အီရန်သိပ္ပံပညာရှင်အား ဆုံလည်တင်အဝေးထိန်းစက်သေနတ်ဖြင့် လုပ်ကြံခဲ့ဟုဆို။ ဂြိုလ်တုမှ ထိန်းချုပ်သော အစ္စရေးလုပ် စက်သေနတ်ဟု မီဒီယာအချို့တွင် ဖော်ပြသော်လည်း အထောက်အထား ပြသခြင်း မရှိ၊ သေဆုံးသူ အရေအတွက်ကိုလည်း ရှင်းလင်းစွာ မသိရ

  
လွန်ခဲ့သောရက်သတ္တပတ်က အစ္စရေးနိုင်ငံသည် အဝေးထိန်းမှ ထိန်းချုပ်ထားသော သို့မဟုတ် ပစ်ကပ်ကားပေါ်တွင် တပ်ဆင်ထားပြီး လိုအပ်သလို အပြည့်အ၀ အလိုလျှောက်ပစ်ခတ်နိုင်သော စက်သေနတ်ဖြင့် ထိပ်တန်းနျူကလီးယားသိပ္ပံပညာရှင် မိုဆန်ဖာကရီဇာဒီအား လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ်တစ်ခုလုံးတွင် သက်ရှိလူသားများပါဝင်ခြင်း မရှိကြောင်း အီရန်တာဝန်ရှိသူက ရှင်းလင်းသည်ဟု The Drive ( War Zone ) က ယမန်နေ့ ရေးသားသည်။

  
၁၉၉၇-ခုနှစ်တွင် ရုံတင်ပြသခဲ့သော ဘရုစ်ဝီလီစ်ကဖန်တီးခဲ့သည့် “ The Jackle “ အက်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းများကို ထည့်သွင်းပြောကြားနေခြင်း မဟုတ်သော်လည်း ယခုဖြစ်စဉ်အတွက် ခိုင်မာသော သက်သေပြသနိုင်ခြင်းမရှိပါ။ ယခုနှစ် ဇူလိုင်လတွင် အစ္စရေးကုမ္ပဏီတစ်ခုက လူဖြင့်တစ်ပါတည်း သယ်ဆောင်နိုင်သော ဆုံလည်တင်စက်သေနတ်တစ်လက်ကို ထုတ်ဖော်ပြသခဲ့သည်။ ၎င်းစက်သေနတ်မှာ စကင်ဖတ် စစ်ဆေးနိုင်ပြီး၊ ပစ်မှတ်အား အလိုအလျှောက် ချိန်ရွယ်မှတ်ပုံတင်နိုင်သည်။ အသုံးပြုသူက ကြိုးမဲ့ သို့မဟုတ် တက်ပလက်ကဲ့သို့ ဆက်သွယ်ရေးကိရိယာဖြင့် ပစ်ခတ်နိုင်ကြောင်း တွေ့ရှိရသည်။ 


တနင်္လာနေ့နံနက်စောစောပိုင်းတွင် ဖာကရီဇာဒီ၏ အသုဘအခန်းအနား၌ ဗိုလ်ချုပ် အလီရှာဟန်နီက ယခုကဲ့သို့ ရှင်းလင်းခြင်းဖြစ်သည်။ ဗိုလ်ချုပ်ရှာဟန်နီသည် အီရန်တွင် အရှိန်အဝါကြီးလှသော အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်မတော် (IRGC) မှ ဖြစ်ပြီး၊ အီရန်ဥသျှောင် အမျိုးသားလုံခြုံရေးကောင်စီ၌ တာဝန်ထမ်းဆောင်လျှက်ရှိသူဖြစ်သည်။ IRGC နှင့် နီးစပ်မှုရှိပြီး အီရန်အစိုးရတစ်စိတ်တစ်ပိုင်းပိုင်ဆိုင်သော Fars သတင်း အေဂျင်စီသည် လုပ်ကြံမှု့နှင့်ပတ်သက်၍ ယမန်နေ့တွင် သတင်းဖော်ပြခဲ့သည်။ အဝေးထိန်းဖြစ်ဟန်တူသော ကိရိယာအသုံးပြုပုံ အသေးစိတ်အချက် အလက်များကို ပထမဆုံးတင်ပြခဲ့သည့် မီဒီယာဖြစ်ပေလိမ့်မည်။ 

  
ကိုယ်တိုင် IRGC မှ အရာရှိတစ်ဦးလည်းဖြစ်သူ နျူကလီးယားသိပ္ပံပညာရှင် ဖာကရီဇာဒီသည် အီရန်နိုင်ငံ၏ နျူကလီးယားလက်နက်ဖွံ့ဖြိုးတိုးတက်ရေးတွင် ဆယ်စုနှစ်များစွာတာဝန်ယူဆောင်ရွက်ခဲ့ကြောင်း အမေရိကန်နှင့် အစ္စရေးထောက်လှမ်းရေးတို့က မှတ်ယူခဲ့ကြသည်။ ၎င်းသည် အီရန်နိုင်ငံမြို့တော်တီဟီရန်၏ အရှေ့ဘက်မိုင် ၅၀ နီးပါးအကွာ အက်ဗ်ဆတ်မြို့၌ နိုဝင်ဘာလ ၂၇-ရက်နေ့တွင် လုပ်ကြံခံခဲ့ရသည်။ 

