အီရန်တွင် ပျက်ကျခဲ့သော ခရီးသည်တင်လေယာဉ်မှာ မစ်ဆိုင်းလ်ဖြင့်ပစ်ချခံရသော အကြမ်းဖက်မှု့ဖြစ်ကြောင်း ပြသလျှက်ရှိဟု ယူကရိန်း ပြောဆို။

အီရန်နိုင်ငံတွင် ပျက်ကျခဲ့သော မိမိတို့၏ ဘိုးရင်းလေယာဉ်မှာ မစ်ဆိုင်းဖြင့် ပစ်ခတ်ခံရသဖြင့် အင်ဂျင်ပေါက်ကွဲပျက်စီးခြင်းဖြစ်သည်ဟု ကောက်ချက်ချနိုင်ကြောင်း ယူကရိန်းလုံခြုံရေးကောင်စီက ပြောဆိုသည်ဟု Russia Today က ယနေ့ရေးသားသည်။

လူပေါင်း ၁၇၆- ယောက်အသက်ဆုံးရှုံးရသည့် အီရန်နိုင်ငံတွင် ပျက်ကျခဲ့ရသည့် ခရီးသည်တင်လေယာဉ်မှာ ဒရုန်း သို့မဟုတ် အကြမ်းဖက်သမားများက ပစ်လွှတ်သော ရုရှားလုပ် မစ်ဆိုင်းလ်ထိမှန်ခံရခြင်းဟုတ်-မဟုတ် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ယူကရိန်းလုံခြုံရေးကောင်စီ အရာရှိတစ်ဦးက ပြောဆိုသည်။

ယူကရိန်းက ကျွမ်းကျင်ပညာရှင် ၁၂-ဦးခန့်ကို အီရန်သို့ စေလွှတ်ထားပြီး၊ လေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းကို စူးစမ်းရှာဖွေလျှက်ရှိသည်။ အထူးသဖြင့် မောင်းသူမဲ့လေယာဉ် သို့မဟုတ် မြေပြင်မှ ဝေဟင်ပစ် မစ်ဆိုင်းလ်တိုက်ရိုက်ထိမှန်သဖြင့် လေယာဉ်အတွင်းပိုင်းပေါက်ကွဲခဲ့မှု့များကို အသေးစိတ် စစ်ဆေးလျှက်ရှိသည်ဆို၏။

လူမှု့ကွန်ယက်တွင် အဆိုပါလေယာဉ်အနီး၌ ရုရှားလုပ် Tor မစ်ဆိုင်းလ်အပျက်အစီး အစအနများ တွေ့ရှိရကြောင်း ပြောဆိုလျှက်ရှိခြင်းကိုလည်း အထောက်အထားများ ရှာဖွေကြမည်ဖြစ်ကြောင်း သိရှိရသည်။

Boeing 737-800 လေယာဉ်မှာ ပျံသန်းနေစဉ် မီးလောင်ကျွမ်းသဖြင့် ပျက်ကျခဲ့ကြောင်း အီရန်မြို့ပြလေကြောင်းပျံသန်းမှု့ဆိုင်ရာ အာဏာပိုင်များ၏ စောစောပိုင်း ပြောဆိုချက်များနှင့် ယူကရိန်း၏ ယခုပြောဆိုချက်တို့မှာ ကွဲလွဲလျှက်ရှိသည်။ လေယာဉ်မှူးသည် ပျံတက်လာရာ အီမန်ခိုမေနီလေယာဉ်ကွင်းသို့ ပြန်လှည့်ရန် ကြိုးစားသော်လည်း ဖြစ်မလာခဲ့ဟုဆိုသည်။ ထိုစဉ်အတွင်း အသက်ဘေးကြုံတွေ့နေရကြောင်း အရေးပေါ်အသက်ကယ်အချက်ပြ ထုတ်လွှင့်ခြင်းမရှိသည်ကို စဉ်းစားစရာဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် ခရီးသည်တင်လေယာဉ်မှာ အင်ဂျင်မီးစွဲလောင်ခြင်းနှင့် အခြားနည်းပညာပိုင်း ဆိုင်ရာချို့ယွင်းမှု့ကြောင့် ပျက်ကျရခြင်းဖြစ်ဟန်တူကြောင်း ယူကရိန်းနိုင်ငံက သတင်းထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်း အဆိုပါ ကြေညာချက်ကို ဖျက်သိမ်းခဲ့သည်။ လေယာဉ်ပျက်ကျရခြင်းအတွက် ထင်ကြေးအမျိုးမျိုးနှင့် စွပ်စွဲပြောဆိုချက် ပြန့်နှံ့နေခြင်းကို ပြည်သူလူထုအတွင်း လက်ဆင့်ကမ်း ဖြန့်ဝေခြင်းမပြုကြပါရန် ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလင်စကီးက မေတ္တာရပ်ခံခဲ့သည်။

