အိန္ဒိယက ဗြိတိန်ကာကွယ်ဆေးများကို ၄ ဒေါ်လာနှုန်းဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ရောင်းမည်။ ဘင်္ဂလားဒေ့ရှ်သို့ ဇန်နဝါရီလကုန်ပိုင်းရောက်ရှိ၍ ရှေ့လစောစောပိုင်းတွင် စတင်ထိုးနှံရန်မျှော်လင့်၊ အမှန်တကယ်ဝယ်ယူရမည့်ဈေးနှုန်းမှာ ခန့်မှန်းသည်ထက် ၂-ဆကျော်ဟုလည်းဆို


ကမ္ဘာ့ အဋ္ဌမမြောက် လူဦးရေအများဆုံးဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဗြိတိသျှဆေးဝါးထုတ်လုပ်ရေး AstraZeneca #အက်စ်ထရာဇန်နစ်ကာ နှင့် အောက်စဖို့ဒ်တက္ကသိုလ်တို့က တီထွင်သော ကာကွယ်ဆေးကို ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများလက်လှမ်းမီနိုင်သည့် ဈေးနှုန်းဖြင့် ရရှိနိုင်မည့်နည်းလမ်းအား ရှာဖွေလျှက်ရှိရာ ယခုစတင်တွေ့ရှိပြီဖြစ်ကြောင်း Reuters ၏ သတင်းကို ဒါကာအခြေစိုက် The Daily Star က ယနေ့ထပ်မံ ဖော်ပြသည်။ 

..
ကာကွယ်ဆေးများကို အလုံးအရင်းဖြင့် ထုတ်လုပ်ရာတွင် ကမ္ဘာ့အကြီးဆုံးဖြစ်သည့် အိန္ဒိယ Serum #ဆီရမ်အင်စတီကျု့ဒ် နှင့် လူဦးရေ သန်း ၁၆၀ ကျော်နေထိုင်ရာ ဘင်္ဂလားဒေ့ရ်ှတို့အကြား ဆီရမ်ထံမှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ကြိမ်ရေပမာဏ သန်း ၃၀ ဝယ် ယူရန် ကနဦးသဘောတူညီချက်ကို လွန်ခဲ့သည့် နိုဝင်ဘာလ၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။ 

..
ဆီရမ်အင်စတီကျု့ဒ်၏ COVISHIELD #ကိုဗီရှီးလ် ကုန်ပစ္စည်းအမည်ပါ Covid-19 ရောဂါကာကွယ်ဆေးများအနက် ပထမအသုတ်မှာ ဇန်နဝါရီ ၂၅-ရက်နေ့တွင် ရောက်ရှိလာနိုင်ကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းကို ရှေ့လစောစောပိုင်းတွင် စတင်နိုင်ရန် မျှော်မှန်းထားကြောင်း ဘင်္ဂလားဒေ့ရ်ှအစိုးရအရာရှိတစ်ဦးက တနင်္လာနေ့တွင် ရှင်းပြသည်။ 

..
အခြား သတင်းရင်းမြစ်တစ်ခုကမူ ဘင်္ဂလားဒေ့ရ်ှအနေဖြင့် ကာကွယ်ဆေးအတွက် ပေးရသည့် ဈေးနှုန်းမှာ ပျမ်းမျှ ၃-ဒေါ်လာအထိ ကျသင့်လိမ့်မည်ဟုဆိုသော်လည်း အသေးစိတ် ပြောဆိုခြင်းမရှိချေ။ ဆေးဝါးအမည်ကို ဘင်္ဂလားဒေ့ရ်ှအစိုးရက တရားဝင်ကြေညာခြင်းမတိုင်မီ ထုတ်ဖော်ပြောဆိုရန် သတင်းရင်းမြစ်အားလုံးတို့က ငြင်းဆန်သည်။ 

..
ဘင်္ဂလားဒေ့ရ်ှကျန်းမာရေးဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးဋ္ဌာနအတွင်းဝန်တို့ထံ တစ်နေ့လုံး ဖုန်းခေါ်ဆိုခဲ့သော်လည်း ပြန်လည်အဖြေပေးခြင်း မရှိပါ။ 

