အိန္ဒိယနှင့် စစ်ရေးဆိုင်ရာသဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုး၍ တရုတ်၏ ခြိမ်းခြောက်မှုကို အမေရိကန် သတိပေး။ ဒုံးကျည်များနှင့် လက်နက်တင်မောင်းသူမဲ့လေယာဉ်များကို ပစ်မှတ်ထားရန် ဂြိုလ်တုနှင့်ပထဝီမြေမျက်နှာသွင်ပြင် ဆိုင်ရာအချက်အလက်များ တိုက်လေယာဉ်များနှင့် မောင်းသူမဲ့လေယာဉ်များ အိန္ဒိယ ရရှိမည်။

  
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုအနေဖြင့် တရုတ်နိုင်ငံ၏ ခိုင်မာသော ခြိမ်းခြောက်မှုများ တိုးမြင့်လာကြောင်း သတိပေးလျှက်ရှိစဉ် အိန္ဒိယနိုင်ငံနှင့် အရေးပါသော ဂြိုလ်တုနှင့် ပထဝီမြေမျက်နှာသွင်ပြင်ဆိုင်ရာအချက်အလက်များ မျှဝေကြရန် သဘောတူစာချုပ်ကို အင်္ဂါနေ့၌ လက်မှတ်ရေးထိုးလိုက်သည်ဟု Reuters က ယမန်နေ့ရေးသားသည်။ 

  
တနင်္လာနေ့၌ ကာကွယ်ရေးဝန်ကြီး မတ်ခ်အက်စ်ပါနှင့်အတူ နယူးဒေလီသို့ ရောက်ရှိလာသည့် ပွန်ပေယိုသည် အိန္ဒိယအစိုးရခေါင်းဆောင်များနှင့်ဆွေးနွေးပြီးနောက် လုံခြုံရေးနှင့် လွတ်လပ်ခွင့်အတွက် တရုတ်၏ ခြိမ်းခြောက်မှု အန္တရာယ်ကို ရင်ဆိုင်ဖြေရှင်းကြရာတွင် အတူတကွ လက်တွဲလုပ်ဆောင်သင့်ကြောင်း ပြောကြားသည်။ 


အမေရိကန် – အိန္ဒိယတို့၏ နှစ်ပတ်လည် မဟာဗျူဟာ ဆွေးနွေးမှုသည် အငြင်းပွားဟိမဝန္တာနယ်စပ်၌ အိန္ဒိယနှင့် တရုတ်စစ်တပ်များအကြား တင်းမာမှုများ မြင့်တက်နေချိန်နှင့် တိုက်ဆိုင်လျှက်ရှိသည် 


အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နတ်ဆင်း၊ နိုင်ငံခြားရေးဝန်ကြီး ဆူဗရာမန်ယန်ဂျိုင်ရှန်ကာတို့နှင့် ဆွေးနွေးအပြီး ပွန်ပေယိုက သတင်းထောက်များအား ပြောဆိုရာ၌ အရေးပါသော အပြောင်းအလဲကြီးများ ဖြစ်ပွားနေချိန်တွင်  နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကာအကွယ်ပေးရန် လွတ်လပ်သောကမ္ဘာကြီးရှိ ကျွန်ုပ်တ့ိုဒီမိုကရေစီနိုင်ငံများအတွက် လိုအပ်လျှက်ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်နှင့် ဒီမိုကရေစီအရေးတို့တွင် တရုတ်ကွန်မြူနစ်ပါတီသည် မိတ်ဖက်မဟုတ် အနှုတ်လက္ခဏာပြသနေသည်ကို ကြွယ်ဝချမ်းသာ သောအင်ဒို – ပစိဖိတ်ဒေသရှိ ခေါင်းဆောင်များနှင့် နိုင်ငံသားများကပိုမိုရှင်းလင်းစွာ သိမြင်လာကြသည်ဟု ရှင်းပြသည်။ 


