အိန္ဒိယ၏ အဆင်းရဲဆုံးပြည်နယ် ၂-ခုတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ရေလွှမ်း မိုးမှုကြောင့် အခက်တွေ့။ မုတ်သုန်ဝင်ရောက်ကတည်းက လူ ၈-သန်း ရေဘေးသင့်၍ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀ ကျော်ခဲ့

ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားလျှက်ရှိသော အိန္ဒိယနိုင်ငံတွင် မုတ်သုန်မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေလွှမ်းမိုးမှုဖြစ်ပွားလျှက်ရှိသည်။ အဆင်းရဲဆုံးပြည်နယ် ၂ ခု ဖြစ်သော ဘီဟာနှင့် အာသံတို့တွင် မေလတည်းက ယခုထိ ရေကြီးရေလျှံခြင်းကြောင့် လူ ၈-သန်း ရေဘေးဒုက္ခသည်ဖြစ်ရပြီး၊ Covid-19 ကြောင့် သေဆုံးသူ ၁၁၁-ဦး ရှိနေပြီဖြစ်ကြောင်း အင်္ဂါနေ့တွင် အာဏာပိုင်များက ပြောဆိုသည်ဟု bdnews24 က ယမန်နေ့ ရေးသားသည်။ 

  
အရှေ့မြောက်ပိုင်း အာသံပြည်နယ်ရှိ ဗြဟ္မပုတ္တရမြစ်သည် မြို့/ရွာများစွာတို့တွင်“ အန္တရာယ်အမှတ် ” အထက်တွင် ရှိနေပြီး အရှေ့ပိုင်းရှိ ဘီဟာပြည်နယ်တွင် ယခုရက်သတ္တပတ်အတွင်း သည်းထန်စွာ ရွာသွန်းလျှက်ရှိသော မုတ်သုန်မိုးမှာ ဗုဒ္ဓဟူးနေ့တိုင်အောင် ဆက်လက်ကြုံတွေ့နိုင်ကြောင်း တာဝန်ရှိသူများက ခန့်မှန်းထားသည်။

  
ဇွန်လ ၁ ရက်နေ့ အိန္ဒိယတွင် မုတ်သုန်ရာသီစတင်ကတည်းက မိုးသည်းထန်ခဲ့ရာ အာသံပြည်နယ်သည် လွန်ခဲ့သည့် နှစ် ၅၀ အတွင်း ပျမ်းမျှထက်မိုးရေချိန်ထက် ၁၅% နှင့် ဘီဟာပြည်နယ်တွင် ၄၇ % ပိုမိုရွာသွန်းခဲ့သည်ဆို၏။ 

  
အာသံပြည်နယ်တွင် ရေကြီးရေလျှံမှုဒါဏ်ကို ခံစားရသူ လူပေါင်း ၅.၇ သန်းရှိခဲ့ပြီး ရေဘေးသင့်သူစခန်းများ၌ ယခုထိခိုလှုံနေရသူ ၄၅,၀၀၀ ကျော်ရှိနေဆဲဖြစ်သည်။ အမျိုးသားဥယျာဉ် ရေကြီးရေလျှံရာတွင် မျိုးတုန်းမည့် အန္တရာယ်ကြောင့် ရှားပါးတိရစ္တာန်အဖြစ် သတ်မှတ်ထားသည့် ဦးချိုတစ်ချောင်းပါ ကြံ့ ၉-ကောင် ထက်မနည်းမှာလည်း ရေနစ်သေဆုံးခဲ့ရကြောင်း သိရှိရသည်။ 


ဘီဟာပြည်နယ်တွင် လူပေါင်း ၂.၄ သန်းတို့မှာ ရေဘေးဒုက္ခသည်ဖြစ်ခဲ့ပြီး အစိုးရတည်ဆောက်ပေးထားသော စခန်းများ၌ ယခုထိ ခိုလှုံနေရသူ ၁၂,၈၀၀ -ဦး ရှိနေသည်။ ပြည်နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေဘေးခံစားရသူများအား နေရာထိုင်ခင်းပေးရာတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါတားဆီးကာကွယ်ရေး လူအချင်းချင်း ဝေးကွာစေရန်အတွက် အာဏာပိုင်တို့အား များစွာရှုတ်ထွေးစေသည်။ 


ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူ ၄၁,၀၀၀- ဦး ရှိနေပြီး စုစုပေါင်း သေဆုံးသူ ၂၅၅-ဦး ရှိနေခြင်းမှာ ကျန်းမာရေးဆိုင်ရာ ပြဿနာကြီးတစ်ခုဖြစ်သည်။ ဘီဟာပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါသည်ဦးရေမှာ မျှော်လင့်ထားသည်ထက် ပိုမိုများပြားနေပြီး ရေလွှမ်းမိုးမှုကပါ ထပ်ဆင့်ပြဿနာအဖြစ် ကြုံတွေ့နေရကြောင်း ပြည်နယ်လူထုကျန်းမာရေးညွှန်ကြားရေးမှူးချုပ် နေဗင်းချန်ဒရာပရာဆပ်က ပြောဆိုသည်။ 

  
ဤအတောအတွင်း အာသံပြည်နယ်သည် စက်တင်ဘာလလယ်တွင် အမြင့်ဆုံးဖြစ်လာမည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုအတွက်ကြိုတင်ပြင်ဆင်လျှက်ရှိသည်။ မှတ်တမ်းများအရဆိုလျှင် ပြည်နယ်အတွင်း သေဆုံးသူ ၈၆ ယောက်နှင့် ရောဂါပိုးကူးစက်ခံရသူ ၃၃,၅၀၀ ကျော် ရှိကြောင်း သိရှိရသည်။