..
အိန္ဒိယတွင် ကာကွယ်ဆေးကြိမ်ရေပမာဏ သန်း ၅၀ ကို သိုလှောင်ထားသည့် ဆီရမ်အင်စတီကျု့ဒ်က နာရင်ဒြာမိုဒီအစိုးရနှင့် ထိုးဆေး ၁၁-သန်းရောင်းချရန် ကနဦးသဘောတူစာချုပ် ချုပ်ဆိုစဉ် ဈေးနှုန်းမှာ ၁-ကြိမ်ရေ ပမာဏအတွက် ရူပီး ၂၀၀ ( အမေရိကန်ဒေါ်လာ ၂.၇၂ ) ဖြစ်ကြောင်း သိရှိရသည်။ 

..  
ဒါကာအခြေစိုက် Reuters သတင်းထောက်က ဖော်ပြရာတွင် အိန္ဒိယ ဆီရမ်အင်စတီကျုဒ်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး AstraZeneca ကို ( ထိုးဆေးတစ်လုံးလျှင် ) ၄ ဒေါ်လာနှုန်းဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ရောင်းချ ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ် ၃-ဦးတို့အရ သိရှိရကြောင်း၊ အိန္ဒိယတွင် ပေးရသည်ထက် ၄၇ ရာခိုင်နှုန်း ဈေးများကြောင်း ဖော်ပြသည်။  

..
လူဦးရေ ၁.၃၅ ဘီလီယံရှိသော အိန္ဒိယနိုင်ငံအတွက် ကာကွယ်ဆေးဝယ်လိုအားအလွန်များပြားသောကြောင့် ပြည်တွင်းကာကွယ်ဆေးဈေးနှုန်းမှာ နိမ့်ကျနေသည်။ အိန္ဒိယအစိုးရက COVISHIELD ကို အရေးပေါ်အသုံး ပြုရန် အသိအမှတ်ပြုထားပြီးဖြစ်သည်။ 

..
ဆီရမ်အနေဖြင့် ဝင်ငွေနည်းပါးသောနိုင်ငံများအတွက် ကာကွယ်ဆေး ၁-ဘီလီယံကျော်ကို ထုတ်လုပ်ရန် အက်စ်ထရာဇန်နစ်ကာ၊ ( မိုက္ကရိုဆော့ဖ်သူဋ္ဌေး ဘီလ်ဂိတ်၏ ) #ဂိတ်ဖောင်ဒေးရှင်း အပြင်( နွမ်းပါးနိုင်ငံများ ကာကွယ်ဆေးဖြန့်ဝေရေး ) #ဂါဗီကာကွယ်ဆေးမဟာမိတ်အဖွဲ့တို့နှင့် ပူးပေါင်းခဲ့သည်။ ဘရာဇီးနိုင်ငံသည် ဆီရမ်ထံမှ ကာကွယ်ဆေး ကြိမ်ရေပမာဏ ၂-သန်းခန့် အနည်းဆုံး ရရှိရန် မျှော်လင့်လျှက်ရှိသည်။ 

..  
Al Jazeera ကမူ ဘင်္ဂလားဒေ့ရှ် Beximco ဆေးဝါးလုပ်ငန်း၏ AstraZeneca ကာကွယ်ဆေး ( ၁-လုံးလျှင် ) ပုဂ္ဂလိကလက်လီရောင်းချမည့် ဈေးနှုန်းမှာ တာကာငွေ ၁၁၂၅ ( အမေရိကန်ဒေါ်လာ ၁၃.၂၇ ) အထိဖြစ်နိုင်ကြောင်း၊ အိန္ဒိယ ဆီရမ်အင်စတီကျု့ဒ်မှ ဆေးကြိမ်ရေပမာဏ ၃-သန်းကို တစ်ကြိမ်ပမာဏအတွက် အမေရိကန် ၈-ဒေါ်လာခန့်ဖြင့် ဝယ်ယူ၍ ပြန်လည်ရောင်းချရန် စီစဉ်ထားကြောင်း အဆိုပါ ဆေးဝါးလုပ်ငန်း၏ အမှုဆောင်အရာရှိက ပြောဆိုကြောင်း ယနေ့ဖော်ပြသည်။

.. 

