်ကြောင်း အိန္ဒိယ၏အဆိုကို တနင်္လာနေ့ မီဒီယာ တစ်စောင်က ဖော်ပြခဲ့သည်။

…   
လက်ဒက်နယ်ခြားတွင် တပ်စွဲထားသော အိန္ဒိယ၏ စစ်အင်အားမှာ ၂-သိန်းခန့်ရှိပြီး လွန်ခဲ့သည့်နှစ်ထက် ၄၀ % ပိုမိုလာခြင်းဖြစ်ကြောင်း Bloomberg က ရေးသားသည်။ တပ်များ ထပ်မံဖြည့်တင်းရခြင်းမှာ  တရုတ် PLA ထံမှ နယ်မြေများအား တပ်မှူးများက တိုက်ခိုက်သိမ်းယူရန်အတွက်ဖြစ်ကြောင်း အိန္ဒိယအရာရှိများအား ကိုးကားဖော်ပြသည်။

…  
တစ်ချိန်တည်းမှာပင် နယူးဒေလီသည် ပါကစ္စတန်နှင့် ထိစပ်လျှက်ရှိသော ကက်ရှ်မီးယား အနောက်ဘက်နယ်စပ်တစ်လျှောက်၌ တင်းမာမှုလျှော့ချလျှက်ရှိသည်။ အိန္ဒိယအနေဖြင့် တရုတ် – ပါကစ္စတန်တို့နှင့် အရှေ့အနောက် မျက်နှာစာနှစ်ဖက်ရှိသော စစ်ပွဲအတွက် အပြည့်အဝပြင်ဆင်ထားပြီးဖြစ်ကြောင်း ကြုံးဝါးခဲ့သည်။

…  
မကြာသေးမီက ရှင်းကျန့်စစ်ဒေသမှ တရုတ်တပ်များသည် အနောက်ပိုင်းရှိ တိဘက်စစ်ဒေသသို့ ရွေ့လျားလျှက်ရှိကြောင်း၊ အိန္ဒိယနယ်စပ်တွင် ဒုံးကျည်များ၊ ဒရုန်းများနှင့် ရော့ကက်များအပါအဝင် အဆင့်မြင့် စစ်လက် နက်များကို ချထားလျှက်ရှိကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် အိန္ဒိယက ယခုကဲ့သို့ တပ်အင်အားကို ထပ်မံဖြည့်တင်းခြင်းဖြစ်သည်ဆို၏။

…    
အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နာ့သ်ဆင်း ကိုယ်တိုင်လည်း ယခုအခါ လက်ဒက်နယ်မြေ၌ ရောက်ရှိနေပြီး တရုတ်-အိန္ဒိယ နှစ်ဖက်တပ်များအကြား အမှန်တကယ် ထိန်းချုပ်မျဉ်း ( LAC ) တစ်လျှောက်ရှိ နယ်စပ်ဒေသ အခြေခံ အဆောက်အအုံစီမံကိန်းများအား စစ်ဆေးလျှက်ရှိသည်။ တနင်္လာနေ့တွင် မဟာဗျူဟာမြောက်တံတားသစ် ၄-စင်းကို ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

အိမ်နီးချင်း စစ်အင်အားကြီး နှစ်နိုင်ငံတို့သည် တရုတ်-အိန္ဒိယနယ်ခြားအရေးနှင့်ပတ်သက်၍ လွန်ခဲ့သည့်နှစ်မှစ၍ နှစ်ဖက်ထိပ်တိုက်တွေ့ကြရခြင်းကို အဖြေရှာရန် ၂၂-ကြိမ်မြောက် တိုင်ပင်ညှိနှိုင်းခြင်းဆိုင်ရာ အလုပ်ယန္တယားဆွေးနွေးပွဲကို ဇွန်လ ၂၅-ရက်နေ့တွင်ကျင်းခဲ့ကြသည်။

…   
လက်ဒက်ဒေသအရှေ့ပိုင်း LAC တလျှောက် ကျန်ရှိနေသေးသော ပြဿနာများကို ၂၀၂၀-ပြည့်နှစ် နှစ်ဖက်နိုင်ငံခြားရေးဝန်ကြီးများ၏ သဘောတူညီချက်အမြင်သဘောထားအတိုင်း စောစောစီးစီး ဖြေရှင်းရန် လိုအပ်ကြောင်း အစည်းအဝေးအပြီး သတင်းထုတ်ပြန်ခဲ့သည်။

…   
နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှုရရှိစေရန်အတွက် ငြိမ်းချမ်းတည်ငြိမ်မှုကို တည်ဆောက်ရာတွင် နှစ်ဖက်ပွတ် တိုက်မှုတို့ကို အပြည့်အဝရှောင်ရှားပြီး နှစ်ဦးနှစ်ဖက်လက်ခံနိုင်သော အဖြေရရှိရန် သံတမန်နှင့်စစ်ဖက်ယန္တရားများမှတဆင့် ဆက်သွယ်ရေးတစ်ရပ်ထူထောင်ရေးကို နှစ်နိုင်ငံသဘောတူညီခဲ့ကြကြောင်း အိန္ဒိယနိုင်ငံ ခြားရေးဝန်ကြီးဌာနက ၎င်းနေ့၌ ပြောဆိုခဲ့သည်။

