အီရန်ကျဆုံးဗိုလ်ချုပ်နှင့် အမျိုးသားအာဇာနည်များဈာပန၌ မြို့လူထုသိန်းချီပို့ဆောင်ကြ။ အမေရိကန်တပ်များ နိုင်ငံအတွင်းမှ ထွက်ခွာပေးမည်ဟု အီရတ်အစိုးရထံအကြောင်းကြားသတင်း မမှန်ကန်။ အီရန်နှင့် အစ္စရေးသဘောထား

အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှု့၌ ကျဆုံးခဲ့ကြသော အီရန်ဗိုလ်ချုပ် ကာဆင်စူလမန်နီ၊ အီရတ်ရှီယိုက် ဒုတိယပြည်သူ့စစ်ခေါင်းဆောင်နှင့် အမျိုးသားအာဇာနည်တို့၏ ရုပ်အလောင်းတို့သည် တနင်္ဂနွေနေ့တွင် မြို့တော် တဟီရန်သို့ ရောက်ရှိလာရာ အီရန်ထိပ်တန်းခေါင်းဆောင်များနှင့် သန်းချီသော မြို့သူမြို့သားများက ဝမ်းနည်းစွာ ငိုကြွေးရင်း ဂုဏ်ပြုကြသည်ဟု Russia Today က ယမန်နေ့ရေးသားသည်။

တဟီရန် မဟာဗလီ၏ အသုဘရှု့အခန်းအနားသို့ အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေနီ၊ သမ္မတဟာစန်ရောဟာနီ၊ အရပ်ဖက်နှင့် စစ်ဖက်ခေါင်းဆောင်များ တက်ရောက်ကြသည်။ အီရန်မြို့ကြီးများတွင် လူစုလူဝေးတို့က အမေရိကန်နှင့် အစ္စရေးအလံတို့ကို မီးရှို့ဆန္ဒပြကြပြီး “ အမေရိကန် ကျဆုံးပါစေ “ ဟု ကြွေးကြော်ကြသည်။

ထောက်လှမ်းရေးနှင့် ပြည်ပစစ်ဆင်ရေး “ အယ်လ်ခတ် “ အထူးတိုက်ခိုက်ရေးတပ်မှူး ကာဆင်စူလမန်နီ၏ ရုပ်ကလာပ်ကို တနင်္လာနေ့၌ ရှီယိုက်အစ္စလာမ်တို့၏ အမြင့်မြတ်ဆုံး ခွမ်းမြို့တွင် နိုင်ငံတော်အလံလွှမ်းခြုံကာ အလေးအမြတ်ဂုဏ်ပြုပြီးနောက် အင်္ဂါနေ့တွင် ၎င်း၏ ဇာတိ ကာမင်မြို့၌ မြုပ်နှံသြင်္ဂိုဟ်ရန်စီစဉ်ထားသည်။ ခေတ်သစ်အီရန်၏ သမိုင်းဝင်သူရဲကောင်းတစ်ဦးဖြစ်သော ကာဆင်စူလမန်နီသည် ၁၉၈၀ အီရန်-အီရတ် စစ်ပွဲကတည်းက ဂုဏ်သတင်းကောင်း ကျော်စောထင်ရှားခဲ့သည်။ ၁၉၉၈-ခုနှစ်တွင် အယ်လ်ခတ် အထူးတိုက်ခိုက်ရေးအကြီးအကဲဖြစ်လာပြီး ၂၀၁၄-ခုနှစ် အီရတ်နှင့် ဆီးရီးယားတွင် ပေါ်ထွန်းလာသည့် အစ္စလာမ် မစ်နိုင်ငံတော်ထူထောင်သူ အိုင်စစ် ( ISIS, ယခင် ISIL ) တို့ကို အီရန်ကဖြိုခွင်းရာ၌ အရေးပါသော အခန်း ကဏ္ဍမှ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

အီရတ်တွင်တပ်စွဲထားသော အမေရိကန်ပူးတွဲစစ်ဦးချုပ်က အီရတ်အစိုးရထံ ပေးပို့စာတွင် ပြည်ပတပ်များ နှင်ထုတ်ရန် အီရတ်ပါလီမန်ဆုံးဖြတ်ချက်အရ အီရတ်၏ အချုပ်အခြာအာဏာပိုင်ခြင်းကို လေးစားသောအားဖြင့် မိမိတို့ညွန့်ပေါင်းတပ်ဖွဲ့ဝင်များ နိုင်ငံအတွင်းမှ ထွက်ခွာသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်ဟု Russia Today ၏ အခြားသတင်းတစ်ပုဒ်တွင် ရေးသားသည်။ အမေရိကန်သမ္မတ၏ ကနဦးပြောဆိုချက် များနှင့် ဆန့်ကျင်လျှက် အီရတ်မှ ညွန့်ပေါင်းတပ်ဖွဲ့ဝင်များ ထွက်ခွာသွားမည်ဆိုသည့် အကြောင်းစာတွင် ပူးတွဲစစ်ဦးချုပ် အမေရိကန်မရိန်း တပ်မှူးက လက်မှတ်ရေးထိုးထားသည်။