  
ဗိုလ်ချုပ်ရှန်ခါနီ၏ ရှင်းလင်းချက်နှင့် တနင်္ဂနွေနေ့ထုတ် Fars သတင်းအေဂျင်စီတို့၏ ရေးသားချက်များအပြင် အီရန်ဒေသန္တရသတင်းမီဒီယာတို့၏ ဖော်ပြချက်များအရ အက်ဗ်ဆတ်မြို့၌ တိုက်ခိုက်ခံရချိန်တွင် ဖာကရီဇာဒီနှင့် အတူ ဇနီးဖြစ်သူလည်း ရှိနေပုံရသည်။ ၎င်းတို့သည် အနက်ရောင် နီဆန်းကား ၄-စီးပါ ယာဉ်တန်းတွင် စီးနင်း လိုက်ပါလာကြသည်။

  
အပြာရောင် နီဆန်းပစ်ကတ်ကားပေါ်တွင် တပ်ဆင်ထားသည့် အီလက်ထရောနစ်ဖြင့်ထိန်းချုပ်သော ဆုံလည်တင်စက်သေနတ်က ဖာကရီဇာဒီလိုက်ပါလာသော ကားကို ပစ်ခတ်သည်။ အချိန်တိုအတွင်းမှာပင် မော်တော်ကား လည်ထွက်ပြီး ယာဉ်တန်း ပိတ်ဆို့သွားသည်။ ကားရပ်တန့်ချိန်တွင် သိပ္ပံပညာရှင်မှာ အပြင်သို့ ထွက်လာသည်ဆို၏။ ၎င်းကြားလိုက်ရသောအသံမှာ မော်တော်ကားအား သေနတ်ကျည်ထိမှန်သံဖြစ်ကြောင်း သတိထားမိပုံ မရဟုဆို၏။


Fars သတင်းအေဂျင်စီအဆိုအရ စက်သေနတ်က ဆက်လက်ပစ်ခတ်ခဲ့ရာ သိပ္ပံပညာရှင်၏ နံဘေးနှင့် နောက်ကျောတို့အား ၂-ချက်ထိမှန်ပြီး အနည်းဆုံး တစ်ချက်မှာ ကျောရိုးနာဗ်ကြော၌ ပြင်းထန်စွာဒါဏ်ရာရရှိစေခဲ့သည်။ 

  
ကားထဲတွင် အတူလိုက်ပါလာဟန်တူသည့် အနီးကပ်လုံခြုံရေးအေးဂျင့်တစ်ဦးက ကားအတွင်းမှ ခုန်ထွက်ပြီး သိပ္ပံပညာရှင်၏ ခန္ဓာကိုယ်ပေါ်တွင် ကွယ်ကာလျှက် ကယ်တင်ရန်ကြိုးစားခဲ့ရာ ၎င်းကိုလည်း ကျည်ထိမှန်၍ ဒဏ်ရာရရှိသည်။ ထိုနောက် အပြာရောင် နီဆန်းပစ်ကပ်ကားမှာ ပေါက်ကွဲသွားသည်။ 


စုစုပေါင်း မည်မျှ ထိခိုက်သေဆုံးမှုရှိသည်ကို ရှင်းလင်းစွာမသိရသေးပါ။ ဖာကရီဇာဒီအား တီဟီရန်ရှိ စစ်ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် မပို့ဆောင်မီ အနီးဆုံး ဒေသန္တရဆေးခန်းသို့ အမြန်ဆုံးတင်ပို့ ခဲ့သော်လည်း ဒါဏ်ရာပြင်းထန်လွန်းသဖြင့် သေဆုံးခဲ့ရသည်။

  
အခြား သတင်းမီဒီယာတို့ကမူ စက်သေနတ်တင်ဆုံလည်ကို ဂြိုဟ်တုဖြင့်ထိန်းချုပ်ခြင်းဖြစ်ကြောင်း၊ သေနတ်ကို ပြန်လည်ရမိပြီး အစ္စရေးစစ်ဘက်ဆိုင်ရာစက်မှု့လုပ်ငန်းမှ ထုတ်လုပ်ကြောင်း အသေးစိတ်အမှတ်အသားနှင့် လိုဂို တံဆိပ်များ ပါရှိသည်ဟု အခိုင်အမာ ရေးသားကြသည်။ သို့သော် အီရန်အာဏာပိုင်များက ယခုချိန်အထိ မည်သည့် သတင်းဓါတ်ပုံများကိုမှ လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေးပါ။ သေနတ် သို့မဟုတ် အလိုလျှောက် ပစ်ခတ်နိုင်အောင် တပ်ဆင်ထားကြောင်းကိုလည်း ပြသရန် ကျန်ရှိနေသည်။ 

