အိန္ဒိယက တိုက်ခိုက်ရေး ရေငုပ်သင်္ဘောကို မြန်မာသို့ လွှဲပြောင်း ပေးမည်။ မြန်မာတည်ဆောက်လိုသည့် စစ်ရေယာဉ်စုအတွက် လေ့ကျင့်သင်ကြားရန် ပထမဆုံးဖြစ်၊ ဘင်္ဂလားဒေ့ရှ်-မြန်မာစစ်ရေးတင်းမာနေချိန်နှင့် တရုတ်-အိန္ဒိယ နယ်စပ်အရေး မပြေမလည်ဖြစ်သည့်ကာလတို့နှင့်တိုက်ဆိုင်


  


အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဋ္ဌာနသည် ကီလိုအတန်းအစား တိုက်ခိုက်ရေး ရေငုပ်သင်္ဘော “ အိုင်အင်အက်စ် ဆင်ဒူဗာ “ ကို မြန်မာ့ရေတပ်မတော်သို့ လွှဲပြောင်းပေးအပ်ရန် စီစဉ်လျှက်ရှိကြောင်း အိန္ဒိယနေ့စဉ်သတင်းစာ The Hindu က ရေးသားသည်ဟု ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune က ယနေ့ ဖော်ပြသည်။

  
ကြာသပတေးနေ့၌ ပြုလုပ်သော အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၏ တရားဝင်ပြောရေးဆိုခွင့်ရှိသူ အန်နူရက်ဆရီဗတ်စတာဗာက ပြောဆိုရာ၌ အဆိုပါရေငုပ်သင်္ဘောသည် မြန်မာနိုင်ငံအတွက် ပထမဆုံးဖြစ်ပြီး ဒေသတွင်းရေကြောင်းမိတ်ဖက်နိုင်ငံအားလုံးတို့နှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံ၏ လုံခြုံရေး-အင်အားခိုင်မာရေး SAGAR မျှော်မှန်းချက်နှင့် ကိုက်ညီကြောင်း၊ အိမ်နီးချင်းနိုင်ငံအားလုံးတို့တွင် စွမ်းဆောင်ရည်တည်ဆောက်ကြရန်နှင့် မိမိကိုယ်ကို အားကိုးကြရန် အိန္ဒိယ၏ ဆန္ဒနှင့်လည်း ညီညွတ်ကြောင်း သတင်းထောက်၏ မေးခွန်းကို ပြန်လည်ဖြေကြားသည်။ 

  
ယခုကြေညာချက်မှာ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဟာ့ရှ်ရှရင်လာနှင့် အိန္ဒိယတပ်မတော်ကြည်း ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အမ်အမ်နာရာဘာနီတို့ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် ဆွေးနွေးပြီးနောက် ရက်အနည်းငယ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်ဆို၏။ 

  
အဆိုပါရေငုပ်သင်္ဘောသည် မြန်မာနိုင်ငံက တည်ဆောက်လိုသော ရေတပ်မတော်စစ်ရေယာဉ်စုအတွက် ပထမဆုံးဖြစ်ပြီး ရေတပ်မတော်သားတို့အား လေ့ကျင့်သင်ကြားရန်နှင့် (ခေတ်မီစစ်ယန္တယားများနှင့် ) ယဉ်ပါးစေရန် ကနဦး ရည်ရွယ်ကြောင်း သိရှိရသည်။ 


၁၉၈၀ ပြည့်နှစ်များတွင် ဆိုဗီယက်ရုရှားထံမှ ဝယ်ယူခဲ့သော ရေငုပ်သင်္ဘောသည် ( မြန်မာနိုင်ငံသို့ လွှဲပြောင်း ခြင်းမပြုမီ ) “ Vizag “ ဗီဇက် “ ဟု လူသိများသော “ ဝိသာခါပတ္တနမ်မြို့ “ ရှိ “ ဟိန္ဒူစတန်သင်္ဘောကျင်းလုပ်ငန်း လိမိတက် “ ( HSL ) တွင် ခေတ်နှင့်အညီ ပြင်ဆင်မွန်းမံခဲ့သည်။ အိန္ဒိယသည် လွန်ခဲ့သောနှစ်ကလည်း ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် အစိတ်အပိုင်းအဖြစ် မြန်မာနိုင်ငံအား “ရှိုင်ရီးနား “ အဆင်မြင့် အပေါ့စား တိုပီဒိုများ ထောက်ပံ့ခဲ့ပြီးဖြစ်သည်။

