အိန္ဒိယမှ လှူဒါန်းသော Covid-19 ကာကွယ်ဆေးကို မြန်မာက ပထမအသုတ်ရရှိ ။ ဒေသတွင်း တရုတ်၏လွှမ်းမိုးမှုဖယ်ရှားရေးနှင့် အိမ်နီးချင်းနိုင်ငံတို့၏ ချီးကျူးမှု ခံယူရန် အိန္ဒိယက ကာကွယ် ဆေးလက်ဆောင်ကို ပေးပို့လှူဒါန်းခဲ့၊ ကာကွယ်ဆေးမေတ္တာရပ်ခံသော အိမ်နီးချင်းနိုင်ငံများတွင် ပါကစ္စတန် မပါဝင်။


ဒေသတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု ဆိုးရွားစွာရင်ဆိုင်နေရစဉ် အာဆီယံအဖွဲ့ဝင်ဖြစ်သော မြန်မာနိုင်ငံသည် လူ ၇၅၀,၀၀၀ အား ထိုးနှံပေးနိုင်မည့် Covid-19 ရောဂါကာကွယ်ဆေး ကြိမ်ရေပမာဏ ၁.၅ သန်းကို အိန္ဒိယနိုင်ငံ၏ ပေးပို့လှူဒါန်းမှု့အဖြစ် သောကြာနေ့တွင် ပထမအသုတ် ရရှိသည်ဟု Reuters က ယမန်နေ့ရေးသားသည်။ 

..  
အာရှဒေသတွင်း တရုတ်၏လွှမ်းမိုးမှုကို ဖယ်ရှားရေးနှင့် အိမ်နီးချင်းနိုင်ငံတို့၏ ချီးကျူးမှုကို ခံယူရန် အိန္ဒိယက ၎င်းပြည်တွင်းရှိ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သူ ဆီရမ်အင်စတီကျုဒ်၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး AstraZeneca ကို ကြိမ်ရေပမာဏ သန်းနှင့်ချီ၍ လှူဒါန်းခဲ့ရာ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ မော်လ်ဒိုက် နှင့် ဘူတန်တို့လည်း ရရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ 

..  
အိမ်နီးချင်းနိုင်ငံတို့အား ကာကွယ်ဆေးပေးပို့ပါမည်ဟု ကတိပြုထားသော တရုတ်မတိုင်မီ အိန္ဒိယထံမှ ကာကွယ်ဆေး အခမဲ့ရရှိသည့် မြန်မာသည် ဖော်ပြပါနိုင်ငံများအနက် နောက်ထပ်တစ်နိုင်ငံဖြစ်လာသည်။ ကာကွယ်ဆေးများမှာ မြန်မာနိုင်ငံအတွက် အိန္ဒိယ၏လက်ဆောင်ဖြစ်ကြောင်း ကာကွယ်ဆေးရောက်ရှိမှုအား ကြည့်ရှုရန် ရန်ကုန်လေဆိပ်သို့ရောက်ရှိလာသည့် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး ဆောရာ့ဗ်ကူးမားက သတင်းထောက်များအား ပြောဆိုသည်။ 

..
မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဒေါ်ခင်ခင်ကြီးကမူ အဆိုပါကာကွယ်ဆေးကို လာမည့်ရက်သတ္တပတ်၌ ဖြန့်ဖြူးခြင်းမတိုင်မီအထိ ရန်ကုန်ရှိ အထူးအအေးခန်း၌ သိမ်းဆည်းထားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများအား ပထမဦးစားပေး ထိုးနှံပေးမည်ဖြစ်ပြီး၊ ၎င်းနောက် သက်ကြီးရွယ်အိုများကို ထိုးနှံရန် စီစဉ်ထားကြောင်း၊ မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်း ၁၁၀,၀၀၀ ကျော်ရှိကြောင်း၊ ကာကွယ်ဆေးများရောက်ရှိလာပြီဟု ပြည်သူလူထုအနေဖြင့် အားရကျေနပ်မနေပဲ ဗိုင်းရပ်စ်ထပ်မံပျံ့နှံခြင်းမှ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးလုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာပါရန် တိုက်တွန်းခဲ့သည်။ 

..   

