အိန္ဒိယ၏ နိုင်ငံသားဥပဒေသစ်မှာ မဟတ္တမဂန္ဓီနှင့် အခြားလွတ်လပ်ရေးတိုက်ပွဲဝင်သူများ၏ ဆန္ဒကို ဖြည့်ဆည်းပေးခြင်းဖြစ်ဟု ဝန်ကြီးချုပ် မိုဒီပြောဆို

အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီနှင့် အခြားလွတ်လပ်ရေးတိုက်ပွဲဝင်သူရဲကောင်းတို့သည် အိမ်နီးချင်း မွတ်စလင်အများစုနိုင်ငံများမှ ဘာသာရေးလူနည်းစုတို့ကို အိန္ဒိယနိုင်ငံအတွင်း ဝင်ရောက်လာစေရန် ဆန္ဒရှိခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ၏ နိုင်ငံသားဥပဒေသစ်မှာ ၎င်းတို့၏ ဆန္ဒနှင့်ကိုက်ညီစေရန် ရည်မှန်းထားခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် နာရင်ဒြာမိုဒီပြောဆိုသည်ဟု Russia Today က ယမန်နေ့ရေးသားသည်။

အနောက်ဘင်္ဂလားပြည်နယ် ဘင်္ဂလားဒက်ရှ်နယ်စပ် ဘဲလာမက်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသော လူထုအစည်းအဝေးပွဲ၌ မိုဒီက “ ကျွန်တော် ထပ်ပြောပါရစေ၊ နိုင်ငံသားအက်ဥပဒေမှာ မည်သူတစ်ဦးတစ်ယောက်ကို မျှ နိုင်ငံသားဖြစ်မှု့မှ ပယ်ဖျက်ထားခြင်း မရှိပါဖူး၊ နိုင်ငံသားဖြစ်ခွင့် ပေးအပ်ထားခြင်းသာ ပါရှိပါတယ်။ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက် ဂန္ဓီကြီးနဲ့ ခေါင်းဆောင်ကြီးများဟာ ပါကစ္စတန်ရောက် ခွဲခြားဆက်ဆံခြင်းခံနေရတဲ့ လူနည်းစုဘာသာဝင်တွေကို အိန္ဒိယက ပြန်ပြီးလက်ခံဖို့ တစ်ညီတစ်ညွတ်တည်း ဆန္ဒရှိခဲ့ပါတယ်။ ကျွန်တော်တို့အစိုးရဟာ လွတ်လပ်ရေးအရယူပေးခဲ့တဲ့ ဂန္ဓီကြီးနဲ့ တိုက်ပွဲဝင် မဟာသူရဲကောင်းတို့ရဲ့ လိုအင်ဆန္ဒတွေကို ဆောင်ကျဉ်းပေးနေခြင်းသာဖြစ်ပါတယ်။ ဒီဥပဒေအပေါ် စိုးရိမ်သောကဖြစ်နေသူတွေဟာ ဥပဒေ ပြဋ္ဌာန်းချက်ကို နားလည်မှု့ လွဲမှားနေခြင်းသာဖြစ်ပါတယ် … “ ဟု ပြောကြားသည်။

အိန္ဒိယနိုင်ငံသားဥပဒေနောက်ဆက်တွဲ ပြင်ဆင်ချက် CAA အရ ၂၀၁၄-ခုနှစ် ဒီဇင်ဘာ ၃၁-ရက်နေ့မတိုင်မီ ပါကစ္စတန်-ဘင်္ဂလာဒက်ရှ်နှင့် အာဖဂန်နစ္စတန်တို့မှ ဝင်ရောက်လာခဲ့ပြီး ပြည်တွင်းနယ်မြေ အစိတ်အပိုင်း၌ အခြေချနေ ထိုင်သူများအား နိုင်ငံသားပြုခွင့်ပေးထားသည်။ ထို့သို့ နိုင်ငံသားပြုခွင့်ရရှိနိုင်သူများမှာ ဟိန္ဒူ-ခရစ်ယာန်-ဆစ်ခ်-ဗုဒ္ဓဘာသာ-ဂျိန်းနှင့် ဇိုရိုအက်စတာဘာသာဝင်စသည့်ဖြင့် ဘာသာဝင် ၆-မျိုးတို့အတွက်ဖြစ်သာဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များ ပါဝင်ခြင်း မရှိချေ။

အိန္ဒိယပါလီမန်တွင် အခြေအတင်ဆွေးနွေးကြပြီးနောက် ထောက်ခံမဲအများစုဖြင့် အတည်ပြုခဲ့သော အဆိုပါအက်ဥပဒေမှာ ဘာသာရေးခွဲခြားဆက်ဆံခြင်းအဖြစ် အတိုက်အခံနှင့် ထင်ရှားလူသိများသူတို့က စွပ်စွဲခြင်းခဲ့ကြပြီး ကန့်ကွက်ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ရသည်။

