အိန္ဒိယတပ်မတော်အတွင်း Facebook နှင့် WhatsApp အသုံးပြုခြင်းမှ တားမြစ်မိန့်ထုတ်ပြန်။ WhatsApp အသုံးပြုသူ ၁,၄၀၀ ကျော်တို့တွင် အစ္စရေးဆိုင်ဘာထောက်လှမ်းရေးနှင့်နည်းပညာအုပ်စုက Spyware များဝင်ရောက်တည်ဆောက်ဟု ဆို

( နိုဝင်ဘာ – ၁၅၊ ၂၀၁၉ ) အိန္ဒိယတပ်မတော်အတွင်း Facebook နှင့် WhatsApp အသုံးပြုခြင်းမှ တားမြစ်မိန့်ထုတ်ပြန်။ WhatsApp အသုံးပြုသူ ၁,၄၀၀ ကျော်တို့တွင် အစ္စရေးဆိုင်ဘာထောက်လှမ်းရေးနှင့်နည်းပညာအုပ်စုက Spyware များဝင်ရောက်တည်ဆောက်ဟု ဆို

=========================

အမေရိကန်အခြေစိုက် Facebook နှင့် WhatsApp လူမှု့ကွန်ယက်ပလက်ဖောင်းများအသုံးပြုမှုသည် Hack ခံရမှု့ အန္တရာယ်ကြီးမားခြင်းနှင့် မလိုလားအပ်သော ထောက်လှမ်းရေးသတင်းစုဆောင်းခံရနိုင်ခြင်းတို့ကြောင့် အသုံးမပြုကြရန် အိန္ဒိယတပ်မတော်အတွင်း အမိန့်ထုတ်ပြန်လိုက်သည်ဟု Russia Today က ယနေ့ရေးသားသည်။

လွန်ခဲ့သည့် လ၌ အိန္ဒိယတပ်မတော်အတွင်း အရာရှိနှင့် အခြားအဆင့်အသီးသီးတို့၏ အင်တာနက်အသုံးပြု မှု့အလေ့အထအပေါ် လေ့လာသုံးသပ်ချက်ပြုလုပ်ပြီးနောက် ယခုကဲ့သို့ အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါအမိန့်၌ တပ်မတော်သုံး မည်သည့်ဆက်သွယ်ရေးဆိုင်ရာ ကိရိယာ၌မဆို WhatApp တင်ခြင်းမပြုလုပ်ရန် တင်းကြပ်စွာ အမိန့်ထုတ်ပြန်လိုက်ပြီး၊ တပ်မတော်သားတို့၏ Facebook အကောင့်များ ဖျက်သိမ်းရန် ညွှန်ကြားထားသည်။

အိန္ဒိယတပ်မတော်သားတို့သည် ယူနီဖောင်းဝတ်ဆင်လျှက် ဓါတ်ပုံကို အလွန်အရေးပါသည့် စစ်ဖက်စခန်းများရှိရာ တည်နေရာနှင့်တွဲလျှက် လူမှု့ကွန်ယက်၌ လွှင့်တင်လေ့ရှိရာ ပြည်ပထောက်လှမ်းရေးတို့အတွက် Facebook မှာ ရတနာသိုက်ကြီးပမာ အကြိုက်တွေ့လျှက်ရှိသည်ဆို၏။

Facebook ပိုင် WhatsApp သည် end-to-end encryption ပုံဖော်မှုစံနစ်အသုံးပြုသည်ဆိုသော်ငြားလည်း ကွန်ပျူတာသို့မဟုတ် မိုဘိုင်းကိရိယာချင်း အပို့အယူလုပ်ချိန်တွင် ထိုးဖောက်ခံရနိုင်ခြေ အများဆုံးဖြစ်ကြောင်း စစ်ဖက်အကြံပေးတို့က ထောက်ပြကြသည်ဟု သိရှိရသည်။

ထို့ပြင် တပ်မတော်သားတို့အနေနှင့် “ ဘိုးတော် ” “ ဘာဘာ “ တို့နှင့် ဖုန်းပြောခြင်း၊ “ ခေးမလေးများနှင့် အီစီကလီလုပ်ခြင်း” တို့မှလည်း တဖက်အင်အားတို့က ထောက်လှမ်းရေးသတင်းရရှိသွားနိုင်ကြောင်း သတိပေးထားသည်။ လူမှု့ကွန်ယက်၌ ဖွင့်လှစ်ထားသော အကောင့် အနည်းဆုံး ၁၅၀ တို့မှာ အိန္ဒိယတပ်မတော်သားများထံမှ အွန်လိုင်းအသုံးပြု၍ သတင်းနှိုက်ယူရန် တမင်ရည်ရွယ်ဖန်တီးထားသည့် အတုများဖြစ်ကြောင်း စစ်ဖက်အာဏာပိုင်တို့က စစ်ဆေးအတည်ပြုနိုင်ခဲ့သည်။

