အိန္ဒိယနယ်ခြားစောင့်များက ပါကစ္စတန်မှ စပိုင်ခိုငှက်တစ်ကောင်ကို အမှုဖွင့်ရန် ကြိုးစား။ သူလျှိုလုပ်ရန် လေ့ကျင့်ပေးထားသည်ဟု သံသယဖြစ်ဖွယ် ခိုများကို ဖမ်းဆီးရမိနေ။ အဆက်အသွယ်ပြုလုပ်ရန် နံပါတ်နှင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီအား ခြိမ်းခြောက်သည့် စာများ သယ်ဆောင်ထားသည်ကို တွေ့ခဲ့ရ


#အိန္ဒိယ၏နယ်ခြားလုံခြုံရေးတပ် #BSF သည် ပါကစ္စတန်မှ သူလျှိုလုပ်ရန်လေ့ကျင့်ပေးထားသည်ဟု သံသယရှိသော ခိုငှက်တစ်ကောင်အား ရဲစခန်းတွင် #FIR ခေါ် #ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပေးရန်တောင်းဆိုသည့် ထူးဆန်းမှုတစ်ရပ်ဖြစ်ပွားခဲ့သည်ဟု Dhaka Tribune (April 21, 2021) က ရေးသားသည်။

…   
ပါကစ္စတန်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် အိန္ဒိယမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်တွင် နယ်ခြားလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ပုခုံးပေါ်၌ အဆိုပါ ခိုငှက်က သက်သောင့်သက်သာ လာနားနေစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း၊ အဆက်အသွယ်ပြုလုပ်ရန် နံပါတ်တစ်ခုပါဝင်သည့် စာရွက်ငယ်တစ်ရွက်ကို ခိုငှက်၏ ခြေတစ်ဖက်၌ ချည်နှောင်ထားသည်ကို တွေ့ရှိရကြောင်း အာဏာပိုင်များက ပြောဆိုသည်။

…   
နယ်ခြားလုံခြုံရေးတပ်ဖွဲ့ထံမှ တိုင်ကြားချက်ရရှိပြီး ခိုငှက်ကိစ္စနှင့် ပတ်သက်၍ FIR မဖွင့်မီ ဥပဒေကြောင်းအရ အကြံဉာဏ်ပေးရန် ပြောဆိုခဲ့ကြကြောင်း၊ ခိုဆိုသည်မှာ ငှက်တိရစ္ဆာန်ဖြစ်နေသည့်အတွက် FIR တွင် မှတ်ပုံတင်ရန် ဖြစ်နိုင်မည်မထင်ကြောင်း၊ သို့သော်လည်း အမှုကို ဥပဒေရေးရာကျွမ်းကျင်သူများထံ လွှဲပြောင်းပေးခဲ့ပြီး ခိုငှက်ခြေထောက်ပေါ်မှာ စာအမှတ်အသားကို စစ်ဆေးလေ့လာလျက်ရှိကြောင်း ပန်ဂျပ်ပြည်နယ်ရဲမှူးကြီးက မီဒီယာများအား ရှင်းပြသည်။

…  
ပါကစ္စတန်ဘက်မှ ပျံသန်းလာ၍ အိန္ဒိယအာဏာပိုင်များက ဖမ်းဆီးပြီး သူလျှိုအဖြစ် တံဆိပ်ကပ်ခြင်းခံရသည့် ယခုခိုငှက်သည် ပထမဆုံးအကြိမ်တော့ မဟုတ်ချေ။

…    
ပြီးခဲ့သည့်နှစ်ကပင် ကုဒ်အမှတ်အသားများကို သယ်ဆောင်ထားသည့် ခိုငှက်တစ်ကောင်ကို ကက်ရှမီးယားရှိ အိန္ဒိယထိန်းချုပ်နယ်မြေမှ ရွာသားများကဖမ်းဆီးရမိခဲ့၍ ဒေသခံအာဏာပိုင်များထံလွှဲပြောင်းခဲ့သည်။

…   
၂၀၁၆ ခုနှစ်အောက်တိုဘာလတွင်မူ #အိန္ဒိယဝန်ကြီးချုပ်_နာရင်ဒြာမိုဒီအား ခြိမ်းခြောက်သည့် စာများနှင့်အတူ ခိုငှက်တစ်ကောင်ကို ဖမ်းဆီးရမိခဲ့ဖူးသည်။

…    
မဟာပြိုင်ဘက်များဖြစ်ကြသည့် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ပိုင်ဆိုင်မှု အငြင်းပွား ကက်ရှမီးယားဒေသ အရေးနှင့် ပတ်သက်၍ လွန်ခဲ့သော ၆၅ နှစ်အတွင်း ၃-ကြိမ်ထက်မနည်း အတိအလင်း စစ်ခင်းခဲ့ကြပြီးဖြစ်သည်။

((နှစ်နိုင်ငံနယ်ခြားတွင် ပါကစ္စတန်ဘက်မှ ပျံသန်းလာသည့် ခိုငှက်များတိုင်း စပိုင်လုပ်ရန် လေ့ကျင့်ထားသည့် ငှက်များဖြစ်ကြောင်း တစ်ထစ်ချပြောဆိုနိုင်ခြင်းမရှိပါ။

သူလျှိုကိစ္စနှင့် မည်သို့မျှ မပတ်သက်သော အလှမွေး ခိုများလည်း ဖြစ်တတ်ပါ၍  အိန္ဒိယရဲတပ်ဖွဲ့က ပိုင်ရှင်ပါကစ္စတန်နိုင်ငံသားထံ ပြန်ပေးရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ဖူးကြောင်း လွန်ခဲ့သည့် နှစ်များက ကျွန်တော် ဘာသာပြန်ဆို ဖော်ပြခဲ့ဖူးပါသည်။


(((Dhaka Tribune., April 21st, 2021,” Indian border guards demand FIR against ‘spy pigeon’ from Pakistan.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်သာသာပြန်ဆိုသည်။)))

#ပါကစ္စတန်မှ_စပိုင်သင်္ကာဖွယ်_ခိုငှက်တစ်ကောင်ကို_အိန္ဒိယအမှုဖွင့်


https://www.dhakatribune.com/world/south-asia/2021/04/21/indian-border-guards-demand-fir-against-spy-pigeon-from-pakistan
https://www.thenews.com.pk/latest/824359-pakistani-pigeon-captured-by-indian-bsf  

+2

Leave a Reply

Your email address will not be published.