ကာကွယ်ရေးစာချုပ်သစ်တွင် ပထဝီအာကာသဆိုင်ရာ သတင်းအချက်အလက်များ အခြေခံ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့တွင် သဘောတူညီချက်များ ပါရှိကြောင်း၊ နှစ်နိုင်ငံတပ်မတော်များအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပေးမည့် အရေးပါသောမှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ အမေရိကန်က အိန္ဒိယသို့ တိုက်လေယာဉ်များနှင့် မောင်းသူမဲ့လေယာဉ်များကို ပိုမိုရောင်းချရန် စီစဉ်ထားကြောင်း၊ အိန္ဒိယအနေဖြင့် ဒုံးကျည်များနှင့် လက်နက်တင်မောင်းသူမဲ့လေယာဉ်များကို ပစ်မှတ်ထားရန်အတွက် ပထဝီမြေမျက်နှာသွင်ပြင်၊ ရေကြောင်းနှင့် အာကာသဆိုင်ရာအချက်အလက်များကို ရရှိရန် အရေးကြီးသည်ဟု ထင်မြင်ကြောင်း၊ အမေရိ ကန်ကာကွယ်ရေးဝန်ကြီး အက်စ်ပါက သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုသည်။ 

  
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာက ပြောကြားရာတွင် တရုတ်အားအမည်နာမ ဖော်ပြခြင်းမရှိပဲ အင်ဒို – ပစိဖိတ်ဒေသအတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် အကြမ်းဖက်မှု ဆန့်ကျင်ရေးပြဿများအား ကိုင်တွယ် ဖြေရှင်းရန်နှင့် အမေရိကန်နှင့်“အမျိုးသားလုံခြုံရေးဆိုင်ရာပေါင်းစည်းခြင်း”အဖြစ် ရည်ညွှန်းသည်။ 


အိန္ဒိယကာကွယ်ရေးဆိုင်ရာ သတင်းရပ်ကွက်ကမူ အမေရိကန်က ၎င်းတို့ ထောက်ပံ့သောလေယာဉ်များ၌ အဆင့်မြင့်ရေကြောင်း-လေကြောင်း သွားလာမှုဆိုင်ရာ အကူအညီများနှင့်အတူ ၊ အိန္ဒိယသို့ လေယာဉ်များကို တင်ပို့ခွင့်ပြုလိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။ 


အမေရိကန်၌ လာမည့် သီတင်းပတ်အတွင်း သမ္မတရွေးကောက်ပွဲတွင် သမ္မတဒေါ်နယ်ထရမ့်၏ ဒုတိယ သက်တမ်းဆက်လက်ရရှိရေးအတွက် မဲဆွယ်စည်းရုံးခြင်း အဓိကအစိတ်အပိုင်း တစ်ခုဖြစ် တရုတ်အပေါ် ဝေဖန်ပြောဆိုလျှက်ရှိသည်။ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုကလည်း ဒေသတွင်း၌ တရုတ်၏ ကြီးထွားလာသော သြဇာလွှမ်းမိုးမှု တုံ့ပြန်ရန် မဟာမိတ်များဖြင့် အားဖြည့်ရေး တိုးမြှင့်ဆောင်ရွက်လျှက်ရှိသည်။ 


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ဘင်းကမူ ပွန်ပေယိုအနေဖြင့် ၎င်း၏ စစ်အေးတိုက်ပွဲ ဖြစ်ပွားစေလိုသည့် စိတ်နေသဘောထား၊ သုံညသီအိုရီကို စွန့်လွှတ်ရန်နှင့် တရုတ်ခြိမ်းခြောက်မှုဟု အရပ်လည် အတင်းတုတ်နေခြင်းမှ ရပ်တန့် မိမိတို့ တောင်းဆိုကြောင်း ပြောဆို၍ အမေရိကန်၏ စွပ်စွဲချက်ကို ပယ်ချလိုက်သည်။ 

  
လွန်ခဲ့သော ဇွန်လ၌ မိုးထိမြင့်မားသော နှစ်နိုင်ငံနယ်စပ်တွင် တရုတ်စစ်သားများနှင့် ပဋိပက္ခဖြစ်ပွားရာ၌ အိန္ဒိယစစ်သား ၂၀-ဦး သေဆုံးရပြီးနောက် အိန္ဒိယတွင် တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်များခိုင်မာလာသည်။ တပြိုင်နက်တည်းမှာပင် နာရင်ဒြာမိုဒီဦးဆောင်သော အိန္ဒိယအစိုးရကလည်း အမေရိကန်နှင့် စစ်ရေးအရ ပိုမိုနီးကပ်စွာ ဆက်ဆံရေးတည်ဆောက်ရန် ကြိုးစားလာသည်။ 