သို့သော် အွန်လိုင်းတွင် ပျံနှံ့လျှက်ရှိသည့် အီရတ်အစိုးရ ကာကွယ်ရေးဝန်ကြီးထံ မိမိက စာရေးသားပေးပို့သည်ဆိုခြင်းမှာမဟုတ် မမှန်ကြောင်း အမေရိကန်မရိန်း တပ်မှူးက ငြင်းဆိုသည်။ ထိုသို့သတင်းမှားများ ပြန့်လွင့်လျှက်ရှိပြီး အီရတ်မှ အမေရိကန်ဦးဆောင်ညွန့်ပေါင်းတပ်များ ရုတ်သိမ်းရန် အစီအစဉ်မရှိကြောင်း ပင်တာဂွန်က အတည်ပြုသည်ဟု Russia Today ကပင် သတင်းရေးသားရှင်းလင်းပြီး အခြားနိုင်ငံတကာ မီဒီယာများကလည်း ဖော်ပြကြသည်ကို တွေ့ရှိရသည်။

တနင်္လာနေ့ အီရတ်ဝန်ကြီးချုပ်က အမေရိကန်သံအမတ်ကြီးအားခေါ်ယူတွေ့ဆုံရာတွင် ကာဆင်စူလမန်နီ သေဆုံးပြီးနောက် နောက်ဆက်တွဲ တင်းမာမှု့များမှ စစ်ပွဲများဖြစ်ပွားမလာရအောင် မိမိတို့အစိုးရက အစွမ်းကုန်တားဆီးလျှက်ရှိကြောင်း၊ အီရတ်သည် အပြန်အလှန်လေးစားခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဒေသတွင်းနိုင်ငံတို့၏ အချုပ်အခြာအာဏာပိုင်သည်တို့ကို အသိအမှတ်ပြုကာ အခြားသောနိုင်ငံများနှင့် အမြဲဆက်သွယ်လျှက်ရှိကြောင်း၊ အီရတ်မှ နိုင်ငံခြားတပ်များ ရုတ်သိမ်းစေရာတွင် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးကို အလေးအနက်ထားကြောင်း ပြောဆိုသည်ဟု ဝန်ကြီးချုပ်ရုံး သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အီရတ်ရှိ အမေရိကန်ဦးဆောင်ညွန့်ပေါင်းလေတပ်စခန်းကို သမ္မတအဆက်ဆက် ဒေါ်လာဘီလျှံပေါင်းများစွာ အထူးတလည် အကုန်အကျခံထားခဲ့ရကြောင်း၊ ထိုကုန်ကျစရိတ်များ ပြန်မရလျှင် အမေရိကန်တပ်ဖွဲ့များ ထွက်ခွာပေးရန်မရှိကြောင်း၊ အီရတ်အနေဖြင့် အတင်းအကြပ် အဆောတလျှဉ် လုပ်ဆောင်လာခဲ့လျှင် မကြုံစဖူး ပြင်းထန်သည့် ဒါဏ်ခတ်အရေးယူမှု့များ ရင်ဆိုင်ရလိမ့်မည်ဟု ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြီးနောက် ယခုကဲ့သို့ အီရတ် ဝန်ကြီးချုပ်၏ သတင်းထုတ်ပြန်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

ထိုစဉ်အတောအတွင်း အစ္စရေးဝန်ကြီးချုပ်က ၎င်းအစိုးရအဖွဲ့ဝင်များအား ပြောကြားရာတွင် ကာဆင်စူလမန်နီအား လုပ်ကြံသတ်ဖြတ်ပြီးနောက် နောက်ဆက်တွဲကိစ္စရပ်များသည် အမေရိကန်၏ အရေးကိစ္စသာဖြစ်ကြောင်း၊ အမေရိကန်နှင့် အီရန်အကြား အရှုတ်အထွေးများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုပဲ ဝေးဝေးနေကြရန် သတိပေးကြောင်း သတင်းရရှိသည်ဟု Russia Today က ယနေ့ရေးသားသည်။

(( ကာဆင်စူလမန်နီ လုပ်ကြံခံရခြင်းမှာ အီရန်တို့အတွက် အလွန်နာကျည်းခံပြင်းစရာဖြစ်သည်။ အင်အားခြင်းမယှဉ်နိုင်သည့်တိုင် ဂုဏ်သိက္ခာအတွက် စစ်တိုက်ရမည့်အခြေအနေသို့ တွန်းပို့ရာရောက်ကြောင်း တစ်ကမ္ဘ္ဘာလုံးက နားလည်ကြပါသည်။ မည်သို့ မည်ပုံ လက်တုန့်ပြန်မည်ဆိုခြင်းကိုသာ မခန့်မှန်းနိုင်ပဲ ရင်တမမ စောင့်ကြည့်လျှက်ရှိသည်။