အိန္ဒိယအစိုးရနှင့် စစ်ဖက်ထောက်လှမ်းရေးအေးဂျင့်များ၊ သတင်းထောက်များ၊ ဥပဒေပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများအပါအဝင် နိုင်ငံတကာမှ WhatsApp အသုံးပြုသူ ၁,၄၀၀ ကျော်တို့တွင် ဆိုင်ဘာထိုးဖောက်ခံရပြီး Pegasus အမည်ရှိ spyware များ ဝင်ရောက်တည်ဆောက်ခံခဲ့ရသည်။ ထိုဖြစ်စဉ်တွင် အစ္စရေးဆိုင်ဘာထောက်လှမ်းရေးနှင့်နည်းပညာလုပ်ငန်းစု NSO Group က ဆိုင်ဘာထိုးဖောက်မှု့ပြုလုပ်ကြောင်း WhatsApp က တရားစွဲဆိုခြင်းမှာ ၎င်းကိုယ်တိုင်၏ အားနည်းချက်ကို ဖော်ပြသကဲ့သို့ ရှိနေသည်။

အိုင်တီနည်းပညာကဏ္ဍတွင် အိန္ဒိယကိုယ်တိုင် လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လျှက်ရှိပြီး ကမ္ဘာအနှံ့တွင်လည်း အမေရိကန်နည်းပညာလုပ်ငန်းစုများနှင့် အပြိုင်ဗိုလ်လုသည့် အဆင့်၌ တည်ရှိနေသည်။ သို့သော် အိန္ဒိယပြည်တွင်း၌ Facebook နှင့် WhatsApp မှာ လူကြိုက်များနေဆဲဖြစ်သည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလ ဝက်သက်၊ ဂျိုက်သိုးရောဂါနှင့်ပတ်သက်၍ ကောလဟလသတင်းမှားတစ်ပုဒ်မှာ အိန္ဒိယ WhatsApp အသုံးပြုသူများအကြား ရှယ်သူသောင်းချီလျှက် လျှင်မြန်စွာ ပြန့်နှံံသွားခဲ့သည်။ သတင်းမှား အကျိုးဆက်အဖြစ် ကျောင်းအတွင်း ကျန်းမာရေးဝန်ထမ်းများ ဝင်မလာစေရန် ကျောင်းသားမိဘများက မောင်းထုတ်ခြင်း၊ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်များအား ကန့်ကွက်ခြင်းဖြင့် ကြီးမားစွာ ဂယက်ရိုက်ခတ်ခဲ့သည်။

ကာကွယ်ဆေးထိုးနှံပေးရန် ကျန်ရှိနေသည့် ကလေးငယ် ထောင်သောင်းများစွာတို့အတွက် ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ ယူနီဆက်ဖ်အနေဖြင့် အခက်အခဲရင်ဆိုင်ရတော့သည်။ ထိုသို့ သတင်းမှားပြန့်နှံ့ခြင်းကို ဖြေရှင်းရန် Facebook ကိုယ်စားလှယ်အား အိန္ဒိယပါလီမန်ခုံရုံးက ဆင့်ခေါ်စစ်ဆေးခဲ့သည်။

((( Russia Today., 15 Nov, 2019, “Crucial source of intelligence’: Indian Army urges officers to wipe Facebook accounts & avoid WhatsApp over security gaps.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/473501-indian-army-whatsapp-facebook/

https://www.rt.com/news/472280-indian-journalists-activists-whatsapp-hack/

https://www.wsj.com/articles/whatsapp-users-spread-antivaccine-rumors-in-india-11555153203

https://www.rt.com/news/456653-india-schools-oppose-vaccination-whatsapp/

#အိန္ဒိယတပ်မတော်Faceboo,WhatsApp #အစ္စရေးဆိုင်ဘာထောက်လှမ်းရေးနှင့်နည်းပညာအုပ်စု #ယူနီဆက်ဖ်ကာကွယ်ဆေးကောလဟလ

0

Leave a Reply

Your email address will not be published.