အိန္ဒိယရောက် ခိုးဝင်ဘင်္ဂါလီများအား ဘင်္ဂလားဒက်ရှ် ပြန်လည်လက်ခံမည်။ အာသံ အိန္ဒိယနိုင်ငံသားဥပဒေဆန့်ကျင်ရေး အဓိကရုန်းတွင် ဘင်္ဂလားဒက်ရှ်သံအမတ်ကြီး၏ မော်တော်ယာဉ်တန်း ရမ်းကားဖျက်ဆီးခံရ။

အိန္ဒိယနိုင်ငံတွင် တရားမဝင်ရောက်ရှိနေသော မိမိနိုင်ငံသားဆိုသူတို့အား ပြန်လည်ခေါ်ယူရန် စာရင်းတောင်းခံထားပြီး အိန္ဒိယအမျိုးသားမှတ်ပုံတင်သက်သေခံထုတ်ပေးရေးအတည်ပြုဆောင်ရွက်ခြင်းကြောင့် နှစ်နိုင်ငံအကြား ခိုင်မြဲသော ချစ်ကြည်ရေးအစဉ်အလာအပေါ် အကျိုးသက်ရောက်မှု့ မရှိကြောင်း ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်ဟု အိန္ဒိယအခြေစိုက် opindia ဒစ်ဂျစ်တယ်မီဒီယာက ယနေ့ရေးသားသည်။

အိန္ဒိယတွင် တရားမဝင် ရောက်ရှိနေသည့် ဘင်္ဂလားဒက်ရှ်နိုင်ငံသားများစာရင်းကို တောင်းဆိုထားပြီး အမှန်တကယ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပါ ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း၊ သို့သော် ၎င်းအစီအစဉ်အရ မဟုတ်ပဲ ဘင်္ဂလားဒက်ရှ်သို့ ဝင်ရောက်လာသူများကို မိမိတို့ အစိုးရအနေဖြင့် ဖမ်းဆီးကာ ပြန်ပို့ရလိမ့်မည်ဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေအဗ္ဗဒူမိုမန်က ဆက်လက်ပြောဆိုသည်။

အိန္ဒိယအမျိုးသားမှတ်ပုံတင်သက်သေခံထုတ်ပေးရေးအတည်ပြုဆောင်ရွက်ခြင်းမှာ အိန္ဒိယအစိုးရ၏ ပြည်တွင်းရေးကိစ္စသာဖြစ်ပြီး ထိုအတွက်နှင့် နှစ်နိုင်ငံချစ်ကြည်ရေးအစဉ်အလာကောင်းများ ပျက်ပြားရန်မရှိကြောင်း opindia မီဒီယာ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။

ဝန်ကြီးမိုမန်သည် လွန်ခဲ့သည့်ရက်သတ္တပတ်၌ အိန္ဒိယသို့ လာရောက်ရန်ရှိသော်လည်း အခြားအစီအစဉ်များနှင့် တိုက်ဆိုင်နေခြင်းကြောင့် ခရီးစဉ်ဖျက်သိမ်းခဲ့ရသည်ဆိုသည်။

အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒက်ရှ်နိုင်ငံလွတ်မြောက်သည့် ၁၉၇၁-ခုနှစ် မတ်လ ၂၅ ရက်နေ့မတိုင်မီ ၎င်းနိုင်ငံအတွင်းရောက်ရှိနေသော ဘင်္ဂါလီများအား အိန္ဒိယနိုင်ငံသားအဖြစ် အသိအမှတ်ပြုခဲ့သည်။ အိန္ဒိယနိုင်ငံအတွင်း ခိုးဝင် ၄-သန်းရောက်ရှိနေကြောင်း သတင်းများနှင့်အတူ ခိုးဝင်များနှင်ထုတ်ရေး ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ခဲ့သော နာရင်ဒြာမိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီ ( BJP ) ပါတီမှာ အနိုင်ရရှိခဲ့သည်။