အီရန်နှင့် အမေရိကန်စစ်ဖြစ်လျှင် အီရန်အနေဖြင့် ( ၁ ) မွတ်စလင်ကမ္ဘာ၏ ဘုံရန်သူ အစ္စရေး ( ၂ ) ရှီယိုက်မွတ်စလင်တို့၏ အဓိက ယှဉ်ပြိုင်ဖက် ဆော်ဒီတို့ကို စစ်ပွဲအတွင်း ဆွဲသွင်းတော့မည်မှာ သေချာလျှက်ရှိသည်။ ဟဇ်ဘိုလာတို့မှာ ဒေသတွင်း ရှီယိုက်ကိုယ်စားပြု လက်နက်ကိုင်များဖြစ်ကြပြီး စစ်ရည်စစ်သွေးပြည့်ဝသည်။ အယ်လ်ကိုင်ဒါ- အိုင်စစ်ကဲ့သို့ ဆွန်နီဘာသာရေးအစွန်းရောက်တို့မှာ သေလျှင် အာဇာနည်ဖြစ်သည်ဟု လူများများသတ်ပြီး ကိုယ်တိုင်သေရန် စောင့်မျှော်နေသူများဖြစ်သည်။ သို့သော် ၂-ဘီလျှံနီးပါးရှိသော ကျန်မွတ်စလင်အများစုကြီးမှာ မည်သူမျှ တတိယကမ္ဘ္ဘာစစ်အထိ မဖြစ်စေလိုပါ။

အီရန်အနေဖြင့် ညူကလီယာလက်နက်ပိုင်ဆိုင်ခြင်းမရှိသေးကြောင်း သေချာသလောက်ရှိသည်။ သို့သော် ၎င်း၏ သမားရိုးကျလက်နက်များဖြင့်ပင်လျှင် လက်လှမ်းမီသမျှ ထိရောက်စွာ တိုက်ခိုက်နိုင်စွမ်းရှိသည့် ဒေသတွင်း စစ်အင်အားကြီးနိုင်ငံဖြစ်သည်။ အီရန်၏ ချေမှုန်းမခံရအောင် လက်ဦးမှု့ရယူမည့်နိုင်ငံမှာ အစ္စရေးဖြစ်ပြီး ညူကလီယာလက်နက်ပိုင်ဆိုင်သည်ဟု ယုံကြည်ရသည်။ အမေရိကန်အနေဖြင့်လည်း အီရန်ကို ပွဲစထွက်ကတည်းက ဦးနှိမ်ထားလိုလျှင် ညူလက်နက်ကို နည်းဗျူဟာမြောက် အသုံးပြုမှသာ ထိရောက်ဖွယ်ရှိသည်။

ဤတွင် ဟဇ်ဘိုလာ၊ ဆွန်နီအစွန်းရောက်တို့လက်ဝယ်သို့ ညူလက်နက်ရောက်သွားလျှင် မတွေးဝန့်စရာဖြစ်သည်။ အစ္စရေး-အမေရိကန်စသည်ဖြင့် မည်သူက မည်သည့်နည်းနှင့် ညူလက်သုံးသည်ဖြစ်စေ လက်ရှိအခြေအနေမှာ ညူလက်နက်စတင်သုံးသောနေ့သည် ကမ္ဘ္ဘာကြီးနိဂုံး၏ ပထမရက်ဖြစ်လာပါမည်။ အချောင်ရောသေကြရမည့်အထဲ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်တို့လည်း ပါဝင်နေသဖြင့် တားဆီးတန် ကောင်းပါသည်။

ကန့်သတ် စစ်၊ ကိုယ်စားပြုစစ်တို့၌မူ လောလာဆယ် မပါလျှင်လည်း နောင် သူတို့လည်း ပါလာနိုင်သည်။ ။ သတင်း ဘာသာပြန်သူ ))

((( Russia Today., 6 Jan, 2020, “Tide of people, anti-US chants, & sorrow as Tehran mourns death of General Soleimani & Iraqi militia commander (PHOTOS, VIDEOS).” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကာဆင်စူလမန်နီ # အီရတ်အမေရိကန်ဦးဆောင်ညွန့်ပေါင်းလေတပ်စခန်း #အယာတိုလာအလီခါမေနီ #ဟာစန်ရောဟာနီ

https://www.rt.com/news/477557-tehran-general-soleimani-mourning/

https://www.rt.com/news/477543-us-dark-days-soleimani/

https://www.rt.com/usa/477603-esper-no-plans-leave-iraq/

https://www.rt.com/news/477589-iraq-us-ambassador-open-war/

https://www.thedailybeast.com/us-led-military-coalition-prepares-for-onward-movement-from-iraq-letter-says

https://www.rt.com/news/477604-netanyahu-distances-israel-soleimani-killing/

https://www.rt.com/op-ed/477558-iran-trump-nuclear-fordow/

0

Leave a Reply

Your email address will not be published.