အိန္ဒိယနိုင်ငံက CARTOSAT-3 ဂြိုလ်တုကို အောင်မြင်စွာ လွှတ်တင်။ အမေရိကန်အတွက် နာနိုဂြိုလ်တု ၁၃ – လုံးနှင့်အတူ ကမ္ဘာမြေ ပုံဖော်ရေးနှင့် မြေပုံထုတ်ယူရေးဆောင်ရွက်မည်။

ဗုဒ္ဓဟူးနေ့တွင် အိန္ဒိယနိုင်ငံ အာကာသသုတေသနအဖွဲ့ ( ISRO ) က CARTOSAT-3 ဂြိုလ်တုကို နာနိုဂြိုလ်တု ၁၃ – လုံးနှင့်အတူ သီရိဟာရီကိုတာရှိ ဆာတစ်ဒါဝမ် (SDSC ) စခန်းမှ အောင်မြင်စွာလွှတ်တင်လိုက်သည်ဟု India Today က ယနေ့ ရေးသားသည်။

ယနေ့နံနက် ဒေသစံတော်ချိန် ၀၉း၂၈ နာရီတွင် ပစ်လွှတ်ခဲ့သော PSLV ဒုံးပျံသည် တတိယမျိုးဆက် စွမ်း ဆောင်ရည်မြင့် ပေါ့ပါးသော CARTOSAT-3 ဂြိုလ်တုနှင့်အတူ အမေရိကန်၏ စီးပွားရေးသုံး နာနိုဂြိုလ်တု ၁၃ – လုံးကို သယ်ဆောင်ထားကြောင်း သိရှိရသည်။

ဆာတစ်ဒါဝမ် (SDSC ) စခန်း၏ ၇၄-ကြိမ်မြောက်အဖြစ် ယခုအာကာသသုတေသန ဒုံးပျံပစ်လွှတ်ခြင်း၏ ရည်ရွယ်ချက်မှာ ယခင် အရပ်ဖက်သုံး CARTOSAT ဂြိုလ်တု ခရီးစဉ်များတွင် ကမ္ဘာမြေ ပုံဖော်ရေးနှင့် မြေပုံထုတ် ယူရာ၌ ကြွင်းကျန်ရစ်သော နေရာလပ်များအားဖြည့်ဆည်းရန်ဖြစ်သည်။ ၁၀ လက်မ ပတ်လည်အရွယ်များကို ပင် ရီဆလူးရှင်းမြင့်မားသော ပုံရိပ်အမြောက်အများ ရိုက်ကူးနိုင်မည်ဆို၏။

၁.၇၆ တန် အလေးချိန်သာရှိသော CARTOSAT-3 သည် ၃၁၆-မိုင် အမြင့်မှ ကမ္ဘာပတ်လမ်းကြောင်းအတွင်း ၅-နှစ်ကြာ ပျံသန်းနေမည်ဖြစ်ရာ အိန္ဒိယနိုင်ငံ၏ ကျေးလက်အရင်းအမြစ်နှင့် အခြေခံစီးပွားရေးအဆောက်အအုံများ ဖွံ့ဖြိုးရေး၊ အကြီးစား ဆင်ခြေဖုံးဒေသ စီမံကိန်းဖော်ဆောင်ရေး၊ ကမ်းခြေနှင့် ကုန်းတွင်းပိုင်း လွှမ်းခြုံမှု့ သုံးသပ်ရေးတို့၌ လိုအပ်သော မြေကြီး-မြေပုံများ ထုတ်ယူနိုင်မည်ဖြစ်သည်။ ထို့ပြင် မိုးလေဝသမြေပုံ၊ ကာကွယ်ရေးနှင့် မဟာဗျူဟာမြောက် စစ်သုံးမြေပုံများ ရေးဆွဲရာတွင်လည်း အထောက်အကူဖြစ်လိမ့်မည်ဟု ခန့်မှန်းရသည်။

အိန္ဒိယနိုင်ငံ အာကာသသုတေသနအဖွဲ့ ( ISRO ) ၏ ပထမဆုံး လကမ္ဘာ ခရီးစဉ်ဖြစ်သော ချန်ဒရာယန်း-တူး ( လစန္ဒာအမှတ်-၂ ) အာကာသယာဉ်သည် လွန်ခဲ့သည့် ဇူလိုင် ၂၂-ရက်နေ့တွင် လ’ပတ်လမ်းကြောင်းအောင်မြင်စွာဝင်ရောက်နိုင်ခဲ့သည်။ သို့သော် လမျက်နှာပြင်ပေါ်သို့ လ’ဆင်းယာဉ် ချဉ်းကပ်ရာတွင် အဆင်မပြေဖြစ်ပြီး သုတေသနအစီအစဉ် ပျက်ပြားခဲ့ရသည်။

(( အိန္ဒိယသည် ကမ္ဘာ့လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည်။ လစ်ဘရယ်ဒီမိုကရေစီပီသစွာ တစ်ဦး-တစ်ဖွဲ့၏ ဆန္ဒကို အသားပေး၍ လမ်းထိပ်အမှိုက်ပုံကြီး နေရာရွှေ့ပြောင်းရန်ပင် အကြိမ်ကြိမ် ညှိနှိုင်းခဲ့ရဖူးသည်။ အကျင့်ပျက် ခြစားမှု့နှင့် ကြိူးနီစံနစ်၌ နာမည်ကြီးသည်။ ၁၉၉၀- ပြည့်နှစ်လွန်ကာလ အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စံနစ်ကို အောင်မြင်စွာအသက်သွင်းနိုင်ရန် အဓိက ပါတီကြီးနှစ်ရပ်လုံးက အားထုတ်ခဲ့သည်ကို တွေ့ရသည်။ ထိုစဉ်မှစ၍ နိုင်ငံ့စီးပွားရေး တိုးတက်လာခဲ့သည်။

၁၉၉၀ – ခုနှစ်မှ စတင်ကာ အစိုးရခေါင်းဆောင်ပိုင်းတွင် သန့်ရှင်းသော အစိုးရအဖွဲ့အဖြစ် စတင်အခြေခိုင်ခဲ့သည်။ ဘဏ္ဍာဝန်ကြီးအဖြစ် မာမိုဟန်ဆင်း၏ ပြုပြင်ပြောင်းလဲရေးများစွာ တို့ဖြင့် နိုင်ငံစီးပွားရေး တစ်ရိပ်ရိပ်တက်လာခဲ့သည်။ ကွန်ဂရက်ပါတီ၏ ဆစ်ဘာသာဝင်တစ်ဦးဖြစ်သော မာမိုဟန်ဆင်းသည် ၁၉၉၆-ခုနှစ်တွင် အိန္ဒိယ၌ ပထမဆုံး ဟိန္ဒူမဟုတ်သူ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ မာမိုဟန်ဆင်းသည် ဟိန္ဒူအမျိုးသားရေးဝါဒီ ဘာရာတီရာ ဂျာနာတာပါတီ ( BJP ) မှ လက်ရှိ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ အိန္ဒိယ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု့များတွင် အကောင်းဆုံးသော တိုင်ပင်ဖော် တိုင်ပင်ဖက်ဖြစ်သည်။ ။ သတင်းဘာသာပြန်သူ ))

https://www.indiatoday.in/science/story/isro-launches-earth-imaging-satellite-cartosat-3-13-nano-satellites-from-1622889-2019-11-27

#အိန္ဒိယဂြိုလ်တုCARTOSAT-3 #မာမိုဟန်ဆင်း #နာရင်ဒြာမိုဒီ

0

Leave a Reply

Your email address will not be published.