 
ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ယခုပထမနှစ်ဝက်အတွင်း ဈေးနှုန်းသက်သာစွာ အစုလိုက်အပြုံလိုက် ကာကွယ်ဆေး ထိုးနှံမည့် အစီအစဉ်အရ တစ်လလျှင် ကာကွယ်ဆေးကြိမ်ရေပမာဏ ၅-သန်း ထောက်ပံ့ရန် သဘောတူခဲ့စဉ် ဈေးနှုန်း ၄-ဒေါ်လာထက် နှစ်ဆခန့်ဖြစ်နေကြောင်း သတင်းရ ဆက်လက်ဖော်ပြသည်။ 

..
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားလျှက်ရှိသော ဘင်္ဂလားဒေ့ရှ်တွင် Covid-19 ရောဂါကူးစက်ခံရသူပေါင်း ၅၂၃,၃၀၂- ဦးတွေ့ရှိခဲ့ပြီး လူပေါင်း ၇,၈၀၃-ဦး အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ 
.. 
(( ယခုသတင်းပါ ကိုရိုနာဗိုင်းရပ်ရောဂါကာကွယ်ဆေးမှာ ဗြိတိသျှဆေးဝါးထုတ်လုပ်ရေးနှင့် အောက်စဖို့ဒ်တက္ကသိုလ်တို့၏ AstraZeneca ဖြစ်ပြီး ဆီရမ်အင်စတီကျု့ဒ်က ရောင်းကုန်ပစ္စည်းအမည် ကိုဗီရှီးလ် Covishield ဟု ပေးထားခြင်းဖြစ်ကြောင်း၊ အိန္ဒိယမီဒီယာများကလည်း Reuters အား ကိုးကားရေးသားသည်။ 

..

ယခုသတင်းအတိုင်း အမှန်ဖြစ်လျှင် ကာကွယ်ဆေးဝယ်ယူရန် စာချုပ်ချုပ်စဉ် ဈေးနှုန်းသတ်မှတ်ခြင်းမရှိ၊ အိန္ဒိယ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် ခန့်မှန်းသည်ထက် စော၍ ဈေးကွက်တင်နိုင်ခြင်းဖြစ်ပြီး ပြည်ပနိုင်ငံများအတွက်မူ ကနဦးခန့်မှန်းသည်ထက် ဈေးပိုမို များပြားနေမည်ဟု နားလည်မိပါသည်။     

..

ဘာဘူနှင့် မာမူ တွေ့ကြရာ ဈေးနှုန်းမှန် ဟုတ်-မဟုတ် ၊ ဘယ်သူက ဘယ်သူ့ကို ဘယ်နေရာတွင် ကုန်းဆင်းသလဲ မပြောတတ်တော့ပါ။        ။ သတင်းဘာသာပြန်သူ )) 
.. 

((( The Daily Star., January 13, 2021, “ India’s Serum to sell Covid-19 vaccine to Bangladesh at $4/dose: Report” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 
… 
https://www.thedailystar.net/online/news/indias-serum-sell-covid-19-vaccine-bangladesh-4dose-report-2027013 
https://www.reuters.com/article/health-coronavirus-bangladesh-india/exclusive-indias-serum-to-sell-astrazeneca-vaccine-to-bangladesh-at-4-dose-sources-idUSL4N2JM310 
https://www.aljazeera.com/economy/2021/1/12/bangladeshs-beximco-could-sell-astrazeneca-vaccine-by-next-month 
https://www.livemint.com/science/health/indias-serum-to-sell-astrazeneca-vaccine-to-bangladesh-at-4-dose-report-11610385153944.html 
https://www.thehindu.com/news/international/serum-institute-of-india-to-sell-astrazeneca-vaccine-to-bangladesh-at-4dose/article33556173.ece 

0

Leave a Reply

Your email address will not be published.