အီရန်သိပ္ပံပညာရှင်ကို ကွန်မန်ဒို ၁၂-ဦးက လုပ်ကြံခြင်းမဟုတ်ပဲ အဝေးထိန်းစက်သေနတ်ဖြင့် မီတာ ၁၅၀ အကွာမှ ပစ်ခတ်ခဲ့ဟုဆို။ ၃- မိနစ်သာ ကြာမြင့်သည့် တိုက်ခိုက်မှု့အား အသေးစိတ်သတင်းဖော်ပြကြရာတွင် ဆန့်ကျင်ကွဲလွဲနေ၊ အဝေးထိန်းစက်သေနတ်လား အထူးတိုက်ခိုက်ရေး ကွန်မန်ဒိုလား

  

  
တနင်္ဂနွေနေ့တွင် Fars သတင်းအေဂျင်စီက အမည်မဖော်လိုသောသတင်းရင်းမြစ်များအား ကိုးကား၍ အချက်အလက်အသစ်များ အသေးစိတ်ဖော်ထုတ်ရေးသားသည်။ သိပ္ပံပညာရှင် မိုဆန်ဖာကရီဇာဒီမဟာဗာဒီသည် အစောင့်အကြပ်ထူထပ်စွာ ချထားသည့်နေရာမှ ကျည်ဆန်ဒါဏ်ခံနိုင်သော ကား ၃-စီးပါ လုံခြုံရေးယာဉ်တန်း ဦးဆောင်မှုဖြင့် ထွက်ခွာလာခဲ့ကြကြောင်း၊ တီဟီရန်အရှေ့ဘက်ရှိ အက်ဗ်ဆတ်မြို့သို့ မရောက်မီ လုပ်ကြံခံရခြင်း ဖြစ်သည် ဆို၏။ 

ဖာကရီဇာဒီနှင့် ဇနီးဖြစ်သူတို့လိုက်ပါလာသော ကားကို ကျည်ဆန်ထိမှန်ခဲ့ကြောင်း၊ ဖာကရီဇာဒီသည် အင်ဂျင်ပြဿနာ သို့မဟုတ် အတားအဆီးတစ်ခုခုကြောင့် မတော်တဆ အသံထွက်သည်ထင်၍ ကားအပြင်သို့ ထွက်မိခဲ့ကြောင်း၊ ထိုစဉ် မီတာ ၁၅၀ အကွာအဝေးရှိ “ နီဆန်း “ ကားပေါ်တွင် တပ်ဆင်ထားသည့် စက်သေနတ်က သိပ္ပံပညာရှင်အား ပစ်ခတ်ခဲ့ရာ နံဘေးနှင့် နောက်ကျောတို့အား ၂-ချက်ထိမှန်ပြီး ကျောရိုးနာဗ်ကြော၌ ပြင်းထန်စွာ ဒါဏ်ရာရရှိခဲ့ကြောင်း၊ 

  
ဖာကရီဇာဒီအား အကာအကွယ်ပေးရန် ကြိုးစားသော အနီးကပ်လုံခြုံရေးအေးဂျင့်သည်လည်း တစ်ပြိုင်နက်တည်းမှာပင် အချက်ပေါင်းများစွာ ဆက်တိုက်ပစ်ခတ်ခံရကြောင်း၊ ထို့နောက် နီဆန်းကား ပေါက်ကွဲသွားကြောင်း၊ သောကြာနေ့၌ ၃-မိနစ်သာ ကြာမြင့်သည့် တိုက်ခိုက်မှုတွင် သက်ရှိလုပ်ကြံသတ်ဖြတ်သူများကို အသုံးချခြင်း မရှိခဲ့ကြောင်း၊ နီဆန်းမော်တော်ယာဉ်ပိုင်ရှင်သည် အီရန်မှ ထွက်ခွာသွားခဲ့ပြီးဖြစ်ကြောင်း Fars က ရေးသားသော်လည်း ယာဉ်ပိုင်ရှင်အမည်နှင့် ဦးတည်ထွက်ခွာသွားသည့် နိုင်ငံကို ဖော်ပြခြင်းမရှိချေ။

  
လုပ်ကြံခံရပုံ ယခုနောက်ဆုံးဖော်ပြချက်မှာ ယခင် Fars အပါအဝင် အခြားသတင်းဌာနများ၏ ယခင်ရေးသားခဲ့သည်တို့နှင့် ဆန့်ကျင်လျှက်ရှိသည်။ ထို့ပြင် ယခုသတင်းကို ပါရှန်းဘာသာစကားဖြင့်သာ ဖော်ပြခဲ့သည်။ 