  
အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်နေ့များတွင် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်နှင့် အိန္ဒိယတပ်မတော်ကြည်း ဦးစီးချုပ်တို့ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်းသည် ဒုက္ခသည်ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ စစ်တကောင်းနယ်စပ်အနီး မြန်မာ- ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား စစ်ရေးတင်းမာခိုက် အရေးကြီးအချိန်နှင့် တိုက်ဆိုင်လျှက်ရှိသည်။ 


ထို့ပြင် နိုင်ငံ့အရှေ့ဖျား လာဒက်ခ်ဒေသရှိ အမှန်တကယ်ထိန်းချုပ်ရေးမျဉ်းတစ်လျှောက် တရုတ်နှင့် စစ်ရေးတင်းမာမှုအရှိန်ကြောင့် အိန္ဒိယ၏ မြန်မာနှင့်စစ်ရေးထိတွေ့ဆက်ဆံမှုမှာ အရေးပါကြောင်း Dhaka Tribune က ဆက်လက်ရေးသားသည်။

  
၎င်းသတင်းကို အိန္ဒိယနိုင်ငံ Time Now News နှင့် အခြားနိုင်ငံတကာမီဒီယာအချို့ကလည်းဖော်ပြကြပါသည်။ 


ယမန်နေ့ မြန်မာနိုင်ငံတပ်မတော် သတင်းမှန် ပြန်ကြားရေး၏ သတင်းတစ်ပုဒ်တွင် တပ်မတော် ( ရေ ) မှ တိုက်ခိုက်ရေးရေငုပ်သင်္ဘော “ စစ်ရေယာဉ် မင်းရဲသိင်္ခသူ “ ပါဝင်သည့် စစ်ရေယာဉ် ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း ( Fleet Exercise – 2020 ) ကျင်းပကြောင်း သတင်းတွေ့ရှိရပါသည်။ 


စစ်ရေးလေ့ကျင့်မှုအခန်းအနားတွင် တပ်မတော်ကာကွယ်ရေဦးစီးချုပ်က မိန့်ခွန်းပြောကြားရာ၌ ခေတ်မီသည့် ရေတပ်ဖွဲ့ဖြစ်စေရေးအတွက် တပ်မတော်( ရေ ) တွင် ရေငုပ်သင်္ဘောပိုင်ဆိုင်ရန် ဆယ်စုနှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရကြောင်း ပါရှိသည်။ 


ထို့ကြောင့် လက်လှမ်းမီသမျှ ရှာဖွေရာတွင် သြစတေးလျနိုင်ငံ လွတ်လပ်စွာ တွေးခေါ်သုံးသပ်သူများ၏ Lowy Institute မှ အင်ဒရူးဆဲ့လ် ရေး Is Burma really buying submarines? “ မြန်မာက ရေငုပ်သင်္ဘောဝယ်ယူမည်ဆိုခြင်းမှာ အမှန်တကယ်ဖြစ်ပါသလား “ ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို တွေ့ရှိရသည်။

  
အဆိုပါဆောင်းပါးတွင် မြန်မာက ရေငုပ်သင်္ဘောပိုင်ဆိုင်ခြင်းဖြင့် ရေတပ် စွမ်းရည်တိုးတက်စေရန်  အားထုတ်လျှက်ရှိကြောင်း သတင်းများပေါ်ထွက်နေသည်မှာ ၆-လခန့်ရှိပြီဟု ရေးသားထားပြီး ဆောင်းပါးဖော်ပြသည့် ရက်စွဲမှာ ဇန်နဝါရီ ၂၉၊ ၂၀၁၄-ခုနှစ်ဖြစ်သည်။ ထို့ကြောင့် မြန်မာက ရေငုပ်သင်္ဘောရရှိရေး ကြိုးစားလျှက်ရှိသည်မှာ ၂၀၁၃-ခုနှစ် ဇူလိုင်လကတည်းက ထင်ရှားပေါ်လွင်နေပြီဖြစ်သည်။ 


