အိန္ဒိယတွင် မုတ်သုန်မိုးသည်းထန်စွာ ရွာသွန်း၍ လူ ၂၀ ထက်မနည်း သေဆုံး။ မွမ်ဘိုင်း မြေပြိုကျမှု ဆိုးရွား။ ရေကြီးရေလျှံသဖြင့် မြို့ပတ်နှင့် အဝေးပြေးမီးရထားခရီးစဉ်များ ရပ်ဆိုင်းသွား။ အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်။ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်လျှက်ရှိ


ယမန်နေ့ ညပိုင်းမှ ယနေ့နံနက် စောစောပိုင်းအထိ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းနှင့် ဆင်ခြေဖုံးဒေသများတွင် နာရီaပါင်းများစွာ ကြာအောင် မုတ်သုန်မိုးသည်းထန်စွာ အကြိမ်ကြိမ်ရွာသွန်းခဲ့သည်။ မြို့၏ အရှေ့တောင်ပိုင်း ချမ်ဘာနှင့် ဗီကရိုလီနယ်မြေများ၌ လူ ၂၀-ထက်မနည်းမှာ ၎င်းတို့နေအိမ် အပျက်အစီးများအောက်တွင် ပိတ်မိ၍ သေဆုံးခဲ့ရကြောင်း၊ မြို့ပေါ်တွင် အနီရောင်အဆင့် သတိပေးချက်ကို ထုတ်ပြန်ထားပြီး အများလူထုတို့ အနေဖြင့် ဟင်းလင်းပြင်အတွင်း စွန့်စားထွက်ခွာခြင်း မပြုကြရန် နှိုးဆော်ထားသည်ဟု NDTV က ယနေ့ရေးသားသည်။

…   
တနင်္ဂနွေနေ့ နံနက်ပိုင်း ဗီကရိုလီတွင် လူနေအဆောက်အအုံတစ်လုံး ပြိုကျခဲ့ခြင်းကြောင့် လူ ၃-ဦး သေဆုံးခဲ့ကြောင်း၊ ဗီကရိုလီမှ လူ ၉-ဦးနှင့် ချမ်ဘာမှ လူ ၁၅-ဦးတို့ကို ရှာဖွေရေးအဖွဲ့များက ကယ်ဆယ်၍ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ဆက်လက်ပို့ဆောင်ထားကြောင်း၊ အဆိုပါနယ်မြေများတွင် ပိတ်မိနေသူများ ရှိနိုင်သဖြင့် ရှာဖွေကယ်ဆယ်ရေးကို ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း မြို့တော်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက ပြောပြသည်။

…   
အသက်ဆုံးရှုံးကြရသည့်သတင်းများ ကြားသိရသည့်အတွက် အထူးပင် ဝမ်းနည်းကြေကွဲရပါကြောင်း၊ သေဆုံးသူများအတွက် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂,၇၀၀ ခန့်နှင့် ဒဏ်ရာရရှိသူများအတွက် တစ်ဦးလျှင် ဒေါ်လာ ၆၇၀-ခန့်စီ နစ်နာကြေးများ ပေးအပ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ၎င်း၏ ဝန်ကြီးချုပ်ရုံး Twitter စာမျက်နှာ၌ ရေးသားသည်။

…   
မဟာရဋ္ဌပြည်နယ် ဝန်ကြီးချုပ်ရုံးကလည်း သေဆုံးသူ မိသားစုများအတွက် အမေရိကန်ဒေါ်လာ ၆,၇၀၀ ခန့်စီ ပေးအပ်ကူညီမည်ဖြစ်ကြောင်း၊ စောစောပ်ုင်းကတည်းက အခင်းဖြစ်ပွားရာ ချမ်ဘာနယ်မြေသို့ သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးကိုယ်တိုင် သွားရောက် ကြီးကြပ်လျှက်ရှိကြောင်း သတင်းထုတ်ပြန်သည်။

…   
ယမန်နေ့ ည ၈ နာရီမှ ယနေ့နံနက် ၈ နာရီအကြား မွမ်ဘိုင်းတွင် မိုးရေချိန် ၆.၉၇ လက်မအထိ ရွာသွန်းခဲ့သည်။ အရှေ့ပိုင်း ဆင်ခြေဖုံးနယ်မြေတွင် ၈.၀၃ လက်မနှင့် အနောက်ပိုင်းတွင် ၇.၇၀ လက်မအထိ အသီးသီး ရွာသွန်းခဲ့သည်။

…  
မိုးသည်းထန်မှုကြောင့် အနိမ့်ပိုင်းနယ်မြေများတွင် ရေကြီး ရေလျှံခြင်းများ အကြီးအကျယ်ဖြစ်ပွားခဲ့သည်။ ရေစီးအဟုန်တွင် မျောပါသွားသည့် မော်တော်ယာဉ်များကို ANI သတင်းအေဂျင်စီက ထုတ်လွှင့်ပြသသည့် သတင်းရုပ်သံ၌ တွေ့မြင်ကြရသည်။

…     
တစ်ညလုံး အဆက်မပြတ် သည်းထန်စွာ မိုးရွာသွန်းမှုကြောင့် ဘူတာရုံ ၆-ခုနှင့် အခြားနေရာများတွင် မီးရထားလမ်းများအပေါ် ရေလျှံပြီး အိန္ဒိယနိုင်ငံစီးပွားရေးမြို့တော်၏ မြို့ပတ်ရထားဝန်ဆောင်မှုများကို ရပ်ဆိုင်းထားရကြောင်း၊ ရထားလမ်းပေါ် ရေလျှံခြင်းမှာ အလယ်ပိုင်း အနောက်ပိုင်းနှင့် အဝေးပြေးမီးရထားလမ်းကို အသုံးပြု ၍ ခုတ်မောင်းပြေးဆွဲသည့် မီးရထားခရီးစဉ်များကိုပါ ထိခိုက်စေခဲ့သည်ဆို၏။

…  
၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် မွမ်ဘိုင်း၏ မိုးရေချိန်မှာ ၁၄.၇၇ လက်မအထိ အများဆုံးရှိခဲ့ပြီး ၂၄-နာရီပတ်လုံး မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ၂၀၁၀-ခုနှစ်နောက်ပိုင်း အမြင့်ဆုံး စံချိန်ဖြစ်သည်။
..
#အိန္ဒိယမွမ်ဘိုင်းတွင်_မုတ်သုန်မိုးသည်းထန်စွာရွာသွန်း၍_လူ_၂၀_ထက်မနည်းသေဆုံး
..
(((NDTV., July 18 2021 , “ 20 Die As Heavy Rain, Landslides Hit Mumbai; Rescue Ops On.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.ndtv.com/india-news/7-die-as-heavy-rains-cause-landslide-in-mumbais-chembur-several-feared-trapped-2489050
https://www.washingtonpost.com/world/landslides-kill-20-after-monsoon-rains-in-indias-mumbai/2021/07/18/30d7e01e-e792-11eb-88c5-4fd6382c47cb_story.html
https://www.dhakatribune.com/world/south-east-asia/2021/07/18/india-landslide-after-heavy-rains-kills-15  

Leave a Reply

Your email address will not be published.