အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့်အတူ ဘင်္ဂလားဒေ့ရှ်သို့ ကာကွယ်ဆေး လက်ဆောင် ၁.၂-သန်း ရောက်ရှိလာမည်။ အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် Covid-19 ကူးစက်-သေဆုံးနှုန်း ပြန်လည်မြင့်တက်နေ။ ဘင်္ဂလားဒေ့ရှ်ပြည်သူ ၅-သန်းခန့် ကာကွယ်ဆေး ထိုးနှံနိုင်ခဲ့ပြီး မေ-၂၃ ၌ စာသင်ကျောင်းများ ပြန်ဖွင့်မည်။


ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယထံမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး ၁.၂-သန်းကို မေတ္တာလက်ဆောင်အဖြစ် ထပ်မံရရှိမည်ဖြစ်ပြီး လေကြောင်းခရီးအဖြစ်တင်ပို့လိုက်သော ကာကွယ်ဆေးများမှာ သောကြာနေ့နံက် ၈ နာရီခန့်တွင် ဒါကာမြို့သို့ရောက်ရှိမည်ဖြစ်ကြောင်း #ကူးစက်ခြင်းမရှိသော_ရောဂါများထိန်းချုပ်ရေးဆိုင်ရာ ဋ္ဌာ နမှ ညွှန်ကြားရေးမှူး ဒေါက်တာမိုဟာမက်ရော်ဘက်အမင်က ပြောဆိုသည်ဟု bdnews24 ဒစ်ဂျစ်တယ်မီဒီ ယာက ယမန်နေ့ရေးသားသည်။

၎င်းနေ့၌ပင် #အိန္ဒိယဝန်ကြီးချုပ်မိုဒီသည် #ဘင်္ဂလားဒေ့ရှ်နိုင်ငံလွတ်လပ်ရေးနေ့_ရွှေရတုသဘင်နှင့် အမျိုးသားဖခင်ကြီး #ရှိတ်မူဂျီဘူရာမန်၏_နှစ်ရာပြည့်မွေးနေ့ပွဲ အခန်းအနားတက်ရောက်ရန် ဒါကာသို့ ရောက်ရှိလာမည် ဆို၏။

အိန္ဒိယနိုင်ငံ ဆီရမ်အင်စတီကျု့ဒ်မှထုတ်လုပ်သော အောက်စဖို့ဒ်-အက်စ်ထရာဇီနီကာ Covid-19 ရောဂါကာကွယ်ဆေး ကြိမ်ရေပမာဏ ၂-သန်းကို ချစ်ကြည်ရေးလက်ဆောင်အဖြစ် လွန်ခဲ့သည့် ဇန်နဝါရီလတွင် ရရှိခဲ့ပြီး ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အနေဖြင့် ၎င်းအမျိုးအစား ကာကွယ်ဆေး သန်း ၃၀ ဝယ်ယူရန် ဆီရမ်ကုမ္ပဏီနှင့့်စာချုပ်ချုပ်ဆိုထားခဲ့ပြီး ချစ်ကြည်ရေးမေတ္တာလက်ဆောင်ရရှိသည့် ဆေးဝါးများမှာ ဝယ်ယူသည့်ဆေးဝါးများနှင့် သက်ဆိုင်ခြင်းမရှိ သီးခြားစီဖြစ်ကြောင်း သိရှိရသည်။

လွန်ခဲ့သည့် ဇန်နဝါရီလ ၂၇-ရက်နေ့တွင် ဒါကာမြို့ ကာမင်တူလာအထွေထွေရောဂါကုဆေးရုံကြီး၏ သူနာပြု တစ်ဦးအား ပထမဆုံး ဆေးထိုးနှံပေးခြင်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြာမြင့်စွာ စောင့်မျှော်ခဲ့ရသည့် ကာကွယ်ဆေးထိုးနှံခြင်းကို အပြည့်အစုံလေ့ကျင့်မှု စတင်ခဲ့ရသည်။

