အီရတ် ဘဂ္ဂဒက်လေဆိပ်လေကြောင်းတိုက်ခိုက်မှု့၌ အီရန်အထူးတိုက်ခိုက်ရေး တပ်မှူး သေဆုံး။ လုပ်ကြံသတ်ဖြတ်ရန် ဒေါ်နယ်ထရမ့် အမိန့်ပေးဟု ပင်တာဂွန်ပြောဆို

ကြာသပတေးနေ့ အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်အနီး အီရန် အယ်လ်ခတ် အထူးတိုက်ခိုက်ရေးတပ်မှူးဖြစ်သူ ကာဆင်ဆိုလိုင်မန်နီသေဆုံးရမှု့တွင် သမ္မတဒေါ်နယ်ထရမ့်က စစ်ရေးဖြင့် ဆောင်ရွက်ရန် အခွင့်အာဏာ ပေးအပ်ခဲ့ကြောင်း အမေရိကန် ပင်တာဂွန်စစ်ဌာနချုပ်က သတင်းထုတ်ပြန်သည်ဟု Russia Today က ယနေ့ရေးသားသည်။

ဒေါ်နယ်ထရမ့်၏ ညွှန်ကြားချက်တွင် ကာဆင်အား သတ်ဖြတ်ခြင်းဖြင့် ပြည်ပရောက် အမေရိကန်နိုင်ငံသားများအား အကာအကွယ်ပေးရေးအတွက် အမေရိကန်စစ်ဖက်ကို ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း၊ မကြာသေးမီက အမေရိကန်နှင့် အီရတ်တို့၏ ညွန့်ပေါင်းအခြေစိုက်စခန်းစစ်ဖက်ဆိုင်ရာအဆောက်အအုံတို့ကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု့တွင် ကာဆင်သည် ကြိုးကိုင်ဦးစီးသူဖြစ်သည့်အတွက် ၎င်းအား လုပ်ကြံသတ်ဖြတ်ခြင်းဖြင့် ခုခံတုန့်ပြန်ရခြင်းဖြစ်ကြောင်း၊

အထူးသဖြင့် ဒီဇင်ဘာ ၂၇-ရက်နေ့ အီရတ်နိုင်ငံ ကာကတ် အမေရိကန် စစ်အခြေစိုက်စခန်းအား ဒုံးကျည်ဖြင့် ပစ်ခတ်ခံရပြီး အမေရိကန်နိုင်ငံသား ကန်ထရိုက်တာ ၁-ဦး သေဆုံးရကြောင်း၊ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှု့တွင် ခါတက်ဗ်ဟဇ်ဘိုလာ ၂၅-ဦးသေဆုံးရသည်ကို ဒေါသတကြီးကန့်ကွက်သူများက ဘဂ္ဂဒက်အမေရိကန်သံရုံးဝင်းအား စီးနင်းပြီး အလုံးစုံပျက်စီးလုနီးဖြစ်ရသည်မှာလည်း ကာဆင်၏ လက်ချက်ဖြစ်သည်ကို ခိုင်မာသည့် အထောက်အထားများက ပြသလျှက်ရှိကြောင်း ဖော်ပြထားသည်ဆို၏။

ဘဂ္ဂဒက်သံရုံးအား တိုက်ခိုက်ခံရမှု့မှာ အီရန်၏ ပယောဂဖြစ်ပြီးလျှင် အီရတ်ရှီအာမွတ်စလင် ခါတက်ဗ်ဟဇ်ဘိုလာတို့မှာ အီရန်၏ ကြိုးဆွဲခံ အကြမ်းဖက်သမားများဖြစ်ကြောင်း အမေရိကန်က ပြစ်တင်ရှုတ်ချခဲ့သည်။

အီရန်ကလည်း အမေရိကန်၏ စွပ်စွဲချက်များကို ပယ်ချခဲ့ပြီး အစောင့်အကြပ် ထူထပ်စွာ ချထားသည့် ဘဂ္ဂဒက်အမေရိကန်သံတမန်ရပ်ကွက်အား ကန့်ကွက်ဆန္ဒပြသူများက ဝင်ရောက်စီးနင်းနိုင်ရန် ဝါရှင်တန်ကိုယ်တိုင် ပူးပေါင်းလှည့်စားခဲ့ကြောင်း၊ ထိုသို့ ကန့်ကွက်မှု့များ ဖြစ်လာစေရန် ရည်ရွယ်လျှက် လေကြောင်း တိုက်ခိုက်မှုဖြင့် နာကျည်းမှု့ အစဆွဲထုတ်ခဲ့သူ အမေရိကန်က မျက်နှာပြောင်စွာ အပြစ်တင်နေကြောင်း ချေပပြောဆိုသည်။