အိန္ဒိယ၏ လွန်ခဲ့သည့် သြဂုတ်လ အာသံပြည်နယ် လူဦးရေစစ်ဆေးရာတွင် မွတ်စလင်အများစုဖြစ်သော လူပေါင်း ၁.၉ သန်းမှာ နိုင်ငံသားအဖြစ် အတည်ပြုရန် ခိုင်လုံခြင်းမရှိသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

၎င်းတို့သည် ရက်ပေါင်း ၁၂၀ အတွင်း သက်ဆိုင်ရာ တရားရုံးခွဲများ၌ အထောက်အထားပြသ၍ နိုင်ငံသားလျှောက်ထားကြရမည်ဖြစ်သည်။ နိုင်ငံမဲ့အဖြစ် သတ်မှတ်ခံရသူများသည် လူဝင်မှု့ကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်ခံရဖွယ်ရှိခြင်းကြောင့် ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲများက ကန့်ကွက်လျှက်ရှိသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်တွင် အိန္ဒိယက နိုင်ငံသားခံယူခွင့် နောက်ဆက်တွဲပြင်ဆင်ချက်ဥပဒေကြမ်း CAB ကို အတည်ပြုခဲ့သည်။ အဆိုပါဥပဒေအရ ၂၀၁၄-ခုနှစ် ဒီဇင်ဘာ ၃၁-ရက်နေ့မတိုင်မီ ပါကစ္စတန်-ဘင်္ဂလာ ဒက်ရှ်နှင့် အာဖဂန်နစ္စတန်တို့မှ ဝင်ရောက်လာခဲ့ပြီး ပြည်တွင်းနယ်မြေ အစိတ်အပိုင်း၌ အခြေချနေထိုင်သူများအား နိုင်ငံသားပြုခွင့်ပေးထားသည်။ ထို့သို့ နိုင်ငံသားပြုခွင့်ရရှိနိုင်သူများမှာ ဟိန္ဒူ-ခရစ်ယာန်-ဆစ်ခ်-ဗုဒ္ဓဘာသာ-ဂျိန်းနှင့် ဇိုရိုအက်စတာဘာသာဝင် စသည့်ဖြင့် ဘာသာဝင် ၆-မျိုးတို့အတွက်ဖြစ်သာဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များ ပါဝင်ခြင်း မရှိချေ။

CAB ဥပဒေကို ကန့်ကွက်ဆန္ဒပြမှု့များ အာသံပြည်နယ်တွင်ဖြစ်ပွားခဲ့ပြီး ပြည်နယ်အတွင်း တင်းမာမှု့များမှာ ရက်သတ္တပတ်အတွင်း လျှင်မြန်စွာ ပြန့်နှံ့ကြီးထွားလာခဲ့သည်။ မြို့တော်ဂွာဝါဟတီတွင် ကန့်ကွက်သူများသည် ဥပဒေကြမ်းမိတ္တူများကို စက်ဆုပ်ရွံ့ရှာစွာ မီးရှို့ဆန္ဒပြခဲ့ကြပြီး ကားတာယာနှင့် မော်တော်ယာဉ်များအား မီးတင် ရှို့ခဲ့ကြသည်။ ဗုဒ္ဓဟူးနေ့ညတွင် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ကို ပြောပြောင်တင်းတင်း ဖီဆန်မှု့များ ဖြစ်ပေါ်ခဲ့၍ အိန္ဒိယဗဟိုအစိုးရက နိုင်ငံ၏ အခြားဒေသမှ စစ်ဖက်တပ်ဖွဲ့ဝင်များအား အာသံပြည်နယ်အတွင်း စေလွှတ်ဖြန့်ချသည်ကို တွေ့ရှိရသည်။ အင်တာနက်အဆက်အသွယ်ဖြတ်တောက်၍ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ထုတ်ပြန်ခဲ့ရပြီး လူ ၂-ဦးသေဆုံး၍ အများအပြား ဒါဏ်ရာရရှိသည်။