တနင်္ဂနွေနေ့ စောစောပိုင်း၌ လန်ဒန်အခြေစိုက်အီရန်သတင်းထောြက်ဖစ်သူ မိုဟာမက်အာဝါဇီက ရေးသားရာတွင်မူ အက်ဗ်ဆတ်မြို့အဝင် “ အဝိုင်း“ နေရာ၌ ဖာကရီဇာဒီ၏ ယာဉ်တန်းပေါ်သို့ ခုန်တက် လုပ်ကြံခြင်းဖြစ်ကြောင်း ပါရှိသည်။ တိုက်ခိုက်သူများသည် စွမ်းရည်မြင့်မားသောစစ်တပ်များ၏ အထူးတပ်ဖွဲ့များကဲ့သု့ိ ကျွမ်းကျင်ကြကြောင်း၊ လူ ၅၀-ခန့်ပါသော ထောက်ပို့အဖွဲ့က အီရန်၏လုံခြုံရေးဝန်ထမ်းများအတွင်း ထိုးဖောက်စိမ့်ဝင်ခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့ကြောင်း၊ လုပ်ကြံရာတွင် မည်သည့်တုန့်ပြန်မှုမဆို နှေးကွေးသွားအောင် ဧရိယာတစ်ဝှိုက် မိနစ် ၃၀ စော၍ လျှပ်စစ်မီးဖြတ်တောက်ထားခဲ့ကြောင်း ရေးသားထားသည်။ 


တိုက်ခိုက်မှု၏ အသေးစိတ်အချက်အလက်များအတွက် ဖာကရီဇာဒီ၏တိုက်ခိုက်ခံရသည့် ယာဉ်တန်း သွားလာ-ရောက်ရှိနေရာတို့အား သိရှိသူများအပါအဝင် အီရန်အစိုးရအရာရှိများနှင့် အီရန်အစ္စလာမစ်တော်လှန်ရေးအစောင့်တပ်မတော် အထူးတပ်ဖွဲ့ဝင်များထံမှ ပေါက်ကြားချက်များအား ကိုးကားကြောင်း၊ တိုက်ခိုက်သူများ သည် “ ဟွန်ဒိုင်း ဆန်တာဖီး” မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ၄-စီးတို့ကို စီးနင်းလာခဲ့ကြကြောင်း၊ ဖာကရီဇာဒီတို့၏ ယာဉ်တန်းရှေ့သို့ ဖြတ်ကျော်သွားခဲ့ပြီး နီဆန်းမော်တော်ကားအား ဖောက်ခွဲကာ ယာဉ်တန်းအား ပိတ်ဆို့ပစ်လိုက်ကြောင်း၊ ထို့နောက် ဖာကရီဇာဒီ၏ကားနှင့် လုံခြုံရေးယာဉ်များ၏ ရှေ့မှ ရပ်ကာ သေနတ်ဖြင့် ပစ်ခတ်ကြကြောင်း၊ လုပ်ကြံသည့် အဖွဲ့ခေါင်းဆောင်သည် ဖာကရီဇာဒီအား ကားအတွင်းမှ ဆွဲထုတ်ကာ နေရာ၌ပင် အသေပစ်ခတ်ခဲ့ကြောင်း၊ လုပ်ကြံသည့် ကွန်မန်ဒိုအားလုံးတို့မှာ ဒါဏ်ရာရရှိသူနှင့် ဖမ်းဆီးခံရသူမရှိပဲ လွတ်မြောက်သွားကြကြောင်း မိုဟာမက်အာဝါဇီက ဖော်ပြသည်။ 


ဤအတောအတွင်း ပါရှန်းဘာသာဖြင့် ကွဲပြားခြားနားစွာ သတင်းဖော်ပြခဲ့သော Fars သတင်းအေဂျင်စီ ကိုယ်တိုင်၏ အင်္ဂလိပ်ဘာသာဝဘ်ဆိုက်က တနင်္ဂနွေနေ့တွင် သတင်းတစ်ပုဒ် ရေးသားခဲ့ပြန်ကြောင်း တွေ့ရှိရသည်။ မျက်မြင်သက်သေများ၏ မှတ်တမ်းများအရ ဖာကရီဇာဒီသည် ၎င်း၏ ကားပေါ်တွင်ရှိနေစဉ် အကြမ်းဖက်သမားများက သေနတ်ဖြင့် မနားတမ်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုသည်ဟု ရေးသားသည်။

