အိန္ဒိယနှင့် ဘင်္ဂလားဒက်ရှ်တွင်ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါကူးစက်-သေဆုံးဦးရေ နေ့စဉ်တိုးတက်နေ၊ ၁၀-ရက်ကြာတိုင်း အရေအတွက် ၂-ဆတိုးနေ၍ အိန္ဒိယနိုင်ငံတဝှမ်း ကင်းလှည့်ရဲတပ်ဖွဲ့ဝင်ဦးရေ တိုးမြှင့်ချထား၊ ကိုရိုနာဗိုင်းရပ်စ်အတွက် စမ်းသပ်ဆဲကုသဆေး ရမ်ဒီဆီဗာကို ဘင်္ဂလားဒက်ရှ်၌လည်း စတင်ထုတ်လုပ်

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ရက်သတ္တ ၂-ပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါကြောင့် သေဆုံးသူဦးရေမှာ တစ်နေ့လျှင် ၁၀၀ ခန့်အထိ နှစ်ဆတိုးခဲ့ပြီး၊ ရောဂါပိုးကူးစက်မှုနှုန်းမှာ ၁၀ ရက်လျှင် ၂-ဆ တိုးပွားလာသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယမန်နေ့ ရေးသားသည်။

ဂူဂျာရတ်ပြည်နယ်တွင် ရောဂါကာကွယ်ရေးကြပ်မတ်ရန် သောကြာနေ့မှစ၍ လုံခြုံရေးတပ်ဖွဲ့ဝင် ရာပေါင်းများစွာကို တပ်ဖြန့်ချထားပြီးဖြစ်သည်။လူဦးရေ သန်းပေါင်း ၁,၃၀၀ ခန့်ရှိနေသော အိန္ဒိယမှာ နိုင်ငံတကာတွင် ပမာဏအများဆုံးတားဆီးပိတ်ဆို့မှု့များ ပြုလုပ်ရသည့် နိုင်ငံဖြစ်ရသည်။

ယမန်နေ့အထိ အိန္ဒိယနိုင်ငံတွင် သေဆုံး၁,၈၈၆ -ဦး၊ ကူးစက် ၅၆,၀၀၀ -ဦး ရှိခဲ့သည်။ သို့သော် စမ်းသပ်မှုများ အကန့်အသတ်နေရှိခြင်းနှင့် မှတ်တမ်းမပြည့်စုံခြင်းများက ဖြစ်ပွားလျှက်ရှိသော ကျန်းမာရေးအကျပ်အတည်း၏ ပကတိအတိုင်းအတာအား ဖုံးကွယ်နေဆဲဖြစ်သည်ဟု ကျွမ်းကျင်သူများက စိုးရိမ်လျှက်ရှိသည်။

အဆိုးရွားဆုံးကူးစက်ရောဂါကျရောက်လျှက်ရှိသော အမေရိကန်၊ ဥရောပနိုင်ငံများနှင့ ်နှိုင်းယှဉ်ပါက အိန္ဒိယ၏ သေဆုံးဦးရေမှာ နည်းပါးသော်လည်း ဇွန်လနှင့်ဇူလိုင်လများအထိ ယခုကဲ့သို့ ကူးစက်သေဆုံးနှုန်း ဆက်လက် မြင့်တက်နေနိုင်သည်ဟု အိန္ဒိယပညာရှင်များက ပြောဆိုသည်။

ရောဂါကူးစက်မှု ၆,၅၀၀ ဖြင့် အများဆုံးဖြစ်နေသည့် အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရှိ မြို့ကြီး ၃-မြို့တွင် ရာနှင့်ချီသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ကင်းလှည့်လည်စောင့်ကြပ်လျှက်ရှိသည်။ ပလက်ဖောင်း ဟင်းသီးဟင်းရွက်ဆိုင်နှင့် စတိုးဆိုင်ဖွင့်လှစ်သူများစွာတို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျှက်ရှိကြောင်း စစ်ဆေးတွေ့ရှိပြီးကတည်းက နွားနို့နှင့် ဆေးဆိုင်များမှလွဲလျှင် ကျန်ဈေးဆိုင်အားလုံးတို့ကို အနည်းဆုံးရက်သတ္တပတ်ကြာ ပိတ်ထားရန် အမိန်ွှထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံတစ်ဝှမ်း၌ ပြင်းထန်သောကူးစက်ရောဂါကျရောက်မှုကို ကြိုတင်ပြင်ဆင်သောအားဖြင့် အဓိကမြို့ကြီးများရှိ ဘူတာ ၂၁၅ ခုတွင် မီးရထားတွဲ ၅,၁၅၀ ကျော်ကို ကိုရိုနာဗိုင်းရပ်စ်ကာလ သီးခြားခွဲထုတ်စောင့်ကြည့်သူများ ထားရှိရန်ဌာနအဖြစ်ပြောင်းလဲ အသုံးချမည်ဖြစ်သည်။ လာမည့် သီတင်းပတ်တွင် လူနာစတင် လက်ခံနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူအရေအတွက်တိုးများလာနေသော်လည်း နာရင်ဒြာမိုဒီ၏ ဟိန္ဒူအမျိုးသားရေးအစိုးရသည် သန်းပေါင်းများစွာသော ဆင်းရဲသားသန်းပေါင်းများစွာတို့၏ အလုပ်ခွင်ပြန်လည်ဝင်ရောက်နိုင်ရေး၊ ဝင်ငွေနည်းလာသော စက်မှုလုပ် ငန်းများ ပြန်လည်စတင်နိုင်ရေးအတွက် Lockdown တားဆီးပိတ်ဆို့မှုများ ဖြေလျှော့ပေးရမည့် အကြပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

