အိန္ဒိယနိုင်ငံသားအက်ဥပဒေပြင်ဆင်ချက်အား ဖျက်သိမ်းပေးရန် ဦးတိုက်လျှောက်ထားမှု့ကို ကြားနာပြီးနောက် စွက်ဖက်ရန်မရှိကြောင်း အိန္ဒိယတရားလွှတ်တော်ချုပ် ဆုံးဖြတ်။ အောက်ရုံးအဆင့်ဆင့်တို့လည်း ၎င်းစွဲချက်အား ကြားနာနေခြင်းမှ ရပ်ဆိုင်းရန် အမိန့်ထုတ်

အိန္ဒိယနိုင်ငံတွင် ထင်ရှားကျော်ကြားသူများအပါအဝင် လူပေါင်းများစွာတို့ လက်မှတ်ရေးထိုးလျှေက်ထားသည့် နိုင်ငံသားအက်ဥပဒေပြင်ဆင်ချက် CAA အား ဖျက်သိမ်းပေးရန်ကို အိန္ဒိယတရားလွှတ်တော်ချုပ်က မူလအတိုင်း တည်ရှိစေရန် ဆုံးဖြတ်လိုက်သည်ဟု Russia Today က ယနေ့ရေးသားသည်။

အိန္ဒိယနိုင်ငံ၏ အမြင့်ဆုံးတရားရေးအာဏာပိုင်အဖွဲ့ဖြစ်သော တရားလွှတ်တော်ချုပ်က ရက်သတ္တ ၄-ပတ်ကြာ ကြားနာပြီးနောက် ဗုဒ္ဓဟူးနေ့ အပြီးသတ်အမိန့်ချမှတ်ရာတွင် လူပုဂ္ဂိုလ် ၁၄၄-ဦးတို့က CAA အား ဖျက်သိမ်းပေးရန် ဦးတိုက်လျှောက်ထားခြင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဆို၏။

CAA သည် တရားဥပဒေနှင့် ညီညွတ်ခြင်းမရှိ၍ ဖျက်သိမ်းပေးရန် လက်မှတ်ရေးထိုးပေးသူများ၏ တင်ပြချက်များကို မိတ္တူ အစုံ ၆၀ ခန့်ကူး၍ အိန္ဒိယဗဟိုအစိုးရထံ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ ဗဟိုအစိုးရ၏ တစ်စုံတစ်ရာ အရေးယူ တုန့်ပြန်ချက် မရရှိမီ တရားလွှတ်တော်ချုပ်အနေဖြင့် ဝင်ရောက်စွက်ဖက်ရန် အကြောင်းမရှိကြောင်း ဆုံးဖြတ်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် အလားတူစွဲဆိုချက်များနှင့်ပတ်သက်၍ အောက်ရုံးအဆင့်ဆင့်တို့၌ ကြားနာနေခြင်းများကိုလည်း ရပ်ဆိုင်းကြရန် အမိန့်ထုတ်ပြန်လိုက်သည်။

လွန်ခဲ့သည့် ဒီဇင်ဘာ ၁၂-ရက်နေ့တွင် အိန္ဒိယပါလီမန်က နိုင်ငံသားခံယူခွင့် နောက်ဆက်တွဲပြင်ဆင်ချက်ဥပဒေကြမ်း CAA ကို အတည်ပြုခဲ့သည်။ အဆိုပါဥပဒေအရ ၂၀၁၄-ခုနှစ် ဒီဇင်ဘာ ၃၁-ရက်နေ့မတိုင်မီ ပါကစ္စတန်-ဘင်္ဂလားဒက်ရှ်နှင့် အာဖဂန်နစ္စတန်တို့မှ ဝင်ရောက်လာခဲ့ပြီး ပြည်တွင်းနယ်မြေ အစိတ်အပိုင်း၌ အခြေချနေထိုင်သူများအား နိုင်ငံသားပြုခွင့်ပေးထားသည်။ ထို့သို့ နိုင်ငံသားပြုခွင့်ရရှိနိုင်သူများမှာ ဟိန္ဒူ-ခရစ်ယာန်-ဆစ်ခ်-ဗုဒ္ဓဘာသာ-ဂျိန်းနှင့် ဇိုရိုအက်စတာဘာသာဝင် စသည့်ဖြင့် ဘာသာဝင် ၆-မျိုးတို့အတွက် ဖြစ်သာဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များ ပါဝင်ခြင်းမရှိချေ။

ယမန်နှစ် သြဂုတ်လ၌ အိန္ဒိယနိုင်ငံအရှေ့ဖျား ဘင်္ဂလားဒက်ရှ်နှင့် ထိစပ်နေသော အာသံပြည်နယ်တွင် လူဦးရေစစ်ဆေးရာ မွတ်စလင်အများစုဖြစ်သော လူပေါင်း ၁.၉ သန်းမှာ နိုင်ငံသားအဖြစ် အတည်ပြုရန် ခိုင်လုံခြင်းမရှိသူများဖြစ်ကြောင်း တွေ့ရှိရသည်။

CAA ကို ပါလီမန်က ပြဋ္ဌာန်းခြင်းကြောင့် အာသံပြည်နယ်မှ စတင်သည့် ဆန့်ကျင်ကန့်ကွက်ပွဲများသည် ရက်ပိုင်းအတွင်း အိန္ဒိယမြို့ကြီးများသို့ ပြန့်ှနှံ့သွားခဲ့ရာ ယခုတိုင် အဓိကရုန်းများဖြစ်ပွားသည်။ အချို့နေရာများနှင့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား အကြမ်းဖက်ကြောင်း အပြန်အလှန် စွပ်စွဲချက်ထွက်ပေါ်ခဲ့ပြီး ဒီဇင်ဘာ ၄-ရက်နေ့မှ ယနေ့ထိ သေဆုံး ၂၇-ဦး၊ ဒါဏ်ရာရရှိ ၁၇၅-ဦးနှင့် ဖမ်းဆီးခံရသူ ၃,၀၀၀ ကျော်ရှိခဲ့သည်။

