အီရန်သူလျှိုသင်္ဘော တိုက်ခိုက်ခံရပြီး ပင်လယ်နီရေလမ်းကြောင်းတွင် ပျက်စီးနေဟု သတင်းထွက်ပေါ်။ ရေငုပ်သင်္ဘောမှ တော်ပီဒိုထိမှန်သည်ဟု အစ္စရေးပြော၊ သံလိုက်မိုင်းဖြင့် တိုက်ခိုက်ခံရသော်လည်း အနည်းငယ်ပျက်စီး၍ လူအသေအပျောက်မရှိဟု အီရန်ဆို


#အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်မတော် (#IRGC) က အခြေစိုက်စခန်းသဖွယ်အသုံးပြုသည်ဟု အစ္စရေးနှင့်ဆော်ဒီအာရေးဗီးယားနိုင်ငံတို့၏ စွပ်စွဲခြင်းခံရသည့် အီရန်ပိုင်သင်္ဘောမှာ ယီမင်နှင့် အီရစ်ထရီးယားနိုင်ငံတို့အကြား ပင်လယ်နီရေပြင်တွင် မိုင်းထိမှန်ခဲ့ကြောင်း သတင်းရရှိသည်ဟု Russia Today က ယနေ့ရေးသားသည်။

ဆော်ဒီအစိုးရပိုင် Al-Hadath ရုပ်သံက သတင်းထုတ်လွှင့်ရာတွင် အင်္ဂါနေ့ အီရစ်ထရီးယားနိုင်ငံကမ်းလွန်၌ တိုက်ခိုက်ခံရသည့် အဆိုပါသင်္ဘောမှာ အစ္စရေးတို့၏ စစ်ဆင်ရေးအရ ဖြစ်ပုံရကြောင်း အတိအကျ ဖော်ပြခြင်း မရှိသည့် သတင်းရင်းမြစ်အား ကိုးကားထားသည်။ အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးက the New York Times သို့ ယခုနောက်ပိုင်း ပြောပြရာတွင် တိုက်ခိုက်မှု၏ နောက်ကွယ်၌ အစ္စရေးအစိုးရရှိနေသည်ဟု အင်္ဂါနေ့နံနက်စောစောတွင် ဝါရှင်တန်အစိုးရထံ အကြောင်းကြားခဲ့ကြောင်း၊ ယခင် အစ္စရေးသင်္ဘောများအား အီရန်က တိုက်ခိုက်သည့်အတွက် လက်တုန့်ပြန် တိုက်ခိုက်ခြင်းဖြစ်သည်ဟု အစ္စရေးက ထပ်မံပြောကြားကြောင်း အတည်ပြုသည်။

အီရန်သင်္ဘော၏အမည်မှာ Saviz ဟု ဖော်ထုတ်နိုင်ခဲ့ပြီး အဆိုပါရေပြင်ရှိ အီရန် IRGC၏ ရှေ့တန်း အခြေစိုက်စခန်းဖြစ်သည်ဟု အစ္စရေးနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံတို့က ကာလကြာမြင့်စွာ စွပ်စွဲခဲ့သည်။ အစ္စရေးတာဝန်ရှိသူအချို့ကမူ တော်ပီဒိုထိမှန်၍ သင်္ဘောပျက်စီးခြင်းဖြစ်ကြောင်း ပြောဆိုသည်။ အလီခါမေနီအစိုးရ ရှယ်ယာပါဝင်သော Tasnim သတင်းအေဂျင်စီက သတင်းထုတ်လွှင့်ရာတွင် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး #Limpet ကဲ့သို့ ရေတပ်သုံး သံလိုက်မိုင်းများကို သင်္ဘောကိုယ်ထည်တွင်ကပ်၍ ဖောက်ခွဲခံရခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။
Szviz သည် ပင်လယ်နီရေပြင်တွင် ကုန်သွယ်ရေကြောင်းသင်္ဘောများအား စောင့်ရှောက်မည့် အီရန်ကွန်မင်ဒိုတို့ကို စေလွှတ်ရေး အကူအညီပေးရန် လွန်ခဲ့သည့် နှစ်အနည်းငယ်က တာဝန်ချထားပေးခဲ့ကြောင်း Tasnim က သတင်းထုတ်လွှင့်သည်။

Saviz ၏ လွန်ခဲ့သော ၃-နှစ်အတွင်း လှုပ်ရှားပုံမှာ ပင်လယ်နီရေပြင်၏ ရေကြောင်းသွားလာမှုကို စောင့်ကြည့်နေသည်ဟု သံသယရှိကြောင်း အမေရိကန်ရေတပ်အင်စတီကျုဒ့်အရ သိရှိရသည်။ အဆိုပါရေပြင်သည် အာရှနှင့် အရှေ့အလယ်ပိုင်းမှ လောလောဆယ် Ever Given ကွန်တိန်နာသင်္ဘောဖြင့် ပိတ်ဆို့နေသော စူးအက်တူး မြောင်းအားဖြတ်သန်း၍ ဥရောပသို့ သွားရာ ပင်မရေလမ်းကြောင်းပေါ်၌ တည်ရှိသည်။