  
ဂျူးတို့သည် ဖာကရီဇာဒီအား နျူကလီးယားလက်နက်ထုတ်လုပ်ရေးအစီအစဉ်ကို ဦးဆောင်သူအဖြစ် စွပ်စွဲနေခြင်းကြောင့် လုပ်ကြံသတ်ဖြတ်မှုနောက်ကွယ်တွင် အစ္စရေးနိုင်ငံ ရှိသည်ဟု အီရန်အရာရှိများက အပြစ်တင်သည်။ အီရန်သည် ၎င်း၏ စစ်ဘက်ဆိုင်ရာတွင် နျူကလီးယားကို အသုံးချရန်ကြိုးစားနေသည်ဆိုခြင်းကို တီဟီရန်အစိုးရက အစဉ်တစိုက် ငြင်းဆိုခဲ့သည်။ အီရန်နိုင်ငံ၏ စွပ်စွဲချက်များနှင့် ပတ်သက်၍ အစ္စရေးက လောလောဆယ် မှတ်ချက်ပေးခြင်း မရှိသေးချေ။ 

#အီရန်ထိပ်တန်းသိပ္ပံပညာရှင်လုပ်ကြံခံရပုံကွဲလွဲ 


(( မကြာသေးမီက ကျွန်တော်တို့ဆီတွင် ပေါက်စီလုပ်ငန်းနှင့် ကလေးငယ်များသတင်းကို တိုက်ရိုက် Live လွှင့်သူများအချင်းချင်းသာမက Mainstream မီဒီယာများကလည်း တစ်ယောက်တစ်ပေါက် ဖော်ပြကြရာ အတော်အံ့သြမိသည်။ ယခု အီရန်အစိုးရသတင်းစာကိုယ်တိုင်က သတင်းတစ်ပုဒ်ထဲနှင့် သူ့ဟာသူ တိုင်ပတ်နေလေရာ ဘယ့်နှယ့်ပြောရမှန်း မသိတော့ချေ။

  
ရီမုဒ်ကွန်ထရိုးစက်သေနတ်ဖြင့် ပစ်ခတ်သည်ဆိုလျှင် ၎င်းစက်သေနတ်တင် နီဆန်းကားကို ဖောက်ခွဲလိုက်သူတို့မှာ လုပ်ကြံသူများကိုယ်တိုင် သဲလွန်စ မချန်လို၍ ဖျက်ဆီးခဲ့ပုံရသည်။ သို့သော် ပါရှားဘာသာဖြင့်သာ သတင်းရေးခြင်းမှာ အစိုးရသိက္ခာမကျအောင် ပြည်တွင်းနေသူများအား ဖာထေးခြင်းဖြစ်နိုင်ပါသည်။


လူ ၁၂-ယောက်ပါ လုပ်ကြံသူများက သေနတ်ကြီး တကားကားနှင့် မော်တော်ကား၊ ဆိုင်ကယ်များ စီးနင်းကာ ရုပ်ရှင်ဆန်ဆန် ပစ်ခတ်သတ်ဖြတ်သည် ဆိုခြင်းမှာ လက်ခံရန် အတော်ခက်သည်။ သို့သော် အီရန်သမ္မတကိုယ်တိုင် သတင်းထုတ်ပြန်ရာ၌ အစ္စရေးက စည်းရုံးထားသော အစ္စလာမ်မစ်စစ်သွေးကြွများလက်ချက်ဟု ပါရှိနေသည်။ 

  
အီရန်နှင့် အီရတ်တို့၏ ယခင်သတင်းများတွင် ဒေသတွင်း၌ အစ္စလာမ်မစ်စစ်သွေးကြွများ စိမ့်ဝင်လျှက်ရှိကြောင်း အကြိမ်ကြိမ် ဖော်ပြခဲ့ကြဖူးသည်။ စစ်သွေးကြွတို့သည် အီရန်တပ်မတော်၏ အခန်းအနားများကိုပင်လျှင် ဝင်ရောက်ပစ်ခတ် ဖောက်ခွဲခဲ့ဖူးသည်။      ။ သတင်းဘာသာပြန်သူ )) 

((( Russia Today., 29 Nov, 2020 , “Killing of top Iranian nuclear scientist: Reported versions change from 12-person commando squad to REMOTE-CONTROLLED machine gun.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.rt.com/news/508170-iran-assassination-remote-gun/ 
https://www.farsnews.ir/news/13990909000920/%D8%AC%D8%B2%D8%A6%DB%8C%D8%A7%D8%AA%DB%8C-%D8%AC%D8%AF%DB%8C%D8%AF-%D8%A7%D8%B2-%D8%B4%DB%8C%D9%88%D9%87-%D8%B9%D9%85%D9%84%DB%8C%D8%A7%D8%AA-%D8%AA%D8%B1%D9%88%D8%B1-%D8%B4%D9%87%DB%8C%D8%AF-%D9%81%D8%AE%D8%B1%DB%8C%E2%80%8C%D8%B2%D8%A7%D8%AF%D9%87 

0

Leave a Reply

Your email address will not be published.