ထိုစဉ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကျရောက်လျှက်ရှိသော ဘင်္ဂလားဒက်ရှ်နိုင်ငံ၌ ယမန်နေ့နံနက် ၀၈း၀၀ နာရီအထိ ၂၄-နာရီအတွင်း လူပေါင်း ၅,၉၄၁-ဦးကို စမ်းသပ်စစ်ဆေးခဲ့ရာ ၇၀၉-ဦးတို့တွင် ဗိုင်းရပ်စ်ပိုးစွဲ ကပ်လျှက်ရှိကြောင်း တွေ့ရှိရသည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 က ယမန်နေ့ရေးသားသည်။

နိုင်ငံတစ်ဝှမ်းဖွင့်လှစ်ထားရှိသော ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်ရေး အခွင့်အာဏာရ ဋ္ဌာနပေါင်း ၃၅ တို့က စမ်းသပ်ပေးလျှက်ရှိသည်ဆို၏။ ယနေ့ bdnews24 ၏ နောက်ဆုံးသတင်းအရ လွန်ခဲ့သည့် ၂၄- နာရီအတွင်း ၈-ဦး ထပ်မံ သေဆုံးပြီး ကူးစက်လျှက်ရှိသူ ၆၃၆-ဦးတွေ့ရှိခဲ့ရာ ယနေ့ထိ စုစုပေါင်း သေဆုံး ၂၁၄- ဦး၊ ကူးစက်ခံရသူ ၁၃,၇၇၀ -ဦး ဖြစ်လာကြောင်း ဖော်ပြသည်။

ကိုရိုနာဗိုင်းရပ်စ်အတွက် စမ်းသပ်ဆဲကုသဆေး ရမ်ဒီဆီဗာ ( Remdisiver ) ကို ထုတ်လုပ်နိုင်ရန် နိုင်ငံအတွင်း ကုမ္ပဏီ ၅-ခုသို့ ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ် ဆေးဝါးဆိုင်ရာညွှန်ကြားမှုနှင့် အုပ်ချုပ်ရေးဋ္ဌာန ( DGDA ) က ယမန်နေ့ပြောဆိုသည်။

အမေရိကန် Gilead ဂီးလက်ဒ် ဇီဝဆေးဝါးကုမ္ပဏီ၏ အီဘိုလာရောဂါကုသရာတွင် မအောင်မြင်ခဲ့သော ရမ်ဒီဆီဗာသည် Covid-19 ကြောင့်ဖြစ်ပွားသော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ကုသရာတွင် ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့ကြသည်။

ဆေး ၁-လုံးတည်းလျှင် ဘင်္ဂလားဒက်ရှ်နိုင်ငံသုံးငွေ တာကာငွေ ၅,၅၀၀ ( အမေရိကန်ဒေါ်လာ ၆၄.၇ ခန့် ) ကျသင့်ပြီး ကိုရိုနာရောဂါအတွက် အရွယ်ရောက်ပြီး လူနာမှာ ဆရာဝန်၏ ခွင့်ပြုချက်ဖြင့် ၁၂-ကြိမ်အထိ ထိုးနှံပေးရမည်ဖြစ်သည်။

ဘင်္ဂလားဒက်ရှ်ပြည်တွင်း ဆေးဝါးကုမ္ပဏီများမှ ထုတ်လုပ်သော အဆိုပါဆေးဝါး၏ ကနဦးထုတ်လုပ်မှုများကို နိုင်ငံပိုင်ဆေးရုံများတွင် စတင်အသုံးပြုမည်ဖြစ်ပြီး ပြင်ပပုဂ္ဂလိကဆေးဆိုင်များ၌ ဝယ်ယူရရှိလိမ့်မည် မဟုတ်ချေ။

Eskayef, Beximco and Incepta pharmaceuticals ကုမ္ပဏီမှ ထုတ်လုပ်သည့် ပထမအသုတ် ၂-ခုမှ နမူနာများကို လာမည့်တနင်္ဂနွေတွင် စတင်စမ်းသပ်ရန် စီစဉ်ထားသည်။ အဆိုပါဆေးဝါးကို ဂျပန်နိုင်ငံကလည်း အလားတူထုတ်လုပ်ရန် အမေရိကန်ထံမှ ခွင့်ပြုချက်ရရှိကြောင်း သတင်းများ၌ ဆက်လက်ဖော်ပြသည်။

((( Dhaka Tribune., May 8, 2020, “Troops deployed in Indian state as coronavirus cases surge.AFP” #ကို HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်အိန္ဒိယဘင်္ဂလားဒက်ရှ် #ကိုရိုနာရောဂါအတွက်စမ်းသပ်ဆဲကုသဆေး

https://www.dhakatribune.com/world/south-asia/2020/05/08/troops-deployed-in-indian-state-as-coronavirus-cases-surge

https://bdnews24.com/bangladesh/2020/05/08/bangladesh-s-coronavirus-deaths-cross-200-cases-top-13000

https://bdnews24.com/bangladesh/2020/05/09/bangladesh-reports-8-more-covid-19-deaths-636-new-cases

https://bdnews24.com/health/2020/05/09/bangladesh-begins-production-of-experimental-covid-19-drug-remdesivir

0

Leave a Reply

Your email address will not be published.