အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖျားနာသူ ၂-ဦး ကုသပျောက်ကင်းပြီ။ တရုတ်ပြန်သည် ကျန်းမာရေးစစ်ဆေးခံရန် ရှောင်တိမ်းနေလျှင် ရာဇဝတ်မှုကျုးလွန်ခြင်းဖြစ်ဟု ဒေသန္တရကျန်းမာရေး အရေးပေါ်အခြေအနေ မိုဒီအစိုးရကြေညာခဲ့။ တရုတ်ပြည်၏ ဗိုင်းရပ်စ်ကြောင့် ၂၄-နာရီအတွင် သေဆုံး-ကူးစက် ဦးရေ အနည်းငယ်ကျဆင်း

အိန္ဒိယနိုင်ငံတွင် Covid – 19 ခေါ် ယခင်2019 n-CoV ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုခံရသူ ၃-ဦးသာ တွေ့ရှိခဲ့သော်လည်း ကီရာလာပြည်နယ် တစ်ခုလုံးအား #ဒေသန္တရကျန်းမာရေးအရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ အဆိုပါ ဗိုင်းရပ်စ်ကူးစက်ဖျားနာနေသူ ၃- ဦးတွင် ဆေးကုသမှုခံယူပြီးနောက် ၂-ဦးမှာ သွေးစစ်အဖြေ “ နဂ္ဂတစ် “ ရရှိပြီး ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း Russia Today က ယနေ့ရေးသားသည်။

ကျန်ရှိနေသော လူနာမှာ ကန်ဟန်ဂက်ခရိုင် ကာဆာရာဂေါ့ဆေးရုံတွင် ကုသမှုခံယူနေဆဲဖြစ်သည်။ လူနာ ၃-ဦးစလုံးမှာ ဆေးကျောင်းသားများဖြစ်ကြပြီး တရုတ်ပြည်သို့ အလည်အပတ်သွားရောက်ခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုခံရခြင်းဖြစ်သည်။

ကီရာလာပြည်နယ်တွင် တတိယမြောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကြောင်း အတည်ပြုခံရသူကို တွေ့ရှိပြီးနောက် ၊အခြားကူးစက်ပျံံနှံံမှုများအား တားဆီးကာကွယ်ရန် ပြည်နယ်အတွင်း ဒေသန္တရကျန်းမာရေးအရေးပေါ်အခြေအနေ ကျရောက်ကြောင်း ဖေဖော်ဝါရီ ၄-ရက်နေ့၌ ကြေညာခဲ့သည်။ ကျန်းမာရေးစစ်ဆေးမှုခံယူရန် ရှောင်တိမ်းနေသော တရုတ်ပြန်များမှာ ရာဇဝတ်မှု ကျူးလွန်ရာရောက်လိမ့်မည်ဟု ပညာပေးစည်းရုံးခဲ့သည်။ အာဏာပိုင်တို့က ဗိုင်းရပ်စ်တားဆီးကာကွယ်ရေး အပူတပြင်း ဆောင်ရွက်ခဲ့ရာတွင် ဗိုင်းရပ်စ်သံသယရှိသူအဖြစ် စောင့်ကြည့်ခြင်းခံရသူ ၃,၃၀၀ ကျော်ရှိခဲ့သည်။ ၎င်းတို့မှာ ဗိုင်းရပ်စ်ကူးစက်သေဆုံးမှု အစောဆုံးနှင့် အများဆုံးဖြစ်ပွားရာ ဝူဟန်အပါအဝင်၊ တရုတ်ပြည်နယ်များသို့ လွန်ခဲ့သော ရက်ပိုင်းအတွင်း သွားရောက်ခဲ့ဖူးသူများဖြစ်သည်။

ဖေဖော်ဝါရီ ၁-ရက်နေ့မှစတင်၍ အိန္ဒိယအစိုးရက ဝူဟန်ရောက် ၃၂၄-ဦးအပါအဝင် ၎င်းနိုင်ငံသား စုစုပေါင်း ၆၅၇-ဦး ကို Air India လေကြောင်းလိုင်းအကူအညီဖြင့် ကယ်ထုတ်ခဲ့ရသည်။ ၃-ဦးကလွဲ၍ ဖျားနာနေသူ ၆-ဦး အပါအဝင် ကျန်အားလုံး၏ သွေးစစ်အဖြေမှာ ကိုရိုနာဗိုင်းရပ်စ်မရှိ “ နဂ္ဂတစ် “ ထွက်ပေါ်ခဲ့သည်ဆို၏။ သို့သော်လည်း SARS ရောဂါဆင်တူ အပါအဝင် အခြားကူးစက်ဖျားနာသူပေါင်း ၂,၂၀၀ ကျော်ကို ဆက်လက်စောင့် ကြည့်ခဲ့သည်။