ဗုဒ္ဓဟူးနေ့ နံနက်ဒေသစံတော်ချိန် ၆-နာရီခန့်၌ ယူကရိန်းလေကြောင်းလိုင်း ( UIA ) ပိုင် Boeing 737-800 ခရီးသည်တင်ဂျက်လေယာဉ် ခရီးစဉ်အမှတ် PS752 သည် အီရန်နိုင်ငံ အီမန်ခိုမေနီ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံတက်ပြီးနောက် မိနစ်အနည်းငယ်အတွင်း ရှာဟီရာနှင့် ပါရန်းမြို့တို့ အကြား မြေပြင်သို့ ထိုးကျပျက်စီးသွားခဲ့သည်။ လေယာဉ်ပေါ်တွင်လိုက်ပါသွားသည့် အီရန် ၈၂-ဦး၊ ယူကရိန်း ၁၁-ဦး၊ ဆွီဒင် ၁၀-ဦး၊ ကနေဒါ ၆၃-ဦး၊ အာဖဂန် ၄-ဦး၊ ဂျာမန် ၃-ဦးနှင့် ဗြိတိသျှနိုင်ငံသား ၃-ဦး တို့ အားလုံးအသက်ဆုံးရှုံးခဲ့ရ သည်။

အဆိုပါလေယာဉ်ပျက်ကျချိန်သည် အီရန်က အီရတ်ရှိအမေရိကန်စစ်အခြေစိုက်စခန်းများအား မစ်ဆိုင်းတိုက်ခိုက်မှု့အပြီး မကြာမီဖြစ်၍ အီရန်က မှားယွင်းကာ မတော်တဆပစ်ချခဲ့ခြင်းဖြစ်ကြောင်း ထင်ကြေးများ ထွက်ပေါ် ခဲ့သည်။ Reuters သတင်းဋ္ဌာနက ဖော်ပြသည့် စက်ပိုင်းဆိုင်ရာချို့ယွင်းမှု့ကြောင့် ပျက်ကျရသည်ဟု လုံခြုံရေး အရာရှိ ၅-ဦးက ပြောပြသည်ဆိုခြင်းမှာလည်း အနောက်အုပ်စုထောက်လှမ်းရေးတို့၏ ခန့်မှန်းချက်သာဖြစ်ကြောင်း Russia Today က ယနေ့ရေးသားသည်။

ခရီးသည်တင်လေယာဉ် PS752သည် ယူကရိန်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း UIA တွင် အကောင်းဆုံး လေယာဉ်တစ်စီးဖြစ်ပြီး၊ ကျွမ်းကျင် လုပ်သက်ရင့် လေယာဉ်ဝန်ထမ်းများက မောင်းနှင်ပျံသန်းနေစဉ် ဖြစ်ဖြစ်ကြောင်း ၎င်းနေ့မတိုင်မီ ၁-ရက်ကပင် ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ခဲ့ကြောင်း UIA က ပြောဆိုသည်။

၂၀၁၆-ခုနှစ်တွင် ဘိုရင်းကုမ္ပဏီက လွှဲပြောင်းပေးခဲ့သည့် အဆိုပါလေယာဉ်သည် အီရန်နိုင်ငံ တဟီရန်မှ ယူကရိန်းနိုင်ငံ ကိဗ်မြို့သို့ နောက်ဆုံးပျံသန်းခြင်းမတိုင်မီ အကောင်းဆုံးအနေအထား တွင်ရှိနေခဲ့သည်။

(( ယူကရိန်းလေယာဉ်ပျက်ကျခြင်းသတင်းကို ယမန်နေ့နံနက် ကျွန်တော်တင်ပြရာတွင် “ ပျက်ကျ ယူကရိန်း ခရီး သည်တင် လေယာဉ်ဟု ယူဆရသည့် အရာဝတ္ထုမှာ ကောင်းကင်မှ ကျလာသော မီးလုံးကြီးကြောင့် မြေပြင်သို့ ထိုးစိုက် ပျက်စီးသွားဟန် သံသယရှိဖွယ် တွေ့မြင်ရသည်။ “ ဟု လူမှု့ကွန်ယက်တွင် ပျံနှံ့လျှက်ရှိသော ရုပ်သံနှင့် အတူဖော်ပြခဲ့ပါသည်။

၎င်း မြန်မာဘာသာပြန်သတင်းကို ပထမဆုံး ကွန်မင့်တွင် ပြန်လည်ဖော်ပြအပ်ပါသည်။ ။ သတင်းဘာ သာပြန်သူ ))


#ယူကရိန်းခရီးသည်တင်လေယာဉ်

 ((( Russia Today., 9 Jan, 2020, “Missile strike, terrorist attack, engine explosion among main theories on Boeing crash in Iran – Ukraine’s Security Council.” #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/477802-missile-strike-terrorist-attack-iran/

https://www.rt.com/news/477793-iran-ukraine-plane-crash-report/

https://www.rt.com/news/477701-ukrainian-boeing-crash-/

0

Leave a Reply

Your email address will not be published.