ဘင်္ဂလာဒေ့ရှ်ပြည်သူများအနက် လူဦးရေ သန်း ၁၃၀ တို့အား ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်အရ လူအမြောက်အများတို့ကို တပြိုင်နက်တည်း ထိုးနှံပေးခြင်းမှာမူ ဖေဖော်ဝါရီ ၇-ရက်နေ့ရောက်မှသာလျှင် စတင်နိုင်ခဲ့သည်။ မတ်-၂၂ ရက်နေ့အထိ ကာကွယ်ဆေး ထိုးနှံပြီးစီးသည့် ပြည်သူ ၄.၈ သန်း ရှိနေပြီး ဆက်လက်၍ ထိုးနှံမည့်သူ ၆.၂-သန်းကို မှတ်ပုံတင်ထားကြောင်း ကျန်းမာရေးအထွေထွေဝန်ဆောင်မှုဆိုင်ရာ ညွှန်ကြားမှုဦးစီး ဋ္ဌာန DGHS က ပြောဆိုခဲ့သည်။

ယမန်နေ့ မတ်-၂၅ ၌ အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခြင်းခံရသူ ၅၃,၄၇၆-ဦး ထပ်မံတိုးမြင့်လာခဲ့ရာ လွန်ခဲ့သည့် အောက်တိုဘာ ၂၃-ရက်နေ့မှ စတင်ရေတွက်လျှင် ၅-လအတွင်း အများဆုံး လူနာဦးရေဖြစ်သည်။ Covid-19 ရောဂါဖြင့် ၂၄-နာရီအတွင်း သေဆုံးသူအရေအတွက်မှာလည်း ၂၅၁-ဦးရှိနေပြီး ယခုထိ စုစုပေါင်း အသက်ဆုံးရှုံးရသူ ၁-သိန်းခွဲကျော် (၁၆၀,၆၉၂-ဦး) ဖြစ်လာခဲ့သည်။ အိန္ဒိယသည် လူ ၁၂-သန်းနီးပါး (၁၁.၈-သန်း) ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်လျှက်ရှိခြင်းဖြင့် နိုင်ငံတကာတွင် အမေရိကန်နှင့် ဘရာဇီးပြီးလျှင် တတိယမြောက် အများဆုံးနိုင်ငံဖြစ်သည်။

အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း ယမန်နေ့ (မတ်-၂၅)တွင် တစ်ရက်တာအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် သေဆုံးသူ ၃၄-ဦးရှိနေပြီး လွန်ခဲ့သည့် ဒီဇင်ဘာ ၂၀-ရက်နေ့မှ စတင်ရေတွက်လျှင် ၃-လအတွင်း အသက်ဆုံးရှုံးရသူ အများဆုံးပမာဏဖြစ်သည်။ ယခုထိ စုစုပေါင်း သေဆုံးသူအရေအတွက်မှာလည်း ရှစ်ထောင်ရှစ်ရာနီးပါး( ၈၇၉၇-ဦး) ဖြစ်လာသည်။ ၂၄-နာရီအတွင်း နိုင်ငံတစ်ဝှန်းလုံးမှ စစ်ဆေးရန် ကောက်ယူခဲ့သည့် နမူနာပေါင်း ၂၇,၀၄၅-ဦးတို့တွင် Covid-19 ရောဂါပိုးတွေ့ရှိသူ အရေအတွက် ၁၃.၂၆ % ရှိ၍ စစ်ဆေးမှု ခံယူသူများတွင် သေဆုံးမှု အချိုးအစားမှာ ၁.၅၁% ရှိသည်။
..
ဘင်္ဂလားဒေ့ရှ်အစိုးရသည် တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းနှင့် ပညာရေးဆိုင်ရာအင်စတီကျု့ဒ်များအားလုံးကို လာမည့် မေလ ၂၃-ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့် ပြူမည်ဖြစ်ကြောင်း bdnews24 ၏ အခြားသတင်း တစ်ပုဒ်တွင် တွေ့ရှိရသည်။

#ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ရောဂါကြောင့် တစ်နှစ်ကျော်ကြာပိတ်ပင်ထားခဲ့ရသော စာသင်ခန်းများအား #အိဒ်ပွဲတော် အားလပ်ရက်များအပြီး ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ သင်ယူသူများကိုယ်တိုင် စာသင်ခန်းများသို့ မရောက်မချင်း အွန်လိုင်းမှတဆင့် ဆက်လက်ပို့ချပေးသွားမည်ဖြစ်ကြောင်း #ဘင်္ဂလားဒေ့ရှ်ပညာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကြာသပတေးနေ့တွင် ပညာရေးဝန်ကြီးဋ္ဌာနနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုင်ရာ အမျိုးသားအကြံပေးကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ ကျောင်းသားများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသားမိဘများ အတွက်ပါ ခြုံငုံသုံးသပ်ခဲ့ကြောင်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ပညာရေးအင်စတီကျု့ဒ်များကို မေ-၂၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ရန် ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် အမ်အေ ခါဟီရာက ရှင်းပြသည်။

