အီရန်တွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် ၁၀-မိနစ်တိုင်း တစ်ဦးကျ သေဆုံး၍ ၁-နာရီလျှင် လူ-၅၀ နှုန်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရ။အီတလီ၌ သေဆုံးသူ စုစုပေါင်းအရေအတွက် တရုတ်ကို ကျော်ဖြတ်လာ။ အစ္စရေးမော့ဆက် အေးဂျင့်တို့ ကမ္ဘာအရပ်ရပ်မှ ကိုရိုနာဗိုင်းရပ်စ်ရောဂါစမ်းသပ်ကိရိယာများ လျှို့ဝှက်စွာ ရယူ

အီရန်နိုင်ငံ၏ ဒေသတွင်း လူအများအပြားတို့အပေါ် Covid-19 ကိုရိုနာဗိုင်းရပ်စ်စွဲ ကူးစက်ကပ်ရောဂါ ကျ ရောက်လျှက်ရှိသည့် ကိန်းဂဏန်းတို့မှာ သက်ဆိုင်ရာအာဏာပိုင်များအား တုန်လှုပ်စေကြောင်း၊ ဗိုင်းရပ်စ်ပိုးကြောင့် လူပေါင်း ၁,၂၈၄-ဦး သေဆုံးခဲ့ရခြင်းဖြင့် အီရန်မှာ အရှေ့အလယ်ပိုင်းတွင် ကူးစက်ရောဂါဒါဏ် အဆိုးရွားဆုံး ခံစားရသည့် နိုင်ငံအဖြစ်ရပ်တည်နေဆဲဖြစ်သည်ဟု Russia Today က ယနေ့ရေးသားသည်။

ကိုရိုနာဗိုင်းရပ်စ်ဖြင့် လွန်ခဲ့သည့် ၂၄-နာရီအတွင်း ၁၄၉-ဦး သေဆုံးခဲ့ရာ ၁၀-မိနစ်တိုင်း တစ်ဦးနှုန်း သေဆုံးလျှက်ရှိပြီး ရောဂါကူးစက်ခံရသည့်နှုန်းမှာ ၁-နာရီလျှင် လူ-၅၀ ခန့်ဖြစ်ပွားလျှက်ရှိကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားကြောင်း တွေ့ရှိရသည်။

အီရန်တွင် ဗိုင်းရပ်စ်ပိုးကူးစက်ကြောင်း အတည်ပြုခံရသူ ၁၈,၄၀၇ – ဦးရှိနေပြီး ကူးစက်ကပ်ရောဂါကျရောက်ခြင်းအပေါ် ဖိစီးလျှက်ရှိသည့် ဒါဏ်ခတ်ပိတ်ဆို့ခြင်းအမျိုးမျိုးတို့အား ရုတ်သိမ်းပေးရန် အမေရိကန်က ငြင်းပယ်လျှက်ရှိသည်။

ကူးစက်ကပ်ရောဂါ ပျံ့နှံ့ခြင်းကြောင့် အီရန်တွင် လာမည့်သောကြာနေ့တွင် ကျရောက်မည့် “ နိုရုဇ် “ နှစ်သစ်ကူးပွဲတော်မှာ ပျက်ပြားရလိမ့်မည်ဖြစ်သည်။ မလိုအပ်ပဲ ခရီးမသွားကြရန် အီရန်ဘာသာရေးဥသျှောင် အယာတိုလာ အလီခါမေနီက “ ဖတ္တဝါ “ ခေါ် ဘာသာဝင်များ လိုက်နာရမည့် အမိန့်ကို ထုတ်ပြန်ထားသည်။ ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်း လိုက်နာကြရန်၊ လုံလောက်သည့် အကြောင်းမရှိပဲ ပြည်တွင်း၌ ခရီးသွားခြင်းကို ရှောင်ကျဉ်၍ နေအိမ်များ၌သာ နေထိုင်ကြရန် အဆိုပါ ဘာသာရေးအမိန့်၌ ဖော်ပြထားသည်။

ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းကို ဟန့်တားရေးအတွက် နိုင်ငံသားတို့အနေဖြင့် ခရီးမသွားကြရန်၊ ရှီယာဗလီများအား တနင်္လာနေ့မှစ၍ ပိတ်ထားရန် အီရန်အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ သို့သော် လူအများအပြားတို့မှာ တားမြစ်ချက်ကိုဖီဆန်ကာ မြင့်မြတ်သော မက်စ်ဟဒ်နှင့် ကုမ်းစ် အထင်ကရမြို့ကြီးများရှိ ဘာသာရေးဗိမာန်များ၏ အတားအဆီးများကို ချိုးဖျက်ဝင်ရောက်ကာ ဆုမွန်ကောင်း တောင်းခြင်းများ ပြုလုပ်လျှက်ရှိသည်။

အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်စွဲကပ်ခြင်းကြောင့် ကြာသပတေးနေ့ တစ်ရက်တည်း သေဆုံးသူ ၄၂၇-ဦးရှိခဲ့သည်ဆို၏။ အီတလီ၏ ခုထိ စုစုပေါင်း သေဆုံးသူအရေအတွက်မှာ ၃၄၀၅-ဦးရှိသဖြင့် လက်ရှိ တရုတ်နိုင့်ငံ သေဆုံးသူ ၃,၂၄၉-ဦးထက် ၁၅၆-ဦး ပိုမိုများပြားနေကြောင်း CNN က ယနေ့ရေးသားသည်။

ကူးစက်ခံရသူအရေအတွက်မှာမူ တရုတ်၌ ၈-သောင်းကျော်ဖြစ်ပြီး အီတလီ၌ ၄-သောင်းကျော်ဖြစ်သော်လည်း တစ်ရက်ချင်း အီတလီ၏ လူသေဆုံးမှုများမှာ စိုးရိမ်ဖွယ် စံချိန်တင်များပြားလျှက်ရှိနေသည်။ သို့သော် ၂၄-နာရီ အတွင်း ကူးစက်ခံရသူအရေအတွက်မှာလည်း ၅-ထောင်ကျော်ရှိနေသည့်အတွက် ရက်သတ္တ ၂-ပတ်အတွင်း တရုတ်အား ကျော်လွန်သွားဖွယ်ရှိသည်။

အီတလီမြောက်ပိုင်း ဘာဂါမိုမြို့တွင် တစ်ရက်အတွင်း လူသေဆုံးမှုများပြားလွန်းသည့်အတွက် အသုဘခေါင်း ရရှိရန်စောင့်ဆိုင်းရခြင်းသာမက အခန်းအနားမပါပဲ သဂြိုလ်ရခြင်းများ ဖြစ်ပေါ်လျှက်ရှိသည်။ သက်ဆိုင်သူဆွေမျိုးသားချင်းတို့မှာ ဈာပနလုပ်သားများက မြေမြှုပ်ခြင်းမတိုင်မီ အသုဘခေါင်းဘေးတွင် ဆုတောင်းယုံသာ တတ်နိုင်တော့သည်။ လူဦးရေ ၁.၂ သန်းရှိသည့် အဆိုပါမြို့တွင် လူပေါင်း ၁,၉၅၉-ဦးသေဆုံးခဲ့ပြီးဖြစ်သည်။ ခရိုင်တစ်ခုလုံး၏ သေဆုံးသူအရေအတွက်ကို အတိအကျမသိရသော်လည်း အသုဘချရန်အတွက် အီတလီတပ်မတော်က အကူအညီပေးလျှက်ရှိသည်ဟု The Guardian က ယနေ့ရေးသားသည်။

ဗုဒ္ဓဟူးနေ့ တစ်ညတည်းပင် တပ်မတော် စစ်ကားများဖြင့် သယ်ပို့ပေးခဲ့ရသည့် ရုပ်အလောင်းပေါင်း ၆၅-လောင်းရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါခရိုင်တွင် ပုံမှန်အားဖြင့် ၁-လလျှင် ၁၂၀-ဦးမျှသာ သဂြိုလ်ရသော်လည်း မတ်လ ၁ -ရက်နေ့နောက်ပိုင်းမှ ယခုထိ သဂြိုလ်ခဲ့သည့် ရုပ်အလောင်းပေါင်း ၆၀၀ နီးပါးရှိခဲ့ပြီဖြစ်ကြောင်း သက်ဆိုင်သူများကပြောကြားကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