ရေငုပ်သင်္ဘောရရှိခြင်းသည် မြန်မာနှင့် ဒေသတွင်းသာမက နိုင်ငံတကာအသိုင်းအဝိုင်း၌လည်း အကျိုးသက်ရောက်မှု ရှိနိုင်သည်ဟု အင်ဒရူးဆဲ့လ်က ထင်မှတ်ပါသည်။ မြန်မာသည် ၂၀၀၃-ခုနှစ် တပ်မတော်အစိုးရ လက်ထက်ကတည်းက မြောက်ကိုရီးယားထံမှ တန်ချိန် ၁၀၀ Yugo နှင့် တန်ချိန် ၃၀၀ Sang-O အတန်းအစား ရေငုပ်သင်္ဘောငယ် တစ်စီး သို့မဟုတ် နှစ်စီးဝယ်ယူရန် ဆွေးနွေးလျှက်ရှိကြောင်း သတင်းများ ထွက်ပေါ်ဖူးသည်။ ပုံစံနှစ်မျိုးလုံးတွင် ကန့်သတ်ချက်များရှိသော်လည်း ရေပိုင်နက်အား ထိန်းသိမ်းကြပ်မတ်ရန်နှင့် ကျူးကျော်မှု့အား တားဆီးရန် မြန်မာအနေဖြင့် စိတ်အားထက်သန်လျှက်ရှိကြောင်းတွေ့မြင်ရသည်။ သို့သော် အခက်အခဲများကြောင့် အစီအစဉ်အား လက်လျှော့ခဲ့ရသည်ဟု Jane’s Defence Weekly (JDW) တွင် ဖော်ပြပါသည်။

  
ဆယ်စုနှစ်အတွင်း မြန်မာ့ရေတပ်မတော်သည် သင်္ဘောအသစ်များဝယ်ယူခဲ့သည်။ အချို့မှာရေငုပ်သင်္ဘောတိုက်ဖျက်ရေးစနစ်များတပ်ဆင်ထားသော်လည်း ရေပြင်စစ်ဆင်ရေးအပေါ်၌သာ အထူးအလေးထားခဲ့သည်။ ၂၀၁၀-ခုနှစ်တွင် Foxtrot အမျိုးအစားရေငုပ်သင်္ဘောနှင့် ပတ်သက်၍ အိန္ဒိယက သင်တန်းပေးခဲ့ပြီး ရုရှားထံမှ Foxtrot အတန်းအစား ရေငုပ်သင်္ဘော ၂-စီးဝယ်ယူရန် မြန်မာက ချိန်ဆလျှက်ရှိကြောင်းသတင်းများ ထွက်ပေါ်ခဲ့သော်လည်း အတည်ပြုနိုင်ခြင်း မရှိဟု ဆို၏။


၂၀၁၃ ခုနှစ်၊ ဇွန်လတွင် ရုရှားသို့ အလည်အပတ်ခရီးစဉ်၌ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တန်ချိန် ၃၀၀၀ ရှိ ကီလို-အတန်းအစား ဒီဇယ်ရေငုပ်သင်္ဘော ၂-စင်း ဝယ်ယူရန် ဆွေးနွေးမှုများပြု လုပ်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသည် စိန့်ပီတာစဘတ်မြို့တော် ရေတပ်သင်္ဘောကျင်းသို့ လျှို့ဝှက်စွာ သွားရောက်လည်ပတ်ခဲ့ကြောင်း၊ မြန်မာအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ရေငုပ်သင်္ဘောအုပ်စုကို တည်ဆောက်ရန် မျှော်လင့်လျှက်ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

  
ထို့ပြင် မြန်မာသည် ပါကစ္စတန်ရေတပ်မတော်တွင် အသုံးပြူခဲ့ပြီး ရုရှား ကီလို-အတန်းအစား Agosta-70 ရေငုပ်သင်္ဘောများအား ဝယ်ယူရန်ဆုံးဖြတ်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလတွင် မြန်မာရေတပ်မတော် အရာရှိနှင့် အခြားအဆင့် ၂၀ ခန့်တို့က ပါကစ္စတန်တွင် အခြေခံရေငုပ်သင်္ဘောသင်တန်းနှင့်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခြင်းဖြင့် မြန်မာသည် ပင်လယ်ရေအောက် စစ်ရေးစွမ်းရည်ဖွ့ံ့ဖြိုးရေး တည်ဆောက်ရန် အခိုင်အမာဆုံးဖြတ်ပြီးဖြစ်ကြောင်း ထင်ရှားသည်ဟု JDW က ရေးသားသည်။ 


