အီရန်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံးရင်ဆိုင်နေရစဉ် ကျန်းမာရေး ဒုတိယဝန်ကြီး၌ ဗိုင်းရပ်စ်စွဲကပ်ကြောင်းတွေ့ရှိ။ တရုတ်၌ ဖျားနာသေဆုံးအရေအတွက် တည်ငြိမ်လုနီး ဖြစ်လာပြီး နိုင်ငံတကာ၌ တိုးမြင့်လာနေ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံးရင်ဆိုင်နေရသည့် အီရန်၌ ကျန်းမာရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး အီရပ်ချ်ကာရစ်ချီမှာ ဗိုင်းရပ်စ်ကူးစက်ခြင်းခံရကြောင်း လက္ခဏာတွေ့ရှိသဖြင့် ရောဂါခြေချုပ်ချ ကုသပေးလျှက်ရှိကြောင်း အီရန်ကျန်းမာရေးဋ္ဌာနက သတင်းထုတ်ပြန်သည်ဟု BBC က ယနေ့ရေးသားသည်။

 တရုတ်နိုင်ငံပြင်ပတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးဖျားသူအရေအတွက် တစ်နေ့တစ်ခြား တိုးမြင့်လာရာ၌ အီရန်သည် သေဆုံးသူအများဆုံးနိုင်ငံဖြစ်သည်။ ယခုထိ ဗိုင်းရပ်ကြောင့် သေဆုံးသူ ၁၅-ဦး၊ ကူးစက်ခံရကြောင်း အတည်ပြုနိုင်သူ ၅၉-ဦးရှိသည်ဟု အာဏာပိုင်များက သတင်းထုတ်ပြန်သော်လည်း အမှန်တကယ်အရေအတွက်မှာ ၎င်းထက်ပိုနိုင်ကြောင်း သတင်း၌ဖော်ပြသည်။

တနင်္လာနေ့ အီရန်ကျန်းမာရေးဒုတိယဝန်ကြီးက သတင်းစာကွန်ဖရင့်ပြုလုပ်ခဲ့ရာ၌ အီရန်ပါလီမန်အမတ် ၁-ဦးလည်း ဗိုင်းရပ်စ်ကူးစက်ခံရကြောင်းနှင့် နိုင်ငံတစ်ဝှမ်း ရောဂါပျံ့ပွားမှုကြောင့် လူ ၅၀ ခန့်သေဆုံးသည့် သတင်းမှာ မဟုတ်မမှန်ကြောင်း ငြင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့ တရားဝင်သတင်းထွက်ပေါ်လာကြောင်း Al Jazeera က ယနေ့ဖော်ပြသည်။

ဒါဏ်ခတ်ပိတ်ဆို့မှုအမျိုးမျိုးခံနေရသည့် အီရန်သို့ ကုလသမဂ္ဂဆိုင်ရာ ဒေသန္တရဆရာဝန်က ယနေ့သွားရောက်ရန်ရှိသော်လည်း ခရီးစဉ်မှာ နှောင့်နှေးဖွယ်ရှိနေသည်။ အီရန်သို့ နည်းပညာပိုင်းဆိုင်ရာမစ်ရှင်နှင့် ဆေးဝါးထောက်ကူပစ္စည်းများ၊ စမ်းသပ်ကိရိယာများမှာ နောက်တစ်နေ့ သို့မဟုတ် ၂-ရက်ခန့်အကြာတွင် ရောက်ရှိလာမည်ဖြစ်ကြောင်း WHO က ပြောဆိုသည်။

 အီရန်၏ အဓိက ရောဂါကူးစက်ပျံ့ပွားရာဒေသရှိ မြို့ကြီး ၂- မြို့မှာ ရှီယာဘာသာရေးဗိမာန်များတည်ရှိခြင်းကြောင့် ဗိုင်းရပ်စ်ကူးစက်နိုင်ခြင်းမရှိဟု ယုံကြည်ကြသဖြင့် ရောဂါခြေချုပ်တားဆီးမခံရပဲရှိနေသည်ဆို၏။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုသူ ၁-ဦးတွေ့ရှိရသည်ဟု ယမန်နေ့သတင်းထုတ်ပြန်ခဲ့သော ပင်လယ်ကွေ့ဒေသ ဘာရိန်းနိုင်ငံတွင် ယနေ့ နောက်ထပ် လူနာ ၆-ဦးထပ်မံတွေ့ရှိသည်။ ယနေ့၌ ဥရောပနိုင်ငံများ ဖြစ်ကြသော သြတြီးယားနှင့် ခရိုအေးရှားတို့တွင် ပထမဆုံးအကြိမ်အဖြစ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁-ဦးစီတွေ့ရှိသည်။