မြန်မာခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က Covid-19 ရောဂါထိန်းချုပ်မှုနှင့် ကုသမှုအစီအစဉ်များအား အောင်မြင်စေရန် ပြည်သူလူထုအားလုံးတို့က ဝိုင်းဝန်းကူညီပါရန် ၎င်း၏ တရားဝင် Facebook အကောင့် စာမျက်နှာ၌ ရေးသားသည်။ 

..  
ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားကြောင်း အစပိုင်းတွင် အရေအတွက်နှင့် ဖော်ပြပြီးနောက် မြန်မာနိုင်ငံသည် ယခုအခါ ဒုတိယလှိုင်းနှင့် ရင်ဆိုင်နေရပြီး ဗိုင်းရပ်စ်ကူးစက်ခံရမှုပေါင်း ၁၃၆,၀၀၀ ကျော်နှင့် အသက်ဆုံးရှုံးရ သူ ပေါင်း ၃,၀၀၀ ကျော် ရှိနေသည်။ 

..  
လွန်ခဲ့သည့် ရက်များအတွင်း နေ့စဉ် ပိုးတွေ့-သေဆုံးအရေအတွက် ကျဆင်းလျှက်ရှိသော်လည်း စမ်းသပ်နှုန်း နည်းပါးခြင်းကြောင့် ရောဂါဖြစ်ပွားမှု ပမာဏအတိုင်း အပြည့်အ၀ ထင်ဟပ်ပုံမရကြောင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားသည်။ 

..
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် ပြီးခဲ့သည့်ရက်သတ္တပတ်၌ မြန်မာနိုင်ငံသို့ ရောက်ရှိလာစဉ် တရုတ်နိုင်ငံထုတ် Covid-19 ကာကွယ်ဆေး ကြိမ်ရေပမာဏ ၃၀၀,၀၀ ပေးအပ်ရန် မြန်မာအစိုးရအား ကတိပြုခဲ့သည်။ 

..  
အိန္ဒိယနိုင်ငံမှ လှူဒါန်းသော Covishield ကာကွယ်ဆေး ကြိမ်ရေ ပမာဏ ၂-သန်းသည် ဇန်နဝါရီလ ၂၁-ရက် ကြာသပတေးနေ့ ၁၁း၁၅ နာရီတွင် ဒါကာလေဆိပ်သို့ လေယာဉ် ၂-စင်းဖြင့် ဆိုက်ရောက်လာကြောင်း Dhaka Tribune ( Jan. 21, 2021 ) က ဖော်ပြသည်။ 

..  
ကာကွယ်ဆေးများ အရေးတကြီးလိုအပ်နေချိန်တွင် ဆေးကြိမ်ရေပမာဏ ၂-သန်းကို လက်ဆောင်အဖြစ် ပေးပို့သည့်အတွက် အိန္ဒိယနိုင်ငံအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါခြိမ်းခြောက်မှု ကြုံတွေ့နေရသည့် နိုင်ငံသားတို့အတွက် အိန္ဒိယထံမှ ကာကွယ်ဆေး ကြိမ်ရေပမာဏ သန်း ၃၀ ဝယ်ယူထားခဲ့ရာ ဇန်နဝါရီ ၂၅-၂၆ တို့တွင် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရှိသဖြင့် အလွန်ဝမ်းမြောက်မိကြောင်း ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ပြောဆိုသည်။ ( bdnews24., Jan. 21,2021 )

..  
အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသော ကာကွယ်ဆေးများရောက်ရှိလာပြီး နောက်တစ်ရက် ဇန်နဝါရီ ၂၇ ဗုဒ္ဓဟူးနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လူအများအပြား အစုအပုံလိုက် ကာကွယ်ဆေးထိုးနှံမည့်အစီအစဉ် စတင်မည်ဖြစ်ကြောင်း သိရှိရသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။ 

..
တောင်အာရှနိုင်ငံများအတွင်း တရုတ်၏သြဇာလွှမ်းမိုးမှုအား သံတမန်နည်းလမ်းဖြင့် တွန်းလှန်မည့် အိန္ဒိယ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး လှူဒါန်းမှုအစီအစဉ်တွင် ဆေးကြိမ်ရေပမာဏ ၁၂-သန်းမှ သန်း ၂၀ အထိ လျားထားပြီး လာမည့် သီတင်း ၃-ပတ်မှ ၄-ပတ်အတွင်း အကောင်အထည်ပေါ်မည်ဖြစ်ကြောင်း သိရှိရသည်။ ( Dhaka Tribune., Jan.21,2021 )

