အိန္ဒိယပြည်ထဲရေးဝန်ကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်လျှက်ရှိကြောင်း တွေ့ရှိ။ ဝေဒနာ မသက်သာသဖြင့် ဆေးရုံတင်ကုသနေရကြောင်း သတင်းထွက်ပေါ်၊ ပြည်တွင်းအခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းကိုယ်စားလှယ်အပြင် ပါတီနှင့် အစိုးရအဖွဲ့ အကြီးအကဲတို့နှင့် တွေ့ဆုံခဲ့

အိန္ဒိယနိုင်ငံ ယူနီယံပြည်ထဲရေးဝန်ကြီး အမစ်ရှား ( ၅၅-နှစ် ) တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်လျှက်ရှိကြောင်း ဆေးစစ် တွေ့ရှိသဖြင့် နိုင်ငံ့မြောက်ပိုင်း ဂူရုဂရမ်ရှိ မက်ဒန်တာဆေးရုံတွင်တက်ရောက် ကုသမှုခံယူလျှက်ရှိ ကြောင်း Hindustan Times က ယနေ့ရေးသားသည်။ 

  
အိန္ဒိယအစိုးရအဖွဲ့တွင် ပထမဆုံးသော ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခြင်းခံရသူ ဖြစ်လာသည့် ပြည်ထဲရေးဝန်ကြီးက ၎င်း၏ Twitter စာမျက်နှာတွင် ဖော်ပြရာ၌ ကနဦး ရောဂါလက္ခဏာများပြသသည်ကို တွေ့ရှိရပြီးနောက်၊ စမ်းသပ်စစ်ဆေးရာတွင် Covid-19 ရောဂါပိုး ကူးစက်လျှက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိမှာ လန်းဆန်းစွာရှိနေသော်လည်း ဆရာဝန်များ၏ အကြံပြုချက်အရ ဆေးရုံ၌ တက်ရောက်လျှက်ရှိ ကြောင်း၊ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း မိမိနှင့် အဆက်အသွယ်ရှိသူများကို သီးခြားခွဲထုတ်၍ စမ်းသပ် စစ်ဆေးမှု ပြုလုပ်ပါရန် တိုက်တွန်းရေးသားသည်။ 


နာရင်ဒြာမိုဒီ၏ အရင်းနှီးဆုံးနိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ပြည်ထဲရေးဝန်ကြီးသည် လွန်ခဲ့သည့်ရက်များအတွင်း အလုပ်တာဝန်များ ဆက်တိုက်ထမ်းဆောင်ခဲ့ရကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဝန်ကြီးချုပ် နာရင်ဒြာမိုဒီကိုယ်တိုင် ဥက္ကအဖြစ် ကြီးမှူးကျင်းပသည့် အစိုးရအဖွဲ့၏ အမျိုးသားပညာရေးပေါ်လစီသစ် ချမှတ်ရေး အစည်းအဝေးတွင် တက်ရောက်ခဲ့ကြောင်း၊ သို့သော် ဝန်ကြီးချုပ်နေအိမ်တွင် ကျင်းပသည့် အစည်းအဝေးမှာ Social Distancing လူချင်းနီးကပ်မှု ဝေးကွာစေရေး စည်းကမ်းအတိုင်း တင်းကြပ်ထားရှိခဲ့ကြောင်း၊ လွန်ခဲ့သည့်လ၌ ဝန်ကြီးချုပ်နေအိမ်တွင် ကျင်းပသည့် အစည်းဝေးများသည်လည်း လက်သန့်စင်ခြင်း၊ ကိုယ်အပူအချိန်တိုင်းခြင်းအပါအဝင် Aarogya Setu အက်ပလီကေးရှင်းအသုံးပြု၍ လူတစ်ဦးချင်းစီ၏ ကျန်းမာအခြေအနေကို ခွဲခြမ်းစိစစ်မှု ပြုလုပ်ခဲ့ကြောင်း အိန္ဒိယအစိုးရအရာရှိများက ပြောဆိုသည်။ 

  
ပြည်ထဲရေးဝန်ကြီးအနေဖြင့် လာမည့် သြဂုတ် ၅-ရက်နေ့တွင် အယုဒ္ဓယရှိ ရာမဘုရားကျောင်း မြေသန့်မင်္ဂလာအခန်းအနားသို့ တက်ရောက်ရန်မှာ ပျက်ကွက်ဖွယ်ရှိနေသည်။ လွန်ခဲ့သည့်ရက်အတွင်း ပြည်ထဲရေးဝန်ကြီးသည် အိန္ဒိယအခြေစိုက် နိုင်ငံတကာအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ပါတီနှင့်အစိုးရအဖွဲ့ အကြီးအကဲတို့နှင့် တွေ့ဆုံခဲ့ရာ မည်သူ မည်ဝါများဖြစ်သည်ကို အတိအကျ မသိရှိရသေးချေ ။ 


မက်ဒန်တာဆေးရုံနှင့် နီးစပ်သူတစ်ဦးကမူ အမစ်ရှားမှာ ဝေဒနာသက်သာပုံမရကြောင်း၊ ညနေ ၄း၃၀ ခန့်တွင် အတွင်းလူနာအဖြစ် ကုသမှုခံယူရန် ဆေးရုံတင်လိုက်ရခြင်းဖြစ်ကြောင်း ပြောဆိုသည်။ 

#ကိုရိုနာဗိုင်းရပ်စ်အိန္ဒိယပြည်ထဲရေးဝန်ကြီး


((( Hindustan Times., Aug 03, 2020 , “Home minister Amit Shah tests Covid-19 positive, hospitalized. By: Neeraj Chauhan.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ ))) 

https://www.hindustantimes.com/india-news/home-minister-amit-shah-tests-covid-19-positive-hospitalised/story-pX63GS9VN3rMdamu69iP5N.html

 

0

Leave a Reply

Your email address will not be published.