ကျောင်းဖွင့်သည့်ကာလတွင် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် ဝန်ဆောင်မှုဆိုင်ရာအမှူထမ်းများသည် ကျန်းမာရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ကြောင်း၊ ပညာရေးအင်စတီကျု့ဒ်တို့အနေဖြင့် လူကိုယ်တိုင်တက်ရောက်သင်ယူရမည့် ပညာသင်ကြားရေးအတွက် ကျန်းမာရေးဆိုင်ရာ ပထမဦးစားပေးအဖြစ် ဆောင်ရွက်ထားရှိရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

ယခုလစောသောပိုင်း၌မူ ကိုရိုနာဗိုင်းရပ်ရောဂါဖြစ်ပွားနှုန်း ဆက်လက်မြင့်တက်လာပါက ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ပညာရေးဆိုင်ရာအင်စတီကျု့ဒ်များ ပြန်လည်ဖွင့်လှစ်ခြင်းကိစ္စကို ပြန်လည်သုံးသပ်ရလိမ့်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒီပူမိုနီက ပြောဆိုခဲ့ဖူးသည်။

(( ယခုသတင်းကိုဖတ်ရှုရင်း ကျွန်တော်များသည် တစ်စုံတစ်ရာတွင် အကြီးအကျယ်လွဲချော်နေပြီဖြစ်ကြောင်း ရိုးသားစွာ ယုံကြည်ပါသည်။ ကျွန်တော်တို့ပြည်တွင်း လက်ရှိအကြပ်အတည်းသည် ရက်ပိုင်းအတွင်းဖြစ်ပေါ်လာမှု၏ ရလဒ်မဟုတ်ပါ။ နှစ်ကာလချီ တည်ရှိခဲ့သည့် အငြိုးအတေး၊ အာဃာတနှင့် မုန်းတီးမှုတို့၏ အမြင့်ဆုံး အကျိုးဆက်သာဖြစ်ပါ၏။

ရက်ပိုင်းအတွင်း Facebook တွင် မြင်တွေ့ရသော ပြည်တွင်းသတင်း အများစုသည်အတုများဖြစ်နေသည်။ ထိုသို့သောကာလတွင် မီဒီယာကြီးဟူ၍ ဖော်ပြသမျှ ဓါတ်ပုံ၊ ဗွီဒီယိုတို့ကို ယုံကြည်၍ မရတော့ပါ။ ဓါတ်ပုံဟောင်း၊ ရုပ်သံဟောင်းသာမက ဖိုတိုရှော့နှင့် လိုသလို တည်းဖြတ်ထားသော ထိန်ချန်/ပုံကြီးချဲ့/တစ်ဖက်သပ်သတင်းများ ရောပါနေသည်။

ထိုသို့သော သတင်းများနှင့် သူ့အုပ်စုနှင့်သူ သတင်းမျှဝေလျှက်ရှိသော အခါသမယတွင် ကောသလ္လအိပ်မက် ၁၆-ချက်မှာ နည်းပင်နည်းချေသေးတော့သည်။ အနာဂါတ် မရှိတော့သည့်အလား ဓမ္မ-အဓမ္မဟု အပြန်အလှန် ဆိုင်းဘုတ်ချိတ်ကာ ဂုဏ်ဆာကြယုံမက သေချာအောင် မျက်နှာတွင် တက်တူးပါ ထိုးပေးနေချေသည်။ ရလဒ်မှာ အဖိုးတန် အရွယ်ကောင်း ကျား-မလူငယ်လေးများ လမ်းများပေါ်တွင် အသက်ဆုံးရှုံးရခြင်းဖြစ်သည်။ 

..


https://bdnews24.com/bangladesh/2021/03/25/bangladesh-to-receive-1.2m-vaccine-doses-as-gift-from-india
https://bdnews24.com/coronavirus-pandemic/2021/03/21/bangladesh-administers-over-4.8-million-covid-vaccine-doses
https://bdnews24.com/neighbours/2021/03/25/india-s-daily-covid-19-infections-rise-to-five-month-high
https://bdnews24.com/bangladesh/2021/03/25/bangladeshs-covid-death-count-rises-by-34-most-in-3-months
https://bdnews24.com/education/2021/03/25/bangladesh-to-reopen-educational-institutions-on-may-23 

Leave a Reply

Your email address will not be published.