အိန္ဒိယဘက်မှ နှင်ထုတ်လိုက်သည့် ဘင်္ဂလားဒေရှ့် ၈-ဦးကို BGB နယ်ခြားစောင့်တပ်ဖွဲ့ ဖမ်းဆီး။ အကြမ်းဖက်ခံရမှု အကြိမ်ကြိမ် ဖြစ်ခဲ့ရဖူးသော အိန္ဒိယ၏ နယ်ခြားစောင့်တပ်လက်ချက်ဖြင့် ၂၀၂၀-ခုနှစ်တွင် သေဆုံး ဘင်္ဂလားဒေ့ရှ် ၅၁-ဦးရှိခဲ့ပြီး ၂၀၁၁-ခုနှစ်မှစ၍ ၃၃၄-ဦးရှိဟု တူရကီမီဒီယာဖော်ပြ။


အင်္ဂါနေ့တွင် အိန္ဒိယဖက်မှ မောင်းထုတ်လိုက်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈-ဦးကို နယ်ခြားစောင့်တပ်ဖွဲ့ BGB က နိုဂေါင်ဆက်ပါဟာနယ်ခြားဒေသ၌ ဖမ်းဆီးခဲ့ရာ ၎င်းတို့မှာ လွန်ခဲ့သည့် ရက်အနည်းငယ်တွင် နယ်ခြားဖြတ်ကျော်ဝင်ရောက်လာသည်ဟု အိန္ဒိယနယ်ခြားလုံခြုံရေးတပ် BSF ၏ ဖမ်းဆီးခြင်း ခံခဲ့ရသူများဖြစ်သည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

…   
နယ်စပ်ဒေသခရိုင်များတွင် နေထိုင်သူများဖြစ်သည့် အသက် ၂၁-နှစ်မှ ၃၇-နှစ်အကြား အသီးသီးရှိကြသော ၎င်းတို့အား အမှတ် ၁၆ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB မှ တပ်ဖွဲ့ဝင်များက ကင်းလှည့်စဉ်အတွင်း တွေ့ရှိ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ဆက်ပါဟာရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း မြို့နယ် BGB တပ်မှူးဖြစ်သူက အတည်ပြုသည်။

…       
၎င်းတို့သည် နယ်စပ်ဖြတ်ကျော်၍ နိုင်ငံအတွင်းသို့ ခိုးဝင်မှုဖြင့် အိန္ဒိယအာဏာပိုင်တို့က ရက်အနည်းငယ်ကြာမျှ ချုပ်နှောင်ထားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်လည်မောင်းထုတ်ခံရသူများဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ၎င်းတို့အား ၁၉၅၂-ခုနှစ် နယ်ခြားဒေသထိန်းချုပ်ရေး အက်ဥပဒေ ပုဒ်မ ၄ အရ တရားရုံးတော်က ထောင်ဒဏ်ချမှတ်ပြီးနောက် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်ဟု ဆက်ပါဟာရဲစခန်းမှ အင်စပက်တာ တစ်ဦးက ပြောဆိုသည်။

…  
((အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် မိုင်ပေါင်း ၂၅၀၀ ခန့် ရှည်လျှားသည့် ကမ္ဘာ့ရှုတ်ထွေးရှည်လျှားဆုံး နယ်ခြားမျဉ်းဖြင့် နှစ်နိုင်ငံ ထိစပ်လျှက်ရှိသည်။ အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် အချို့မြို့များ၊ ဒေလီနှင့်မွန်ဘိုင်းမြို့များရှိ အလုပ်အကိုင်အခွင့်အလမ်းများမှာ ဘင်္ဂလားဒေ့ရှ်ဆင်းရဲသားများနှင့် ဘဝရပ်တည်ရေးအားနည်းချက်ရှိသူတို့အပေါ် နယ်စပ်ကို ဖြတ်ကျော်စေရန် ဆွဲဆောင်လျှက်ရှိသည်။ ထိုအချက်မှာ လူကုန်ကူးမှု ကာလကြာရှည်ရခြင်း အကြောင်းရင်းတစ်ခုဖြစ်သည်။