အရှေ့တောင်အာရှ ရေတပ်အတော်များများသည် သမားရိုးကျရေငုပ် သင်္ဘောများဝယ်ယူရန် ချိန်ဆ သို့မဟုတ် ဝယ်ယူလျှက်ရှိသည်။ မကြာသေးမီက မြန်မာနိုင်ငံနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ အငြင်းပွားမှုဖြစ်ပွားခဲ့သော ဘင်္ဂလားဒေ့ရ်ှသည် တရုတ်မှ ရေငုပ်သင်္ဘော ၂-စင်း ဝယ်ယူမည်ဖြစ်သည်။ “ ရေအောက်စစ်ယန္တယားပြိုင်ပွဲ” အကြောင်းပြောဆိုရန် အချိန်မတန်သေးသော်လည်း မဟာဗျူဟာမြောက် ပြောင်းလဲမှုဖြစ်စဉ်များက မြန်မာ၏ အာရုံကိုဆွဲဆောင်နိုင်ခဲ့သည်မှာ သေချာသည်။ 

  
မဟာဗျူဟာ လေ့လာသုံးသပ်သူများက မြန်မာနိုင်ငံနှင့်ပတ်သက်သည့်သတင်းများကို အကဲဖြတ်ရန် ခက်ခဲလေ့ရှိသည်။ ဥပမာအားဖြင့် တစ်ချိန်က တရုတ်သည် မြန်မာနိုင်ငံတွင် စစ်အခြေစိုက်စခန်းကြီးတည်ဆောက်လိမ့်မည်ဟူသော သတင်းသည် မမှန်ကန်ကြောင်း နောက်ပိုင်းဖြစ်စဉ်များက သက်သေပြခဲ့သည်။ အလားတူစွာပင် မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် နျူကလီးယားလက်နက်ပိုင်ဆိုင်ရန် လမ်းကြောင်းပေါ်ရောက်နေပြီဖြစ်ကြောင်း ကျယ်ကျယ်လောင်လောင် ကြားရသည်။ ၎င်းသည် လက်တွေ့ကျသည့် အလားအလာမရှိခဲ့ပါ။ နေပြည်တော်သည်ပဲ့ထိန်းဒုံးကျည်များဝယ်ယူရန်ကြိုးပမ်းနေသည်ဟူသောကောလာဟလများသည်အစတည်းက သံသယရှိစေခဲ့သည်။ 


ဤအချက်များအားလုံးကို မှတ်သားမိပါလျှင် ရေငုပ်သင်္ဘောလျှို့ဝှက် ရောင်းချမှု သတင်းများကို ဂရုတစိုက် ကိုင်တွယ်ရန်လိုအပ်သည်။ သိပ်သည်းလှသော မြန်မာ့တပ်မတော်သည် လေ့လာသူများကို အမြဲတမ်းအံ့အားသင့်စေခဲ့သည်။ ရေအောက်စစ်ဆင်ရေးအစီအစဉ်အတွက် အတည်ဖြစ်ကြောင်း သက်သေအထောက်အထားများရရှိခြင်း သို့မဟုတ် ရေငုပ်သင်္ဘောဝယ်ယူကြောင်း သတင်းမှာ တရားဝင်ရင်းမြစ် ဖြစ်ခြင်း-မဖြစ်တို့ကို ထည့်သွင်းဆုံး ဖြတ်ရန်သာရှိကြောင်း အင်ဒရူးဆဲ့လ်က ရေးသားသည်။ 

#အိန္ဒိယကမြန်မာအာတိုက်ခိုက်ရေးရေငုပ်သင်္ဘောလွှဲပြောင်းပေးမည်


((( Dhaka Tribune., October 16th, 2020,” India to deliver attack submarine to Myanmar.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။))) 

  
https://www.dhakatribune.com/world/south-asia/2020/10/16/india-to-deliver-attack-submarine-to-myanmar 
https://www.thehindu.com/news/national/india-to-handover-kilo-class-attack-submarine-to-myanmar/article32866535.ece 
https://timesofindia.indiatimes.com/india/india-to-deliver-kilo-class-submarine-to-myanmar/articleshow/78685609.cms 
https://www.facebook.com/messages/t/100009342389884/ 
https://www.lowyinstitute.org/the-interpreter/burma-really-buying-submarines?fbclid=IwAR2s7MWHuJnKm2CdTrOkrh3vydA_v1xBGmC4F1RvnsEA6FvJKwUjeN8R18s 

1+

Leave a Reply

Your email address will not be published.