ထိုစဉ်အတောအတွင်း အစ္စရေးလျှို့ဝှက်ထောက်လှမ်းရေးအေးဂျင့်တို့က ကမ္ဘာအရပ်ရပ်မှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စမ်းသပ်ကိရိယာပစ္စည်းပေါင်း ၁၀၀,၀၀၀ ကို ရက်သတ္တ ၁-ပတ်အတွင်း တိတ်တဆိတ်စုဆောင်းခဲ့ကြောင်း သတင်းထွက်ပေါ်သော်လည်း မည်သည့်နိုင်ငံမှ ရရှိခဲ့သည်ကို ရှင်းလင်းစွာ မသိရပေ။ ဒေသန္တရသတင်းစာများက ရေးသားရာတွင်မူ အစ္စရေးနှင့် သံတမန်အဆက်အသွယ်မရှိ- တရားဝင်ဝယ်ယူရန်မဖြစ်နိုင်သည့် အမည်မဖော်လိုသော နိုင်ငံ ၂-နိုင်ငံထံမှ အဆိုပါစမ်းသပ်ပစ္စည်းကိရိယာများကို ရရှိခဲ့ကြောင်း၊ ဗုဒ္ဓဟူးနေ့ရရှိသည့် ကိရိယာများမှာ အသုံးပြု၍ မရသော်လည်း မော့ဆက်အနေဖြင့် စမ်းသပ်ကိရိယာ သန်းချီရရှိရန် စီစဉ်လျှက် ရှိသည်ဟု အစိုးရနှင့် ကျန်းမာရေးဋ္ဌာန သတင်းရင်းမြစ်များအား ကိုးကားဖော်ပြသည်။ အစ္စရေးတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၅၂၉-ဦးရှိနေပြီး၊ သေဆုံးသူမရှိပဲ ကုသပျောက်ကင်းသူ ၁၁-ဦးရှိသည်။

((( ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ရောဂါနှင့် ပတ်သက်၍ အခြားသတင်းများမှာ ဗိုင်းရပ်စ်စွဲကပ်ခံရသဖြင့် ကုသမှုခံယူပြီး ရောဂါပျောက်ကင်းသူများတွင် နောက်တဖန်ဗိုင်းရပ်စ်ကူးစက်နိုင်သည်ဆိုခြင်းမှာ မဟုတ်မမှန်ကြောင်း WHO က ငြင်းဆိုပါသည်။ ထို့ပြင် ပူအိုက်သော ရာသီကူးပြောင်းလာခဲ့လျှင် ဗိုင်းရပ်စ်ကူးစက်နှုန်း ပျောက်ကွယ်သွားမည်ဆိုခြင်းမှာလည်း မဟုတ်မမှန်ကြောင်း စင်္ကာပူနှင့် သြစတေးလျှတို့က သက်သေပြသလျှက်ရှိသည်ဟု ဆိုပါသည်။

လက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်စွဲကူးစက်ကပ်ရောဂါမှာ ၂-နှစ်ခန့် ကြာမြင့်ဟု၎င်း၊ ကမ္ဘာ့လူဦးရေ၏ ၄-ပုံ ၃-ပုံ သို့မဟုတ် ၄၀ မှ ၇၀ ရာနှုန်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရဖွယ်ရှိကြောင်း ပြောဆိုကြပါသည်။ အမေရိကန်နိုင်ငံတွင် Covid-19 ရောဂါကာကွယ်ဆေးကို ယမန်နေ့တွင် လူသားများနှင့် စတင်စမ်းသပ်ခဲ့သော်လည်း အမြောက်အများထုတ်လုပ်သည့်အထိ ၁၂-လခန့်ကမြင့်မည်ဟု သတင်းတွေ့ရှိရသည်။ ။ သတင်းဘာသာပြန်သူ ))

((( Russia Today., 19 Mar, 2020,” One Iranian dies of coronavirus every 10 minutes, 50 get infected every hour – health ministry.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်အီရန်အီတလီ #ကိုရိုနာဗိုင်းရပ်စ်အစ္စရေးမော့ဆက်

https://www.rt.com/news/483508-iran-coronavirus-deaths-infected/?fbclid=IwAR014aOUB5anfxZRgh1t6g25uoj_ZCkDMDJ0RR16tLtNbxUe0sK5BfAwh3I

https://www.rt.com/news/483337-iran-coronavirus-travel-ban/

https://www.theguardian.com/world/2020/mar/19/generation-has-died-italian-province-struggles-bury-coronavirus-dead

https://edition.cnn.com/2020/03/19/europe/italy-death-toll-intl/index.html

https://www.theguardian.com/world/2020/mar/19/israeli-spies-source-100000-coronavirus-tests-covert-foreign-mission

https://www.middleeasteye.net/news/coronavirus-israel-mossad-acquire-unusable-test-kits

https://gisanddata.maps.arcgis.com/apps/opsdashboard/index.html?fbclid=IwAR0tOhUl59T4ql89uyu8fgwqjI3F4AOGGL5U8M_s5RQurA0mqtzgoGJlcVE#/bda7594740fd40299423467b48e9ecf6

+1

Leave a Reply

Your email address will not be published.