အိန္ဒိယမြို့ကြီးများတွင် ကန့်ကွက်ဆန္ဒပြရာမှ အကြမ်းဖက်မှု့များဖြစ်ပွားပြီး ထိခိုက်ဒါဏ်ရာရရှိခြင်းနှင့် ဖမ်းဆီးမှု့ သတင်းများထွက်ပေါ်သည်။ နယူးဒေလီ၊ ခိုးလ်ကတ္တား၊ ချင်းနိုင် ( မဒရပ် ) မြို့များတွင် ရုန့်ရင်းဆန်ခတ်မှု့များ ဖြစ်ပွားပြီး အူတာပရာဒက်ရှ်ပြည်နယ်မြောက်ပိုင်း အဓိကရုန်းများ၌ ၄၈ နာရီအတွင်း သေဆုံးသူ ၁၁-ဦးအထိ ရှိခဲ့သည်။ ဒါဏ်ရာရရှိသူအများအပြားတွင် ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်သည်။ နိုင်ငံတစ်ဝှမ်း ခရိုင်ပေါင်း ၂၁-ခရိုင်တွင် အင်တာနက်အဆက်အသွယ်များ ထိန်းချုပ်ထားသည်ကို တွေ့ရှိရပြီး၊ ဒီဇင်ဘာ တတိယပတ်အထိ ဖမ်းဆီးခံရသူ ၂၀၀ ခန့်ရှိ၍ ခြေချုပ်ထိန်းသိမ်းခံရသူ ၃,၃၀၅ – ဦး ရှိကြောင်း သိရှိရသည်။

ကန့်ကွက်မှု့များ ပြင်းထန်နေစဉ် အိန္ဒိယအစိုးရသည် အစ္စလာမ်ဆန့်ကျင်ရေး လုပ်နေကြောင်း  ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန်းကလည်း စွပ်စွဲခဲ့သည်။ လွန်လေပြီးသော အိန္ဒိယဂျာနယ်လစ်နှင့် သုခမိန်ကြီး ကူရှဝမ်ဆင်း ( ၁၉၁၅-၂၀၁၄ ခုနှစ် ) ၏  နာမည်ကျော် “ အိန္ဒိယ၏နိဂုံး “ စာအုပ်မှ ဘာသာရေးခွဲခြားခြင်းနှင့် သက်ဆိုင်သည့် စာသားများအား ကိုးကားခဲ့သည်ကို တွေ့ရှိရသည်။ ၎င်းစာအုပ်တွင် နိမိတ်ဖတ်ခဲ့သည့်အတိုင်း နိုင်ငံသား အက်ဥပဒေပြဋ္ဌာန်းခြင်းဖြင့် ယနေ့အိန္ဒိယသည် ဘာသာရေး ခွဲခြားဆက်ဆံခံနေရပြီဖြစ်ကြောင်း နိုင်ငံတစ်ဝှမ်းလုံး ပိုမိုအုံ ကြွဆန့်ကျင်ကြရန် ၎င်း၏ twitter စာမျက်နှာမှ လှုံဆော်ရေးသားသည်။

အိန္ဒိယအစိုးရမှာမူ နိုင်ငံသားအက်ဥပဒေသည် မွတ်စလင်အများစုတိုင်းပြည်များမှ လူနည်းစုဘာသာဝင်များ၏ ဆိုးကျိုးခံစားနေရခြင်းများကို အကာအကွယ်ပေးရန် သက်သက်သာဖြစ်ပြီး အခြားမည်သည့်ရည်ရွယ်ချက်မျှ မပါရှိကြောင်းအသည်းအသန် ခုခံဖြေရှင်းနေရသည်ဟု သတင်း၌ ဆက်လက်ရေးသားသည်။

လွန်ခဲ့သည့် ဇန်နဝါရီ ၉-ရက် နယူးဒေလီတွင် တစ်ကျော့ပြန် ကန့်ကွက်ဆန္ဒပြပွဲများဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများ ရုန့်ရင်းဆန်ခတ် ဖြစ်ပွားသည်။ ယခုထိ နိုင်ငံတစ်ဝှမ်းလုံး သေဆုံးသူ ၂၄-ဦးနီးပါးရှိပြီဖြစ်ကြောင်း VOA က ဖော်ပြသည်။

((( သဘောကွဲလွဲကြပြီဆိုလျှင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်စာပေယဉ်ကျေးမှု့အကြောင်း ကောင်းကောင်း သိထားသူတို့နှင့် သဘောကွဲလွဲရခြင်းမှာ အန္တရာယ်အများဆုံးဖြစ်သည်။      ။ သတင်းဘာသာပြန်သူ )))

((( Russia Today., 12 Jan, 2020, “New Indian citizenship law fulfills wishes of Mahatma Gandhi & other freedom fighters – PM Modi.” ကို #HtayOung, #OungMarine ကို ဆီလျော်အောင် ကောက် နှုတ်ဘာသာပြန်ဆိုသည်။ )))

#အိန္ဒိယနိုင်ငံသားဥပဒေနောက်ဆက်တွဲပြင်ဆင်ချက်CAA

https://www.rt.com/news/478046-modi-citizenship-law-gandhi/

https://www.rt.com/news/476392-imran-khan-indian-book/

#အိန္ဒိယနိုင်ငံသားဥပဒေနောက်ဆက်တွဲ ပြင်ဆင်ချက်CAA

0

Leave a Reply

Your email address will not be published.