India Today ( ဇန် -၄၊ ၂၀၂၀ ) အရ အိန္ဒိယမြောက်ပိုင်း ပါကစ္စတန်နယ်စပ် ဂျမူးနှင့် ကက်ရှ်မီးယားတွင် မြန်မာနိုင်ငံမှ ထွက်ခွာလာသော ရိုဟင်ဂျာများဖြစ်သည်ဟု ၎င်းတို့ဖာသာပြောဆိုသူများ ဝင်ရောက်နေထိုင်လျှက်ရှိကြောင်း၊ ကောက်ယူရရှိသော စာရင်းအရ ဘင်္ဂလားဒက်ရှ်မှတဆင့် ဂျမူးနှင့် ဆမ်ဘာခရိုင်နှစ်ခုတွင် တရားမဝင်ရောက်ရှိနေသော မွတ်စလင်အရေအတွက်မှာ လူဦးရေ ၁၃,၇ဝဝ ခန့် ရှိလာပြီး ၂၀၀၈ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် လူ ၆,၀၀၀ ကျော်တိုးလာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အာသံပြည်နယ်ရောက် မွတ်စလင်အများစု ၁.၉-သန်းသည် စာမတတ်သူများဖြစ်၍ မည်သည့်နိုင်ငံ သား ဖြစ်ကြောင်း အထောက်အထား ပြသနိုင်ခြင်းမရှိသူများဖြစ်သည်။

(( ထိုအတွက် အိန္ဒိယနိုင်ငံအတွင်း CAA ကန့်ကွက်ဆန္ဒပြပွဲများဖြစ်ပွားလျှက်ရှိသည်။ အာသံပြည်နယ်ရောက် နိုင်ငံမဲ့ မွတ်စလင်အများစု ၁.၉ သန်းမှ ဘင်္ဂလားဒက်ရှ်နိုင်ငံသားများကို ပြန်လည်ခေါ်ယူရန် ဘင်္ဂလားဒက်ရှ်နှင့် အိန္ဒိယတို့ ညှိနှိုင်းလျှက်ရှိပြီး ဘင်္ဂလားဒက်ရှ်ကလည်း ၎င်းတို့နိုင်ငံသားမဟုတ်လျှင် လက်မခံဟု ငြင်းဆန်လျှက်ရှိပါသည်။ ထို့ပြင် အိန္ဒိယနှင့် ဘင်္ဂလားဒက်ရှ်၏ တရားဝင်လူမျိုးစာရင်းတွင် ရိုဟင်ဂျာ မရှိချေ။ ( အောက်-၉၊ ၂၀၁၉။ Ukhia News & Dhaka Tribune “ Rohingya NID fraud: CEC says EC not at fault.” ကို ရှု့ )

အိန္ဒိယ CAA သည် ပါကစ္စတန်နှင့် ဘင်္ဂလားဒက်ရှ်အား တမင်ရည်ရွယ်ထိုးနှက်ခြင်းဖြစ်ကြောင်း ဘင်္ဂလားသတင်းစာများက ရေးသားကြသည်။ ဝန်ကြီးချုပ် ရှိတ်ဟာစီနာကမူ အိန္ဒိယအနေဖြင့် CAA ပြဋ္ဌာန်း ရခြင်းရည်ရွယ်ချက်ကို မိမိနားမလည်ကြောင်း၊ သို့သော် CAA အပါအဝင် National Register of Citizens (NRC)အိန္ဒိယအမျိုးသားမှတ်ပုံတင် စိစစ်ခြင်းမှာ အိန္ဒိယ၏ ပြည်တွင်းရေးကိစ္စသာဖြစ်ကြောင်း ပြောဆိုသည်ဟု Dhaka Tribune ( ဇန်-၁၉၊ ၂၀၂၀ ) က ရေးသားသည်။ ။ သတင်းဘာသာပြန်သူ ))

((( Russia Today., 22 Jan, 2020.” India’s Supreme Court refuses to suspend citizenship act, gives govt 4 weeks to respond to petitions. “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#အိန္ဒိယတရားလွှတ်တောာ်ချုပ် #နိုင်ငံသားအက်ဥပဒေပြင်ဆင်ချက် #အာသံနိုင်ငံမဲ့ရှိတ်ဟာစီနာ #ကက်ရှ်မီးယားရောက်ရိုဟင်ဂျာဆိုသူများ

https://www.rt.com/news/478855-india-caa-supreme-court-stay/ .

https://www.aljazeera.com/news/2019/12/internet-banned-india-uttar-pradesh-anger-killings-191227060434667.html

https://www.indiatoday.in/india/story/caa-protests-assam-congress-worker-arrested-1628876-2019-12-17

https://www.indiatoday.in/india/story/next-move-on-deportation-of-rohingya-refugees-union-minister-jitendra-singh-1633814-2020-01-04

https://www.indiatoday.in/india/story/next-move-on-deportation-of-rohingya-refugees-union-minister-jitendra-singh-1633814-2020-01-04

https://www.dhakatribune.com/bangladesh/foreign-affairs/2020/01/19/pm-caa-nrc-are-india-s-internal-matter

0

Leave a Reply

Your email address will not be published.