ပင်လယ်နီတွင် နိုင်ငံအတော်များများမှ ရေတပ်စစ်သင်္ဘောတို့ တည်ရှိနေပြီး ဆိုမာလီနိုင်ငံ၏ မင်းမဲ့စရိုက်နယ်မြေများမှ ခြေဆန့်လာသည့် ပင်လယ်ဓါးပြတို့ကို လိုက်လံနှိမ်နင်းလျှက်ရှိသော နာမည်ကြီး ရေပြင်များအနက် တစ်ခုဖြစ်သည်။

အင်္ဂါနေ့ အခင်းဖြစ်ပွားစဉ် အီရန်သံတမန်များသည် ၂၀၁၅-ခုနှစ် နျူကလီယာသဘောတူစာချုပ်၏ အလားအလာများနှင့် ပတ်သက်၍ ရုရှား၊ တရုတ်၊ ဂျာမန်၊ ပြင်သစ်နှင့်ဗြိတိန်နိုင်ငံကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ရောက်ရှိနေသည်။ ဒေါ်နယ်ထရမ့်လက်ထက် ၂၀၁၈-ခုနှစ်တွင် တစ်ဖက်သပ် ငြင်းပယ်ခြင်းခံခဲ့ရသော ၎င်းသဘောတူစာချုပ်ကို ဘိုင်ဒင်အစိုးရက ပြန်လည်အသက်သွင်းရန် အရိပ်အယောင် ပြသော်လည်း ဗီယင်နာဆွေးနွေးပွဲတွင် အမေရိကန်ကိုယ်စားလှယ် ရှိမနေပေ။

ပြီးခဲ့သည့်နှစ်များအတွင်း အစ္စရေးနှင့်အီရန်အကြား နိုင်ငံတကာရေပြင်၌ #ရောင်ပြစစ်ပွဲများမှာ မကြာသေးမီလ များအတွင်း ပြင်းထန်လာစဉ် ယခုကဲ့သို့ အီရန် Saviz အား တိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ မတ်လလယ် မြေထဲပင်လယ်တွင် အီရန်ကုန်တင်သင်္ဘော Shahr-e-Kord မှာ ပျက်စီးခဲ့ရပြီး လွန်ခဲ့သည့် ရက်သတ္တ ၂-ပတ်ခန့်က တန်ဇန်နီးယားမှ အိန္ဒိယသို့ ခုတ်မောင်းလျှက်ရှိသော အစ္စရေးကုန်သင်္ဘော Lori မှာ အာရေဗျပင်လယ်အရောက်၌ ဒုံးကျည်ထိမှန်ခဲ့သည်။ ဖေဖော်ဝါရီလနှောင်းပိုင်းတွင် အစ္စရေးပိုင် Helios Ray သည် အိုမန် ပင်လယ်ကွေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ထိုအတွက် အစ္စရေးနှင့် အီရန်တို့အကြားတွင် အပြန်အလှန်စွပ်စွဲခဲ့ကြသည်။

လွန်ခဲ့သည့် ၂-နှစ်ခွဲကာလအတွင်း အစ္စရေးနှင့် အီရန်တိုသည် #စီးပွားရေးစစ်ခင်းခဲ့ကြကြောင်း၊ အစ္စရေးက အီရန်၏ ဒေါ်လာဘီလီယံချီသည့် ရေနံတင်သင်္ဘောပေါင်းများစွာတို့ကို တိုက်ခိုက် ပျက်စီးစေခဲ့ကြောင်း အစ္စရေးလွတ်လပ်သော သတင်းစာ Haaretz က မတ်လ၌ ရေးသားခဲ့သည်။

အီရန် IRGC က ပင်လယ်နီ၌ ရေတပ်အခြေစိုက်အဖြစ် အသုံးပြုလျှက်ရှိသည့် Saviz ကုန်တင်ရေယာဉ်မှာ အင်္ဂါနေ့တွင် အစ္စရေး၏ Dolphin အမျိုးအစားရေငုပ်သင်္ဘောမှ ပစ်လွှတ်သည့် တော်ပီဒိုထိမှန်ကြောင်း အစ္စရေးတာဝန်ရှိသူအချို့က လူမှုကွန်ယက်၌ ရေးသားလွှင့်တင်သည်။ အီရန်ကမူ ပင်လယ်ဒါးပြတိုက်ဖျက်ရေးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ကုန်တင်ရေယာဉ်မှာ ယီမင်နိုင်ငံကမ်းလွန်တွင် ကျောက်ချထားစဉ် တိုက်ခိုက်ခံရပြီး ပျက်စီးမှုအနည်းငယ်ဖြစ်ပေါ်ခဲ့ကြောင်း သို့ရာတွင် ထိခိုက်သေဆုံးသူ မရှိကြောင်း သတင်းထုတ်ပြန်သည်။
..
(((Russia Today., 6 Apr, 2021,” Iranian ‘spy ship’ damaged in ‘attack’ along major Red Sea shipping route – reports.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။)))
…#အီရန်သူလျှိုသင်္ဘော_ပင်လယ်နီတွင်_တိုက်ခိုက်ခံရ  …
https://www.rt.com/news/520303-iran-ship-redsea-israel-attack/
https://www.rt.com/news/520329-iran-cargo-ship-attack/

0

Leave a Reply

Your email address will not be published.