  
(( နိုင်ငံတကာတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကပ်ကျရောက်လျှက်ရှိပြီး ယခုတိုင် နိုင်နင်းစွာ ထိန်းချုပ်နိုင်ခြင်း မရှိသေးပါ။ နိုင်ငံအချို့တွင် ရောဂါကူးစက်ခံရသူ နည်းသွားလိုက် ပြန်များလိုက် တွေ့ကြုံတွေ့နေရဆဲဖြစ်သည်။ 


မြန်မာသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်-သေဆုံးမှု အနည်းဆုံးနိုင်ငံများစာရင်းတွင် ပါဝင်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ရောဂါတားဆီးကာကွယ်ရေး ထိရောက်သောကြောင့်ဟု လုံးဝမထင်ပါ။ ကူးစက်ပျံ့ပွားမှု ထိန်းချုပ်ရေးအတွက် နိုင်ငံတကာ မဖြစ်မနေလိုက်နာမြဲ စံနှုန်းဖြစ်သော Mask မျက်နှာဖုံး ဝတ်ဆင်ခြင်းတည်ခုတည်း၌ပင် လိုက်နာသူ လူဦးရေအချိုးအစားကို မြန်မာပြည်အနှံ့ လူတိုင်းမျက်မြင်ကိုယ်တွေ့ဖြစ်သည်။ 

  
မြန်မာတွင် Covid-19 ရောဂါဖြစ်ပွားမှုကို ၂၃-မတ်၊၂၀၂၀ တွင် စတင်တွေ့ရှိသည်။ ဘင်္ဂလားဒက်ရှ် ( ၀၈-မတ်၊ ၂၀၂၀ )၊ အိန္ဒိယ ( ၃၀-ဇန်နဝါရီ၊ ၂၀၂၀ ) နောက်ကျပါသည်။ ထို့ကြောင့် ကူးစက်ရောဂါတားဆီးရေး တင်းကြပ်မှုများလည်း ထိုနိုင်ငံများထက် နောက်ကျသည်။ 

  
သို့သော်လည်း ကူးစက် သေဆုံးရေအတွက်မှာ သတင်းထုတ်ပြန်သည့်အတိုင်း အမှန်ဖြစ်နိုင်သည်။ ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ-မရှိ စစ်ဆေးနိုင်မှုမှာလည်း လူ ၁-သန်းလျှင် ၂,၀၆၄-ဦးရှိသည်။ မြန်မာထက် လူဦးရေ ၂-ဆနီးပါးရှိပြီး ကိုဗစ်-နိုင်တင်းရောဂါတားဆီးကာကွယ်ရေးတွင် နာမည်ကောင်းရနေသည့် ဗီယက်နမ်မှာ လူ ၁-သန်းလျှင် ၂,၈၂၃-ယောက်ဖြစ်ရာ မြန်မာသည် ကြေနပ်ဖွယ် အရေအတွက်ရှိသည်။ 


ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်-သေဆုံးရခြင်းတွင် လူမျိုးနွယ်အပေါ် မူတည်ကြောင်း သတင်းများဖတ်ရသည်။ ကျွန်တော်များတွင် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သည့် နီယန်ဒါသယ် ရှေးဦးလူ၏ မျိုးရိုးဗီဇကြွင်းကျန်မှု လက္ခဏာဖြစ်သည်ဟု ဆိုကြပါသည်။ ဖန်လုံအိမ်အာနိသင်ဓါတ်ငွေ့ အများဆုံးထုတ်လွှတ်သောနိုင်ငံများတွင် Covid-19 ရောဂါ အမြင့်ဆုံးအရေအတွက်တွေ့ရှိနေရသည်။ ထိုအကြောင်း သီးခြားရေးသားပါမည်။


ကာကွယ်ဆေးမှာ အစောဆုံး ယခုနှစ်ကုန်ပိုင်းတွင် ဖြစ်နိုင်သည်။ ထိုအတောအတွင် စီးပွားရေး လူမှုရေး အကြပ်အတည်း ဂယက်ကြောင့် Lock-down တားဆီးမှု ဖြေလျှော့ရန်၊ ကျောင်း၊ အလုပ်ရုံ၊ ဒေသတွင်း ခရီးသွားလာရေးတို့ကို နိုင်ငံအတော်များများတွင် အကန့်အသတ်နှင့် ပြန်ဖွင့်ပေးနေပြီဖြစ်သည်။

  
တရုတ်-အိန္ဒိယ-ဘင်္ဂလားဒက်ရှ်-မြန်မာ အိမ်နီးချင်း အာရှနိုင်ငံတို့တွင် မြန်မာသည် ကိုရိုနာဗိုင်းရပ်စ်နှိပ်စက်ခြင်းနှင့် ရေကြီးရေလျှံမှုကို အနည်းဆုံး ခံစားရသည့် နိုင်ငံဖြစ်နေသေးသည်။ မိုးလည်ပိုင်းရောက်လာသည့် ယခုထိ နေရာအတော်များများတွင် စိုက်နိုင် ပျိုးနိုင်နေသေးသည်။ 


ထိုစိုက်ပျိုးသီးနှံများသည် ကိုဗစ်အလွန် နိုင်ငံတကာတွင် ဈေးကောင်းရလာဖွယ်ရှိကြောင်း အဆိုးထဲက အကောင်းအဖြစ် မှန်းဆမိပါသည်။ ။ သတင်းဘာသာပြန်သူ ))

  
((( bdnews24., 28 Jul 2020 ,” Floods, coronavirus hobble two of India’s poorest states.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

  
#ကိုရိုနာဗိုင်းရပ်စ်_အိန္ဒိယရေကြီးရေလျှံမှု့ 


https://bdnews24.com/neighbours/2020/07/28/floods-coronavirus-hobble-two-of-india-s-poorest-states 

0

Leave a Reply

Your email address will not be published.