  
ဤတွင် အခင်းဖြစ်ပွားပုံနှင့်ပတ်သက်၍ အချက်အလက်အချို့မှာ အလွန်အရေးကြီးသည်။ Fars ကိုယ်တိုင် စောစောပိုင်း သတင်းရေးသားချက်တို့နှင့် ဆန့်ကျင်ကွဲလွဲလျှက် ရှိကြောင်း တွေ့ရသည်။ ပထမဆုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖာကရီဇာဒီအား သတ်ဖြတ်ခဲ့သည်ဟု Fars က ရေးသားခဲ့သည်။ ဖော်ပြပုံမှာ အလွန်ရှုပ်ထွေးပြီး ပေါက်ကွဲစေနိုင်သော ပစ္စည်းတင်ကားကို ဖောက်ခွဲခြင်းဖြင့် ရှေးဦးစွာ ယာဉ်တန်း အား ရပ်တန့်စေခဲ့သည်။ 


တိုက်ခိုက်သူ အားလုံးအပါအဝင် လူ ၃-ဦးမှ ၄-ဦး သေဆုံးခဲ့သည်ဟုလည်း ဖော်ပြခဲ့သည်။ အခြားအီရန်မီဒီယာများကလည်း လုပ်ကြံခံရမှုတွင် သေနတ်သမား ၁၂-ဦးပါဝင်ပြီး တိုက်ခိုက်မှုတွင် လူ ၅၀ ပါ ထောက်ပို့အဖွဲက နိုင်ငံအတွင်းမှ ကူညီခဲ့ကြောင်း ရေးသားကြသည်။ ယခင် အစ္စရေးက အခြားအီရန်နျူကလီးယား သိပ္ပံပညာရှင်တို့အား လုပ်ကြံရေး ကားဗုံးထောင်ရန် ကြိုးစားခဲ့ပုံတို့ကို ရောမွှေယုံမက မော်တော်ဆိုင်ကယ်စီး သေနတ်သမားများပါဝင်သည်။ 


( ယခုသတင်းအတိုင်းဆိုလျှင် သိပ္ပံပညာရှင်အား လုပ်ကြံသတ်ဖြတ်သူမှာ အစ္စရေးဖြစ်ပြီး အဝေးထိန်း ဆုံလည်တင် စက်သေနတ်ကို အသုံးပြုသည်ဟု အီရန်စစ်ဖက်က ပြောဆိုသည်။ သို့သော် သက်သေပြချက် မပါဝင်ပါ။ အီရန်နိုင်ငံအတွင်းတွင် အစ္စရေးနှင့် အမေရိကန်ကို ထောက်ပံ့ထားသော အစ္စလာမ်မစ်စစ်သွေးကြွများ ရှိနေသည်မှာ အမှန်ဖြစ်သော်လည်း တီရီရန်နှင့် မိုင် ၅၀ ခန့်အကွာထိ ရောက်ရှိလာပြီး ထိပ်တန်းအရေးပါသည့် ပညာရှင်တစ်ဦးကို လုပ်ကြံသည်ဆိုခြင်းမှာ လက်ခံရန် အတော်ခက်ပါသည်။ ထို့ကြောင့် လူမပါပဲ အဝေးထိန်း စက်သေနတ်ဖြင့် လုပ်ကြံသည်ဆိုခြင်းမှာ ဖြစ်နိုင်ပြီး အပြာရောင်ဆီဒင်ကားကို အသုံးပြုပြီး လက်စဖျောက် သည့်အနေဖြင့် ဖောက်ခွဲခဲ့ဟန်တူပါသည်။ ထို့ကြောင့် အီရန်တို့တွင် သက်သေပြစရာ မယ်မယ်ရရ မရှိတော့ ချေ။ 


အီရန် အီရတ်မီဒီယာတို့၏ သတင်းတင်ပြပုံမှာလည်း ထူးဆန်းသည်။ တိုက်ပွဲဖြစ်ပွား၍ တစ်ဖက်ရန်သူ ၄၀ သေဆုံးသည်ဟု ဖော်ပြပြီး မကြာမီ Edit အကြိမ်ကြိမ် လုပ်ခြင်းဖြင့် လူ ၂၀ မပြည့်ပဲလည်း ရှိတတ်သည်။ 

#အဝေးထိန်းဆုံလည်တင်စက်သေနတ် #Smart_Shooter #အီရန်ထိပ်တန်းသိပ္ပံပညာရှင်

   
((( The Drive., November 30, 2020,” Let’s Talk About Remote-Controlled Gun Turrets And The Killing Of Iran’s Top Nuclear Scientist.By: Joseph Trevithick.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.thedrive.com/the-war-zone/37882/lets-talk-about-remote-controlled-gun-turrets-and-the-killing-of-irans-top-nuclear-scientist

https://twitter.com/aldin_ww/status/1332384081582100483/photo/1

https://defence-blog.com/?s=Smart+Shooter+integrates+its+new+weapon+station+into+armored+pickup

https://www.bbc.com/news/world-middle-east-55128970

0

Leave a Reply

Your email address will not be published.