အိန္ဒိယတွင် ခိုလှုံနေသူ မြန်မာနိုင်ငံမှ လူပေါင်း ၁,၈၀၀-ဦးခန့်တွင် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ၆-ဦး ပါဝင်။ မြန်မာနိုင်ငံတွင် ဆိုးရွားစွာအန္တရာယ်ကျရောက်နေပြီး စစ်သားများက ထပ်ချပ်မကွာ လိုက်လံရှာဖွေလျှက်ရှိဟု အိန္ဒိယရောက် CRPH အကြံပေးပြောဆို


အာဏာသိမ်းခံရပြီးနောက် စစ်ကောင်စီအစိုးရက ဖမ်းဆီးလိမ့်မည်ကို ကြောက်ရွံ့သူများသည် မြန်မာနိုင်ငံမှ ထွက်ပြေး၍ အိန္ဒိယနိုင်ငံတွင် ခိုလှုံလျှက်ရှိရာ ၎င်းတို့တွင် လွှတ်တော်ကိုယ်စားလှယ် ၆-ဦးထက်မနည်း ပါဝင်ကြောင်း ဖြုတ်ချခံအစိုးရ၏ ကိုယ်စားပြုအဖွဲ့မှ အကြံပေးပုဂ္ဂိုလ်က ကြာသပတေးနေ့တွင်ပြောကြားသည်ဟု Reutres သတင်းကို ဘင်္ဂလားအခြေစိုက် bdnews24 ဒစ်ဂျစ်တယ်မီဒီယာက ယမန်နေ့ ကူးယူဖော်ပြသည်။…   


အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းမှန်ကန်ကြောင်း အိန္ဒိယရဲအရာရှိတစ်ဦးက အတည်ပြုလိုက်ပြီး ၎င်းတို့မှာ ဖေဖော်ဝါရီလနှောင်းပိုင်းမှစ၍ အိန္ဒိယသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသူ ၁,၈၀၀ ခန့်တွင် အပါအဝင်ဖြစ်ပြီး အများစုမှာ အရှေ့မြောက်ပြည်နယ် မီဇိုရမ်တွင် ခိုလှုံလျှက်ရှိကြောင်း ပြောဆိုသည်။…   


၎င်းတို့သည် မြန်မာနိုင်ငံ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြည်ထောင်စုနှင့် ပြည်နယ်လွှတ်တော်အဖွဲ့ဝင် ကိုယ်စားလှယ်များဖြစ်ကြပြီး မြန်မာစစ်ဘက်နှင့် အငြင်းပွားဖွယ်ရာ ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် #အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် #NLD မှ ပါတီဝင်များဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များသည် ယခုအချိန် မြန်မာနိုင်ငံတွင် ဆိုးရွားစွာ အန္တရာယ်ကျရောက်နေကြောင်း၊ စစ်သားများက ၎င်းတို့နောက်တွင် ထပ်ချပ်မကွာ လိုက်လံရှာဖွေလျှက်ရှိကြောင်း #ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ #CRPH ၏ အမည်မဖော်လိုသူ အကြံပေးပုဂ္ဂိုလ်က ရှင်းပြခဲ့သည်။…  


နာရင်ဒြာမိုဒိအစိုးရသည် အစဉ်အလာအားဖြင့် မြန်မာစစ်ဘက်နှင့် နီးကပ်သောဆက်နွယ်မှုရှိသော်လည်း မကြာသေးမီရက်များအတွင်း အကြမ်းဖက်မှုများဖြစ်ပွားနေခြင်းကို လူသိရှင်ကြား ထုတ်ဖော်ဆန့်ကျင်ခဲ့သည်။ ယခုကဲ့သို့ လွှတ်တော်အမတ်များ ရောက်ရှိနေခြင်းဖြင့် အိန္ဒိယအတွက် သံတမန်ရေးအရ ပိုမိုရှုပ်ထွေးနိုင်ခြေရှိနေသည်။…   


မြန်မာလွှတ်တော်အမတ်များကိစ္စနှင့် ပတ်သက်၍ ရိုက်တာသတင်းအေဂျင်စီ၏ မေးမြန်းချက်များကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူက ကြာသပတေးနေ့ အွန်လိုင်းမှတဆင့် မီဒီယာတွေ့ဆုံပွဲ၌ တုန့်ပြန်ရာတွင် မိမိတို့အနေဖြင့် အကြမ်းဖက်ကို ရှုတ်ချ၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ထူထောင်ရေးအတွက် ထောက်ခံသည်ဟု ယနေ့ထပ်မံ ပြောကြားခွင့်ပြုစေလိုကြောင်း၊ (ထို့ထက်ပို၍ ပြောကြားရန်) သတင်းအချက်အလက် မရှိကြောင်း ဖြေကြားသည်။… 

 
#နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း #AAPP မှ တက်ကြွလှုပ်ရှားသူအုပ်စုကမူ အာဏာသိမ်းပြီးချိန်မှစ၍ လူပေါင်းထောင်ချီ၍ ဖမ်းဆီးခြင်းခံခဲ့ရာတွင် ယခင်အစိုးရ(အဖွဲ့ဝင်များ)နှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၅၀ ကျော် ပါဝင်ကြောင်း၊ နိုင်ငံအနှံ့ အာဏာသိမ်းဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များလက်ချက်ဖြင့် လူ ၆၀၀ ခန့် သေဆုံးခဲ့ပြီဖြစ်ကြောင်း ပြောဆိုသည်။…   


၎င်းကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီအစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ်နှင့် ဆက်သွယ်နိုင်ခြင်း မရှိပါ။… 

 
NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များသည် ၎င်းတို့၏ နေအိမ်များ(သာမက) နေထိုင်ရာဒေသတွင်းမှလည်း ထွက်ပြေးနေရကြောင်း အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ အမည်ဖော်ပြခြင်းမရှိသောနေရာမှ CRPH ၏ အကြံပေးပုဂ္ဂိုလ်က ဗွီဒီယိုကွန်ဖရင့်မှတဆင့် ပြောဆိုသည်။…   


ဖြိုခွင်းမှုကျယ်ပြန့်လာခြင်းကြောင့် အိန္ဒိယမီဇိုရမ်ပြည်နယ်အတွင်းသို့ ထွက်ပြေးလာသည့် အရပ်သားများတွင် စောစောပိုင်း၌ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များနှင့် ၎င်းတို့၏ မှီခိုသူမိသားစုဝင်များလည်း ပါဝင်သည်။

#အိန္ဒိယသို့ထွက်ပြေးခိုလှုံသူ_မြန်မာနိုင်ငံမှ_လူ_၁၈၀၀_ခန့်ရှိ
#ဖမ်းဆီးခံရမည်ကို_စိုးရွ့ွံသူ_NLDအမတ်_၆-ဦးခန့်ပါဝင်

(((bdnews24., 08 Apr 2021,” Six lawmakers among 1,800 people from Myanmar sheltering in India.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://bdnews24.com/world/2021/04/08/six-lawmakers-among-1800-people-from-myanmar-sheltering-in-india 

Leave a Reply

Your email address will not be published.