တရုတ်နိုင်ငံ ပြင်ပ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရာတွင် အများဆုံးဖြစ်လာသောနိုင်ငံမှာ တောင်ကိုရီးယားဖြစ်၍ ယခုချိန်ထိ လူ ၉၇၇-ဦးတွင် ဗိုင်းရပ်စ်ကူးစက်လျှက်ရှိကြောင်းတွေ့ရှိပြီး ၁၀-ဦးသေဆုံးခဲ့ကြောင်း Washington Post က ယနေ့ဖော်ပြသည်။ ရန်ကုန်မြို့သို့ တစ်ပတ် ၄-ကြိမ် ပျံသန်းလျှက်ရှိသော ကိုရီးယားလေကြောင်းလိုင်း KE ၏ လေယာဉ်ဝန်ထမ်း ၁-ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ သို့သော် ၎င်းဝန်ထမ်းမှာ ရန်ကုန်ခရီးစဉ်မှ မဟုတ်ပဲ ဥရောပခရီးစဉ်တွင် တာဝန်ထမ်းဆောင်သူဖြစ်ကြောင်း ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ၌ ရောက်ရှိနေသည့် မြန်မာလူမျိုး Soe Moe Thu က ၎င်း၏ Facebook စာမျက်နှာ၌ ရေးသားထားကြောင်း တွေ့ရှိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျပန်တွင် ကူးစက် ၁၇၀၊ သေဆုံး ၁-ဦးဖြစ်ပေါ်ခဲ့ပြီး အီတလီမှာ ၇-ဦးသေဆုံး၊ ၂၇၃-ဦး ကူးစက်ခံရခြင်းဖြင့် ဥရောပတွင် အများဆုံးနိုင်ငံဖြစ်ကြောင်း ဗိုင်းရပ်စ်နှင့် ပတ်သက်၍ အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်လျှက်ရှိသည့် Johns Hopkens’ CSSE ၏ Coronavirus COVID-19 Global cases အရ သိရှိရသည်။

ရောဂါကူးစက်မှု့ ဗဟိုချက်ဖြစ်သည့် တရုတ်နိုင်ငံတွင် ယနေ့နံနက်ထိ ၂၄-နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ထပ်မံတွေ့ရှိသူ ၅၀၈-ဦးရှိပြီး ၎င်းအနက် ၄၉၉-ဦးမှာ ဟူဘေးပြည်နယ် ဝူဟန်မြို့၌ဖြစ်သည်။ သေဆုံးဦးရေမှာ ၇၁-ဦးရှိပြီး ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတွင် သေဆုံးသူစုစုပေါင်း ၂၆၆၃-ဦးနှင့် ကူးစက်ခံရသူစုစုပေါင်း ၇၇,၆၅၈-ဦး၊ ၂၇,၃၂၃-ဦးမှာ ကုသပျောက်ကင်းကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက သတင်းထုတ် ပြန်သည်။

((( BBC., 25 Feb. 2020, “Coronavirus: Iran’s deputy health minister tests positive as outbreak worsens.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်နှင့်အီရန်-ဂျပန်-တောင်ကိုရီးယား-အီတလီနှင့်တရုတ်

https://www.bbc.com/news/world-middle-east-51628484

https://www.scmp.com/news/china/society/article/3052188/coronavirus-south-korea-main-concern-china-reports-508-new-cases

https://www.aljazeera.com/news/2020/02/china-coronavirus-outbreak-latest-updates-200225003320810.html

https://www.washingtonpost.com/world/asia_pacific/coronavirus-china-live-updates/2020/02/25/f4045570-5758-11ea-9000-f3cffee23036_story.html?rand=1

https://gisanddata.maps.arcgis.com/apps/opsdashboard/index.html?fbclid=IwAR0tOhUl59T4ql89uyu8fgwqjI3F4AOGGL5U8M_s5RQurA0mqtzgoGJlcVE#/bda7594740fd40299423467b48e9ecf6

https://www.scmp.com/news/china/society/article/3052188/coronavirus-south-korea-main-concern-china-reports-508-new-cases

ကိုရိုနာကူးစက်ခံရတဲ့ ကေအီးဝန်ထမ်းဟာအမေရိကန်LAကို ပြေးဆွဲနေတဲ့ ကေအီးလိုင်းက ဝန်ထမ်းဖြစ်ပါတယ်။ရန်ကုန်ကိုပြေးဆွဲနေတဲ့…

Posted by Soe Moe Thu on Tuesday, 25 February 2020
0

Leave a Reply

Your email address will not be published.