…   
လွန်ခဲ့သည့် ဇွန်လ၌ ဂယ်လွမ်တောင်ကြားဒေသတွင် နှစ်ဖက်စစ်သားအချင်းချင်းတို့အကြား ကြောက်မက်ဖွယ် ပဋိပက္ခများဖြစ်ပွားခဲ့ရာ အိန္ဒိယစစ်သား ၂၀ နှင့် တရုတ်စစ်သား ၄-ဦး သေဆုံးခဲ့သဖြင့် ၁၉၆၂-ခုနှစ် နယ်ခြားစစ်ပွဲ နောက်ပိုင်း နှစ်ဖက် သွေးထွက်သံယိုမှုဖြစ်သည်။ ၎င်းဖြစ်စဉ်အပြီး နယ်ခြားဒေသ၌ နှစ်ဖက်ထိပ်တိုက်တွေ့ကြခြင်းကို အဆုံးသတ်ရန် နှစ်နိုင်ငံ တပ်မှူးအဆင့် ဆွေးနွေးပွဲများကို ၁၁-ကြိမ် ပြုလုပ်ခဲ့ကြပြီးဖြစ်သည်။

…    
ထိပ်တိုက်တွေ့မှု ရှောင်ရှားရေး အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ထိတွေ့ပွတ်တိုက်မှုဖြစ်ပွားရာ မြေပြင်တစ်ခု ဖြစ်သော ပန်ဂေါင်ရှို ရေကန်မြောက်ဖက်ကမ်းပါးရှိ နှစ်ဖက်စလုံးမှ တပ်များကို ဆုတ်ခွာပေးခဲ့ကြရာ တရုတ်တပ်တို့သည်လည်း ဂယ်လွမ်တောင်ကြားရှိ ရှေ့တန်းရောက် တပ်များကို ရုတ်သိမ်းသွားခဲ့ကြောင်း သိရှိရသည်။

…  
သို့သော်လည်း အခြားစခန်း ၃-ခုမှ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်များကို ရုတ်သိမ်းရန် ကျန်ရှိနေခြင်းမှာ  လက်ရှိအငြင်းပွားရာတွင် အချေအတင် ပြောဆိုရန် အကြောင်းအရာ ဖြစ်လျှက်ရှိသည်။

(( ယခုအခင်းဖြစ်ပွားရာဒေသမှာ အိန္ဒိယနိုင်ငံအတွင် အရှေ့မြောက်ဖက် ပိုင်ဆိုင်မှုအငြင်းပွားရာ ကက်ရှ်မီးယားဒေသ အိန္ဒိယထိန်းချုပ်ထားရာနယ်မြေ၏ အရှေ့ဖက် မိုးထိရေခဲတောင်တန်းများ၌ တည်ရှိပါသည်။ ကက်ရှ်မီးယား၏ မြောက်ပိုင်းနယ်မြေများကို ပါကစ္စတန်က ထိန်းချုပ်ထားပြီး ၎င်း၏ အရှေ့ပိုင်းနယ်မြေများကို တရုတ်ထံပေးအပ်ထားသည်ဟု အိန္ဒိယက စွပ်စွဲလျှက်ရှိသည်။

…  
ထို့ပြင် ဂျမူးနှင့် ကက်ရှ်မီးယားရောက် အိန္ဒိယတပ်များအတွက် အနောက်ဖက်၌လည်း မြို့တော် အစ္စလာမ်မာဘတ်နှင့် များစွာမဝေးလှသော ပါကစ္စတန်နယ်မြေဖြစ်သည်။ လွန်ခဲ့သောရက်များ၌  အိန္ဒိယတပ်များအား ဒရုန်းဖြင့် တိုက်ခိုက်ခြင်း ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် အရှေ့-အနောက် မျက်နှာစာနှစ်ခုရှိသော စစ်ပွဲဟု အိန္ဒိယကာကွယ်ရေးဦးစီးချုပ်က ရည်ညွှန်းခြင်းဖြစ်သည်။    ။သတင်းဘာသာပြန်သူ))


#အိန္ဒိယနှင့်တရုတ်တို့နယ်ခြားဒေသ၌စစ်အင်အားဖြည့်တင်း #ဂျမူးနှင့်ကက်ရှ်မီးယား #ဂယ်လွန်တောင်ကြား #လက်ဒက်ဒေသ

(((Sputnik., 28.06.2021,” India ‘Redirects’ 50,000 Troops to Chinese Border, Inaugurates New Infrastructure Projects in Ladakh.” By: Dhairya Maheshwari ကို #HtayOung, #OungMarine ဆီ လျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://sputniknews.com/india/202106281083256057-india-redirects-50000-troops-to-chinese-border-inaugurates-new-infrastructure-projects-in-ladakh/ 

Leave a Reply

Your email address will not be published.