အဓိကရုန်းများဖြစ်ပွားနေစဉ် မြို့တော်ဂွာဝါဟတီ၌ အိန္ဒိယနိုင်ငံဆိုင်ရာ ဘင်္ဂလားဒက် ဒုတိယသံအမတ်ကြီး၏ မော်တော်ယာဉ်တန်းမှာ ဆူပူသူလူစုလူဝေးတို့က လက်သရမ်းဖျက်ဆီးခြင်းခံရသည်။

နိုင်ငံသားဥပဒေနောက်ဆက်တွဲအပေါ် ကန့်ကွက်ဆန္ဒပြမှု့များသည် တမြန်နေ့တွင် နယူးဒေလီမြို့တော်သို့ ကူးစက်လာခဲ့သည်။ ဂျမီးယားမီလီယာအစ္စလာမ်မီးယားတက္ကသိုလ်ကျောင်းသားများက ကန့်ကွက်ဆန္ဒပြရာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရုန့်ရင်းဆန်ခတ်ဖြစ်ပွားသည်။ မြို့အချက်အချာကျရာ နယ်မြေတွင် မငြိမ်မသက်မှု များဖြစ်ပေါ်လျှက်ရှိပြီး ကျောင်းသား ၁၀၀ ကျော်ဒါဏ်ရာရရှိ၍ ၅၀ ခန့် ထိန်းသိမ်းခြင်းခံရသည်။

ကျောင်းသားများအခိုင်အမာသပိတ်စခန်းဖွင့်ရာ တက္ကသိုလ်စာကြည့်တိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စီးနင်းရှင်းလင်းပြီးနောက် အခြေအနေတည်ငြိမ်အေးချမ်းသွားပြီဖြစ်ကြောင်း France24 က ယမန်နေ့ရေးသားသည်။

(( အိန္ဒိယနိုင်ငံတွင် အထောက်အထားပြသနိုင်ခြင်းမရှိသူများတွင် ဘင်္ဂလားဒက်ရှ်မှတဆင့် မြန်မာနိုင်ငံမှ ထွက်ခွာလာသူများပါဝင်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးက ပါလီမန်တွင်ပြောဆိုခဲ့သည်။

လွန်ခဲ့သည့် လများမှစ၍ ဆော်ဒီအာရေးဗီးယားအစိုးရသည် ၎င်းနိုင်ငံရောက် အထောက်အထားမဲ့ ဘင်္ဂလားဒက်ရှ်နိုင်ငံသားများကို ရှာဖွေဖမ်းဆီးပြီး ဘင်္ဂလားဒက်ရှ်သို့ ပြန်ပို့လျှက်ရှိသည်။ ၎င်းတို့တွင် မြန်မာနိုင်ငံရခိုင်မြောက်ဖျားကွက်ကွက်လေးတွင်သာရှိသော ရိုဟင်ဂျာဆိုသူများလည်း ပါဝင်နေသည်။

၎င်းတို့သည် ဘင်္ဂလားဒက်ရှ်သို့ ရောက်ရှိလာခဲ့လျှင် ကော့ခ်ဘဇားဒုက္ခသည်စခန်းသို့ ပို့ဆောင်ခံရဖွယ်ရှိသည်။ ယခုလည်း အာသံပြည်နယ်ရှိ နိုင်ငံမဲ့ ၁.၉ သန်းတွင် ရိုဟင်ဂျာဆိုသူမည်မျှပါဝင်နေမည်ဆိုခြင်းမှာ စိတ်ဝင်စားဖွယ်ရှိလေသည်။ ။ သတင်းဘာသာပြန်သူ ))

(((opindia., Dec. 16, 2019.” Bangladesh asks for list of illegal citizens living in India, says will allow them to return. “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆို သည်။ ))) #အိန္ဒိယခိုးဝင်ဘင်္ဂါလီ #အာသံနိုင်ငံသားဥပဒေကန့်ကွက်အဓိကရုန်း

0

Leave a Reply

Your email address will not be published.