WHO က ကိုရိုနာဗိုင်းရပ်ကူးစက်ဖျားနာမှုများကို #Covid 19 ဟု အမည်သစ်ပေးလိုက်ကြောင်း နိုင်ငံတကာမီဒီယာများက ယနေ့ဖော်ပြသည်။ ဤတွင် “co” သည် “Corona” ကိုရိုနာကိုဆိုလို၍ “vi” မှာ “Virus” ဗိုင်းရပ်စ်ကို ဆိုလိုပြီးလျှင် “d” မှာ “Disease” ရောဂါ၊ “19” မှာ “၂၀၁၉-ခုနှစ်”ကို ဆိုလိုကြောင်း သိရှိရသည်။ “၂၀၁၉-ခုနှစ် ဒီဇင်ဘာ ၃၁-ရက်နေ့တွင် ပထမဆုံးတွေ့ရှိရသော ကိုရိုနာဗိုင်းရပ်စ်စွဲကပ်ရောဂါ ” ဟု အဓိပ္ပါယ်ရရှိသည်။

Covid – 19 အစောဆုံးနှင့် ကူးစက်ပြန့်ပွားမှု အများဆုံးဖြစ်ပွားလျှက်ရှိသော တရုတ်နိုင်ငံတွင် ယနေ့နံနက်ပိုင်းအထိ လွန်ခဲ့သော ၂၄-နာရီအတွင်း သေဆုံး ၉၇-ဦး၊ ကူးစက်ကြောင်း ထပ်မံအတည်ပြုနိုင်သူ ၂,၀၁၅- ဦး တွေ့ရှိရသည်။ ယမန်နေ့ သေဆုံး-ကူးစက်သူအရေအတွက်ထက် အနည်းငယ်ကျဆင်းလာသည်။

တရုတ်တစ်ပြည်လုံးအနေဖြင့်မူ စုစုပေါင်း သေဆုံး ၁,၁၁၃-ဦး၊ ကူးစက်ခံရသူ ၄,၄၆၅၃-ဦးဖြစ်ကြောင်း South China Morning Post က ယနေ့ရေးသားသည်။

ယမန်နေ့တွင် ဗိုင်းရပ်စ်ကူးစက်ခံရသော်လည်း ကုသပျောက်ကင်း၍ ဆေးရုံမှ ဆင်းပေးလိုက်သူ ၇၄၄-ဦးရှိသဖြင့် ရောဂါပျောက်ကင်းသူ စုစုပေါင်း ၄၇၄၀ – ဦးအထိ တိုးတက်လာခဲ့သည်ကို တွေ့ရှိရသည်။

Covid – 19 ကြောင့် တရုတ်ပြည်ပြင်ပတွင် သေဆုံးသူ ၂-ဦး ( ဟောင်ကောင်-၁၊ ဖိလစ်ပိုင်-၁ ) သာရှိခဲ့ပြီး ယနေ့နံနက် ၀၈း၂၃ နာရီအထိ တစ်ကမ္ဘ္ဘာလုံးအတိုင်းအတာဖြင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၁,၁၁၉-ဦး၊ ကုသ ပျောက်ကင်းသူ ၄,၇၈၁-ဦးရှိကြောင်း ရှိကြောင်းအချိန်နှင့် တစ်ပြေးညီစစ်တမ်းကောက်ယူလျှက်ရှိသည့် Johns Hopkins’ Corona Virus 2019 n-CoV Global Cases အရ သိရှိရသည်။

((( Russia Today., 12 Feb.2020,” 2 of 3 confirmed coronavirus patients in India RECOVERED from deadly illness.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန် ဆို သည်။ အကြောင်းအရာတူဆက်စပ်သည်များ ဖော်ပြရာတွင် ကိုးကားချက်မှာ ပေးထားပါ Link များအတိုင်း ဖြစ်သည်။)))

#အိန္ဒိယဒေသန္တရကျန်းမာရေးအရေးပေါ်အခြေအနေ #Covid-19

https://www.rt.com/news/480545-india-coronavirus-patients-recover/

https://www.rt.com/news/480007-india-kerala-coronavirus-calamity/

https://www.rt.com/news/479876-india-flight-coronavirus-confirmed-case/

https://www.rt.com/news/479565-india-coronavirus-first-case/

https://japantoday.com/category/world/who-names-deadly-virus-from-china-as-covid-19

https://www.wired.com/story/coronavirus-has-a-name-the-deadly-disease-is-covid-19/

https://www.scmp.com/news/china/society/article/3050104/coronavirus-chinas-hubei-province-reports-94-new-deaths-1638-new

https://gisanddata.maps.arcgis.com/apps/opsdashboard/index.html?fbclid=IwAR0tOhUl59T4ql89uyu8fgwqjI3F4AOGGL5U8M_s5RQurA0mqtzgoGJlcVE#/bda7594740fd40299423467b48e9ecf6

0

Leave a Reply

Your email address will not be published.