ကာဆင်ဆိုလိုင်မန်နီသည် အီရန်အစ္စလာမ်မစ်တော်လှန်ရေးတပ်မတော် လက်အောက်ခံ အယ်လ်ခတ် အထူးတိုက်ခိုက်ရေးတပ်မှူးဖြစ်ပြီး အီရန်ထောက်လှမ်းရေးနှင့် ပြည်ပစစ်ဆင်ရေးများတွင် တာဝန်ယူရသူဖြစ်သည်။ ယမန်နေ့ ဘဂ္ဂဒက်လေဆိပ်အနီး အီရတ်စစ်စည်းရုံးရေးမော်တော်ယာဉ်တန်းအား အမေရိကန်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကာဆင်နှင့်အတူ အီရတ်စစ်စည်းရုံးရေးလက်ထောက်အကြီးအကဲအပါအဝင် အခြား ၇-ဦး သေဆုံးသည်။

(( ယခုအဖြစ်အပျက်တွင် အမေရိကန်- အီရန်နှင့် အီရတ်တို့အားလုံး ကိုယ့်နိုင်ငံသားများကို ကိုယ်ကာကွယ် ခြင်းဖြစ်နေ၍ မည်သူမှားပြီး မည်သူမှန်သည်ကို ကျွန်တော် မသိပါ။ လက်ရှိအနေအထားအရ အမေရိကန်တပ်များသည် အီရတ်တွင် ရှိနေသဖြင့် မဟာမိတ်များဟု ဆိုနိုင်ပါသည်။ သို့သော် အီရတ်တွင် အမေရိကန်၏ အကျိုးစီးပွားအား ဖျက်ဆီးမည့်သူများ ရှိနေသည်ကို အမေရိကန်က သဲသဲ ကွဲကွဲ သိပုံရပါသည်။

၂၀၁၂-ခုနှစ် လစ်ဗျားတွင် အစ္စလာမ်မစ်စစ်သွေးကြွများ လက်ချက်ဖြင့် အမေရိကန်သံရုံးမှ သံအမတ်ကြီး အပါအဝင် ၄-ဦးသေဆုံးခဲ့ရပုံမျိုး ဒေါ်နယ်ထရမ့်အနေဖြင့် အဖြစ်ခံနိုင်မည့်ပုံမရပါ။အီရန်တပ်မတော်၏ အထူးတိုက်ခိုက်ရေးတပ်မှူးကိုယ်တိုင် အီရတ်၌ ရောက်ရှိနေခြင်း၊ မည်သည့်နေရာ၌ ရှိနေသည်ဆိုခြင်းကိုလည်း အသေးစိတ်သိထားပုံရသည်။


လွန်ခဲ့သောရက်တွင် ဘဂ္ဂဒက်အမေရိကန်သံရုံး ဝင်းအနီးမှ ကန့်ကွက်ဆန္ဒပြသူများ ထွက်ခွာပြီဖြစ်ကြောင်း ခါတက်ဗ်ဟဇ်ဘိုလာတို့က တရားဝင်ကြေညာ သည်ကို တွေ့ရှိရသည်။ အီရန်တပ်မှူး ကာဆင်သေဆုံးရာတွင် အီရတ်စစ်ဖက်တပ်ဖွဲ့ဝင်များ ပါဝင်နေခြင်းမှာ အလွန်စိတ်ဝင်စားဖွယ်ဖြစ်သည်။

ဘဂ္ဂဒက်အမေရိကန်သံရုံးက အီရန်အပေါ် မည်သို့ လုပ်ဆောင်နေသည်ကို အတိအကျသိရှိ၍လည်း အီရန်ပြည်ပတိုက်ခိုက်ရေး အထူးတပ်မှူးကိုယ်တိုင် အီရတ်သို့ ရောက်လာရခြင်းဖြစ်ပါမည်။

သေချာသည်မှာ အဆိုပါ ၃-နိုင်ငံလုံး သပွတ်အူပမာ အရှုတ်အထွေးကြီး ဖြစ်နေပြီး နောက်ဆက်တွဲများ ဖြစ်ပေါ်လာနိုင်ယုံမက ဒေသတွင်းနိုင်ငံများပါ တစ်နွယ်ငင်၍ တစ်စင်လုံး ပါနိုင်ပါသည်။

ထိုနိုင်ငံတို့၏ ပြောင်မြောက်စွာ အသက်ပေး၍ တာဝန်ကြေပွန်သော “ ထောက်လှမ်းရေး “ တို့ကို လေးစားစရာပင်ဖြစ်သည်။ ။ သတင်းဘာသာပြန်သူ )

((( Russia Today., 3 Jan, 2020,” Pentagon says Trump ‘directed’ assassination of Iran’s Quds Force chief Soleimani to ‘deter future Iranian attacks’” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#အီရန်အထူးတိုက်ခိုက်ရေးတပ်မှူးသေဆုံး

https://www.rt.com/news/477354-pentagon-confirms-soleimani-killing/

https://abcnews.go.com/Politics/leader-irans-elite-quds-force-killed-airstrike-reports/story?id=68039918

0

Leave a Reply

Your email address will not be published.