..   
အိန္ဒိယသည် ကိုရိုနာဗိုင်းရပ်ရောဂါဖြစ်ပွားလျှက်ရှိသော အိမ်နီးချင်းနိုင်ငံများ၏ မေတ္တာရပ်ခံချက်အရ ၎င်းပြည်တွင်းထုတ် ကာကွယ်ဆေးများကို ဇန်နဝါရီလ ၂၀-ရက်နေ့မှစတင်၍ အခမဲ့ပေးပို့လျှက်ရှိရာ ပထမရက်တွင် ဘူတန်သို့ ဆေးကြိမ်ရေပမာဏ ၁၅၀,၀၀၀၊ မော်လ်ဒိုက်သို့ ၁၀၀,၀၀၀ ကို၎င်း၊ 

..  
ဇန်နဝါရီ ၂၁-ရက်နေ့တွင် နီပေါနိုင်ငံသို့ ၁-သန်း၊ ဘင်္ဂလားဒေ့ရှ်သို့ ၂-သန်း၊ ၂၂-ရက်နေ့တွင် မြန်မာသို့ ၁.၅-သန်း၊ မော်ရေးရှပ်သို့ ၁၀၀,၀၀၀ ၊ ဆေးရှဲလ်သို့ ဆေးကြိမ်ရေပမာဏ ၅၀,၀၀၀ ကို ပေးပို့ခဲ့ကြောင်း၊ ဆက်လက်၍ သီရိလင်္ကာနှင့် အာဖဂန်နစ္စတန်သို့လည်း ပေးပို့မည်ဖြစ်ကြောင်း၊ အိန္ဒိယက ကာကွယ်ဆေးများ လှူဒါန်းရန် အသင့်ရှိကြောင်း သတင်းထုတ်ပြန်သည့် ဇန်နဝါရီ ၁၉-ရက်နေ့မှ စတင်၍ အကူအညီပေးပါရန် မေတ္တာရပ်ခံသောနိုင်ငံများအနက် အိမ်နီးချင်း ပါကစ္စတန်နိုင်ငံ ပါဝင်ခြင်းမရှိကြောင်း၊ ပြင်ပရေးရာဝန်ကြီးဋ္ဌာန ပြောရေး ဆိုခွင့်ရှိသူအဆိုအရ သိရှိရသည်ဟု #India.com က ယမန်နေ့ ရေးသားသည်။ 

..  
အိန္ဒိယက အိမ်နီးချင်းနိုင်ငံများသို့ ကာကွယ်ဆေးများ အခမဲ့ ပေးပို့နေခြင်းမှာ မိတ်ဆွေကောင်း ပီသသောလုပ်ရပ်အဖြစ် အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင်က ချီးကျူးလိုက်သည်ဟု Hindustan Times က ဖော်ပြသည်။ 
..

#အိန္ဒိယကာကွယ်ဆေးကိုမြန်မာနှင့်အိမ်နီးချင်းနိုင်ငံများသိူ့ပေးလှူ ..
((( Reuters., January 22 2021, “ Myanmar receives first batch of Covid-19 vaccines from India.” ကို #HtayOung, #OungMarine ဆီလျော်အောငကောက်နှုတ်ဘာသာဆိုသည်။ ))) 
..
https://www.reuters.com/article/idUSKBN29R0ZR 
https://www.dhakatribune.com/world/south-east-asia/2021/01/22/myanmar-receives-first-batch-of-covid-19-vaccines-from-india 
https://www.dhakatribune.com/bangladesh/2021/01/21/vaccine-as-gift-from-india-handed-over-to-bangladesh 
https://bdnews24.com/bangladesh/2021/01/21/hasina-thanks-modi-for-sending-coronavirus-vaccine-to-bangladesh 
https://www.dhakatribune.com/health/coronavirus/2021/01/23/covid-19-vaccination-to-begin-wednesday-govt-nurse-to-get-first-jab 
https://www.dhakatribune.com/world/south-asia/2021/01/21/india-s-vaccine-diplomacy-in-south-asia-pushes-back-against-china 
https://timesofindia.indiatimes.com/world/south-asia/bangladesh-pm-hasina-thanks-pm-narendra-modi-for-covid-19-vaccine-gift/articleshow/80406346.cms 
https://www.india.com/news/india/india-supplying-covid-19-vaccines-to-neighbours-other-countries-but-no-request-from-pakistan-4350667/ 
https://www.hindustantimes.com/india-news/true-friend-us-praises-india-for-sending-covid-19-vaccines-to-other-countries-101611384720367.html 

0

Leave a Reply

Your email address will not be published.