  
ယခုလတွင် အိန္ဒိယသည် တရုတ်၏ ဒေသတွင်းမတည်မငြိမ်ဖြစ်စေမှုကို အံတုရန် အမေရိကန်၊ ဂျပန်တို့နှင့် နှစ်စဉ်ရေကြောင်းစစ်ရေးလေ့ကျင့်မှု၌ သြစတေးလျှနိုင်ငံလည်း ပါဝင်ရန် ဖိတ်ကြားခဲ့သည်။ 


(( မြန်မာအနေဖြင့် အနောက်နိုင်ငံများထံမှ စစ်ရေး၊ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်နှင့် အကူအညီများ ရရှိရန် ခဲယဉ်းနိုင်သည်။ ပထဝီနယ်နိမိတ်ချင်း ဆက်စပ်နေသည့် အိန္ဒိယထံမှသာ မလွဲမရှောင်သာသည့် သဘောတူညီချက်များ ရကောင်းရနိုင်သည်ဟု ကျွန်တော်ထင်မှတ်ပါသည်။ အနောက်အုပ်စုတို့သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့တွင် အလွန် အကဲဆတ်သောကြောင့်ဖြစ်သည်။ 


လက်ရှိမြန်မာတွင် နိုင်ငံရေးစည်းလုံးညီညွတ်မှု ပြိုကွဲလျှက်ရှိသည်။ မြန်မာ၏ သတင်းမီဒီယာလွတ်လပ်ခွင့်သည် နယ်မြေချင်း ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများထက် အနည်းငယ် သာလွန်သည်။ စစ်ဆိုသည်မှာ နှစ်ဖက်အပြိုင်ရှိမှ တိုက်ခိုက်၍ ဖြစ်နိုင်သည်။ လူမျိုးစုပေါင်း ၁၃၀ ကျော်တွင် ကျွန်တော်တို့နိုင်ငံတွင် လက်နက်ကိုင် အဖွဲ့အစည်း ၁၀၀ ကျော်သည်။ ထိုလက်နက်ကိုင်များအပေါ် သြဇာညောင်းသည်ဆိုသော နိုင်ငံကြီးတစ်နိုင်ငံက မြန်မာအစိုးရနှင့် တပ်မတော်တို့အနေဖြင့် ပြည်တွင်းငြိမ်းချမ်းမှုပျက်ပြားရေး ဖန်တီးသယောင်နှင့် လူ့အခွင့်အရေးချိုးဖောက်ကြောင်း အကွက်ချရန် မခဲယဉ်းလှပါ။ 

  
နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းစစ်ချုပ်ငြိမ်းရန် အခြားသော နိုင်ငံ- လူပုဂ္ဂိုလ်တို့က ကြားဝင်စေ့စပ်ပေးသည်ဆိုခြင်း မှာ မျက်မှောက်ကမ္ဘာအတွက် မထူးဆန်းလှပါ။ သို့သော် သူပုန်အား သေနတ်ပေး- ငွေကြေးထောက်ပံ့သည်ဆိုသော နိုင်ငံက ပြည်တွင်းငြိမ်းချမ်းရေး၌ ကြားပွဲစားလုပ်သည်ဆိုခြင်းမှာ မျက်ရည်များ-သွေးများရင်းနှီးစေရမည့် မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ပေါ်လစီသာဖြစ်လေသည် ။ ။ သတင်းဘာသာပြန်သူ )) 

#အမေရိကန်နှင့်အိန္ဒိယကာကွယ်ရေးးဆိုင်ရာစာချုပ် #တရုတ်ခြိမ်းခြောက်မှုအမေရိကန်သတိပေး


((( Reuters., October 28th, 2020,” US warns of threat posed by China, signs military pact with India.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

  

https://www.reuters.com/article/us-usa-asia-india/u-s-warns-of-threat-posed-by-china-signs-military-pact-with-india-idUSKBN27C0OA 
https://ca.reuters.com/article/idUSKBN27C0OA 
https://www.dhakatribune.com/world/2020/10/28/us-warns-of-threat-posed-by-china-signs-military-pact-with-india 

0

Leave a Reply

Your email address will not be published.