အိန္ဒိယဝန်ကြီးချုပ်၏ ပုဂ္ဂိုလ်ရေး ဝက်ဘ်ဆိုဒ် ဖောက်ထွင်းတိုက်ခိုက်ခံရပြီး ထောက်ခံသူများထံမှ အလှူငွေ ကောက်ခံနေကြောင်း Twitter အတည်ပြု၊ နိုင်ငံတကာ ထင်ရှားသူအများအပြား၏ Twitter အကောင့်များ တိုက်ခိုက်သိမ်းယူခံရ

လွန်ခဲ့သည့် ဇူလိုင်လတွင် နိုင်ငံတကာထင်ရှားသူပုဂ္ဂိုလ်များ၏ Twitter အကောင့် အများအပြားတို့အား ဖောက်ထွင်းတိုက်ခိုက်မှုတို့ ဖြစ်ပွားခဲ့သည်။ ယခုနောက်ဆုံး ကြာသပတေးနေ့၌ တိုက်ခိုက်ခံရသူမှာ အိန္ဒိယမှ နာရင်ဒြာမိုဒီ ဖြစ်ပြီးလျှင် ဖောက်ထွင်းသိမ်းယူခံရသော ဝန်ကြီးချုပ်၏ ဝက်ဘ်ဆိုဒ်မှနေ၍ ထောက်ခံသူတို့အနေဖြင့် အကူအညီပေးရေး အလှူငွေများကို Cryptocurrency ခေါ် ဒစ်ဂျစ်တယ်ငွေကြေးဖြင့် ထည့်ဝင်ကြပါရန် ကောက်ခံလျှက်ရှိသည်ဟု Reuters က ယနေ့ရေးသားသည်။

အိန္ဒိယဝန်ကြီးချုပ်၏ အကောင့်၌ ထူးခြားမှုများကို သတိထားမိပြီး ထိရောက်စွာ စုံစမ်းလျှက်ရှိကြောင်းနှင့် ဆိုင်ဘာလုံခြုံရေးအတွက် တိုးမြှင့်ဆောင်ရွက်လျှက်ရှိပြီး နောက်ထပ်အခြားအကောင့်များလည်း တိုက်ခိုက်ခံရခြင်း ရှိ-မရှိကိုမူ မသိရသေးဟု Twitter က ပြောဆိုသည်။ ယခုအဖြစ်အပျက်နှင့်ပတ်သက်၍ သဘောထားမှတ်ချက်ပေးရန်တောင်းဆိုချက်ကို အိန္ဒိယဝန်ကြီးချုပ်ရုံးက လောလောဆယ် အကြောင်းပြန်ကြားခြင်း မရှိပေ။

မိုဒီက Twitter တွင် ကိုယ်ပိုင်ဝက်ဘ်ဆိုက်အဖြစ် (www.narendramodi.in/) နှင့် မိုဘိုင်း အက်ပလီကေးရှင်းတို့ကို တရားဝင်အသုံးပြုလျှက်ရှိပြီး ဖော်လိုဝါ ၂.၅ သန်းကျော်ရှိနေသည်။ သို့သော် ဖော်လိုဝါ ၆၁-သန်းကျော်ရှိနေသော အကောင့်တွင်မူ အကျိုးသက်ရောက်ခြင်း မရှိဟု ဆို၏။ ဖောက်ထွင်းတိုက်ခိုက်ခြင်းခံရသော ဝက်ဘ်ဆိုဒ်မှနေ၍ ဖျက်သိမ်းပြီးဖြစ်သည့် အမျိုးသားအကူအညီပေးရေး ရံပုံငွေအဖွဲ့သို့ ဒစ်ဂျစ်တယ်ငွေကြေးဖြင့် ထည့်ဝင်လှူဒါန်းကြရန် စာသားများ လွှင့်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဇူလိုင်လတွင် အမေရိကန်သမ္မတလောင်းဂျိုးဘိုင်ဒန်၊ အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားနှင့် ဘီလျံနာသူဋ္ဌေး အယ်လွန်မတ်စ်တို့ အပါအဝင် လူမှုကွန်ယက်ပလက်ဖောင်းအသုံးပြုသည့် ထိပ်သီးပုဂ္ဂိုလ်အချို့တို့တွင် ဟက်ကာများက Twitters ၏ အတွင်းပိုင်းစနစ်များအတွင်း ဝင်ရောက်အပိုင်စီးလျှက် ဒစ်ဂျစ် တယ်ငွေကြေးဖြင့် တောင်းခံမှုများဖြစ်ပေါ်ခဲ့သည်။

#အိန္ဒိယဝန်ကြီးချုပ် #ပုဂ္ဂိုလ်ရေးဝက်ဘ်ဆိုဒ် #ဖောက်ထွင်းတိုက်ခိုက်ခံရ #ဒစ်ဂျစ်တယ်ငွေကြေး

((( Dhaka Tribune., September 3rd, 2020, “Twitter confirms account of India PM Modi’s personal website hacked.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာ ပြန်ဆိုသည်။ )))

https://uk.reuters.com/article/twitter-cyber-india-modi/update-2-twitter-confirms-account-of-india-pm-modis-personal-website-hacked-idUKL4N2FZ4BN

https://www.dhakatribune.com/world/south-asia/2020/09/03/twitter-confirms-account-of-india-pm-modi-s-personal-website-hacked

1+

Leave a Reply

Your email address will not be published.