…   
နယ်စပ်ဒေသဖြစ်သည့် အားလျှော်စွာ ငရုတ်-ကြက်သွန်အပြင် မူးယစ်ဆေးဝါးနှင့် တိရစ္ဆာန်မှောင်ခိုခြင်းများလည်း ဖြစ်ပွားလေ့ရှိသည်။ ရာဇဝတ်ဂိုဏ်းအသွင်ဆောင်သော မှောင်ခိုသမားများနှင့် ထိတွေ့၍ ဒဏ်ရာရရှိခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်အရေအတွက်မှာ ၂၀၂၀-ခုနှစ် ပထမ ၆လ အတွင်း၌ပင် ၂၀၀ ကျော် ရှိခဲ့သည်။

…  
မွန်ဘိုင်းကဲ့သို့ အထင်ကရမြို့ကြီး၏ လူစည်ကားရာနေရာတွင် ဘာသာရေးအစွန်းရောက် အစ္စလာမ်မစ်တို့၏ အကြမ်းဖက်ခြင်းနှင့် အခြားဖောက်ခွဲဖျက်ဆီးမှုများကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ဖူးသော အိန္ဒိယ၏ နယ်ခြားလုံခြုံရေးတပ် BSF အနေဖြင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူများကို ပစ်ခတ်ဖမ်းဆီးလေ့ရှိပါသည်။

…  
၂၀၂၀-ခုနှစ်တွင် အိန္ဒိယ BSF လက်ချက်ဖြင့် နယ်ခြားဖြတ်ကျော်စဉ် အသက်ဆုံးရှုံးရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဦးရေမှာ ၅၁-ဦးရှိပြီး၊ ၂၀၁၁-ခုနှစ်မှစ၍ ၂၀၂၁ ဖေဖော်ဝါရီအထိ သေဆုံးသူ ၃၃၄-ဦးရှိကြောင်း တူရကီ မီဒီယာ Anadolu က ဖော်ပြသည်။

…   
ထိုအချက်မှာ ဘင်္ဂလားဒေ့ရှ်တို့၏ စိတ်တွင် အခဲမကြေနိုင်စရာဖြစ်ရပြီး ရှိတ်ဟာစီနာအစိုးရအနေဖြင့် နာရင်ဒြာမိုဒီအား အလျှော့ပေးလွန်းသည်ဟု ရှု့မြင်ကြသည်။ အိမ်နီးချင်းနှစ်နိုင်ငံအကြား နယ်ခြားစောင့်တပ်အချင်းချင်း ပစ်ခတ်မှုဖြစ်ရသည်အထိ ရှုတ်ထွေးသည်။

…   
အထူးသဖြင့် အိန္ဒိယ၏အနောက်ဘင်္ဂလားနှင့် ထိစပ်နေသော မိုင် ၅၇၀-ခန့်ရှည်လျားသည့် နယ်ခြားတစ်လျှောက်တွင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုခင်းတို့ အများဆုံးဖြစ်ပွားလေ့ရှိသည်။ အိဒ်ပွဲတော်ကာလနီးကပ်လာ၍ တိရစ္ဆာန်မှောင်ခိုထွက်မည့်အရေးကို အိန္ဒိယက စိုးရိမ်သည်။ အလားတူပင် လူအမြောက်အများတို့ သေဆုံးဖျားနာသည်အထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားလျှက်ရှိသော အိန္ဒိယဘက်မှ ခွင့်ပြုချက်မဲ့ ဖြတ်သန်းဝင်ရောက်လာမည့်သူများအတွက် ဘင်္ဂလားဒေ့ရှ်က စိုးရိမ်သည်။   ။ သတင်းဘာသာပြန်သူ))

#အိန္ဒိယဘက်မှှ_နှင်ထုတ်လိုက်သူ၈-ဦးကို #ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ်ဖွဲ့#BGB ဖမ်းဆီး
#အိန္ဒိယနယ်ခြားလုံခြုံရေးတပ်#BSF

(((Dhaka Tribune., July 6 2021,” BGB detains 8 Bangladeshis pushed back from India.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.dhakatribune.com/bangladesh/2021/07/06/bgb-detains-8-bangladeshis-pushed-back-from-india
https://www.ndtv.com/india-news/bsf-soldier-killed-in-firing-by-bangladesh-guards-at-bengal-border-2118464
https://www.aa.com.tr/en/asia-pacific/unlawful-killings-along-india-border-bangladeshi-families-seek-justice/2141343# 

Leave a Reply

Your email address will not be published.