အီရန်နိုင်ငံအပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့ခြင်းအား ရုတ်သိမ်းပေးရန် အငြင်းပွားမှုကို ICJ က ကြားနာမည်။ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့ခြင်းများသည် နိုင်ငံတကာတရားခုံရုံးတော်၏ စီရင်ပိုင်ခွင့်အတွင်း ကျရောက်လျှက်ရှိဟု ဆို


အမေရိကန်အနေဖြင့် မိမိနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့များ ပြဋ္ဌာန်းနေခြင်းအား ရုတ်သိမ်းပေးရန် အီရန်အစိုးရ၏ လျောက်ထားမှုမှာ နိုင်ငံတကာတရားခုံရုံး ICJ အဖြစ် လူသိများသော ကမ္ဘာ့အမြင့်ဆုံး တရားရုံးတော်၏ အငြင်းပွားမှုဆိုင်ရာ စီရင်ပိုင်ခွင့်အတွင်း ကျရောက်ကြောင်း ICJ တရားသူကြီး ၁၆-ဦးတို့က ဗုဒ္ဓဟူးနေ့တွင် အမိန့်ချ မှတ်လိုက်သည်ဟု Reuters ( Feb. 03, 2021 ) က ရေးသားသည်။.. 

 
ယခင်သဘောတူညီထားခဲ့ပြီးဖြစ်သော ၂၀၁၅-ခုနှစ် နျူကလီယာအစီအစဉ်ဆိုင်ရာစာချုပ်အား တဟီရန်အစိုးရက ပစ်ပယ်သည်ဟု ဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရက ၂၀၁၈-ခုနှစ်တွင် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ အီရန်နိုင်ငံက ICJ တွင် အမှုတင်သွင်းခဲ့သည်ဆို၏။..   


သမ္မတ ဂျိုးဘိုင်ဒန်၏ အမေရိကန်အစိုးရသစ်အနေဖြင့် ယခုဖြစ်ရပ်အတွက် အီရန်နှင့် နှစ်နိုင်ငံအကြား လိုအပ်သည့် အဆင့်များကို သဘောမတူရသေးသော်လည်း စာချုပ်အား ပြန်လည်အသက်သွင်းလိုကြောင်း ပြောဆိုထားသည်။.. 

 
သို့သော် ၁၉၅၅-ခုနှစ် နှစ်နိုင်ငံချစ်ကြည်ရေး သဘောတူညီချက်များအရ အီရန်အနေဖြင့် ယခုကဲ့သို့ နိုင်ငံတကာ တရားခုံရုံးတွင် တောင်းဆိုမှုများကို မပြုလုပ်နိုင်ကြောင်း အမေရိကန်အစိုးရက ငြင်းဆိုသည်။ ICJ တရားသူကြီးများကမူ သဘောတူညီချက်များမှာ အီရန်နိုင်ငံပေါ်ပေါက်လာခဲ့သော ၁၉၇၉-ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေးမတိုင်မီ ဆယ်စုနှစ်များစွာက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊ အီရန်နှင့် အမေရိကန်အကြား ဆက်သွယ်မှု ပြတ်တောက်နေခဲ့ခြင်းသည် အီရန်၏ လျှောက်ထားမှု၌ ICJ ၏ စီရင်ပိုင်ခွင့်အတွင်း အခြေခံအဖြစ် ကျရောက်ကြောင်း၊.. 

  
ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ သဘောတူစာချုပ်အား အဓိပ္ပါယ်ဖွင့်ဆို သို့မဟုတ် ကိုးကားလျှက် အမေရိကန်ပြည်ထောင်စု၏ ကနဦး ကန့်ကွက်မှုသည် ICJ ၏ ( နိုင်ငံများအချင်းချင်း ) အငြင်းပွားမှုဆိုင်ရာ စီရင်ပိုင်ခွင့်နှင့် သက်ဆိုင်ခြင်း မရှိဟု ICJ တရားသူကြီး အားလုံးတို့က တညီတညွတ်တည်း ပယ်ချလိုက်ကြောင်း #သဘာပတိတရားသူကြီး_အဗ္ဗဒူလ်ကာဝီယူဆွတ်က အမိန့်ချမှတ်လိုက်သည် ဆို၏။..   


ICJ ၏ ယခုကဲ့သို့ အမိန့်ချမှတ်ခြင်းသည် အမေရိကန်က အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့ခြင်းများ ရုတ်သိမ်းရန် #provisional_measures #ယာယီတားမြစ်အမိန့် ထုတ်ပြန်ခဲ့သည့် ၂၀၁၈-ခုနှစ် အောက်တိုဘာ ၃-ရက်နေ့ နောက်ပိုင်း ဥပဒေကြောင်းအရ ထပ်မံအောင်ပွဲဆင်နိုင်ခြင်းဖြစ်ကြောင်း၊ အီရန်အနေဖြင့် နိုင်ငံတကာတရားဥပဒေကို အစဉ်တစ်စိုက် လေးစားလိုက်နာပြီးဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့်လည်း အလားတူ လိုက်နာရန် ဝတ္တရားရှိသည်ကို ပြသရန် အချိန်ကောင်းဖြစ်ကြောင်း၊ တဟီရန်အစိုးရ၏တောင်းဆိုချက်မှာ အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို သမ္မတဂျိုးဘိုင်ဒင်အစိုးရက ရုတ်သိမ်း၍ နျူကလီယာသဘောတူစာချုပ်အား ပြန်လည်ဦးတည်ရန် ဖြစ်သည်ကို ရှင်းလင်းစွာ ရည်ညွှန်းနေခြင်းဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး #မိုဟာမက်ဂျာဗစ်ဇာရစ်ဖ်က ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားသည်။..  


ယခုကိစ္စနှင့် စပ်လျဉ်း၍ အမေရိကန်၏ အခြားကန့်ကွက်မှုများကိုလည်း ICJ က ပယ်ချခဲ့ရာ အီရန်အနေဖြင့် ၎င်းဆိုလိုသည့်အတိုင်း ကြားနာမှု ပြီးဆုံးသည်အထိ ဆက်လက် တရားရင်ဆိုင်ဖွယ်ရှိသည်။ သို့သော် အပြီးသတ် အမိန့်ချမှတ်သည်အထိ နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သည်။..

   
ICJ စီရင်ချက်များသည် တရားဝင် တာဝန်ခံစေရန် ဖြစ်သော်လည်း မဖြစ်မနေ လိုက်နာစေရန် အခွင့်အာဏာ မရှိချေ။ ICJ ၏ ဆုံးဖြတ်ချက်များကို လစ်လျု့ရှု့သည့် လက်တစ်ဆုပ်စာနိုင်ငံများတွင် အီရန်နှင့် အမေရိကန်တို့လည်း ပါဝင်နေသည်။..

  
(( လောလောဆယ် ဂမ်ဘီယာနိုင်ငံ၏ ICJ တွင် တရားစွဲဆိုမှုကို ရင်ဆိုင်နေရသော မြန်မာနိုင်ငံအနေဖြင့် ICJ ၏ စီရင်ပိုင်ခြင်းနှင့် အခွင့်အာဏာ သဘောသဘာဝကို ခြုံငုံမိသူများများ ပေါ်ထွက်ရန် လိုအပ်မည်ဟု ကျွန်တော် ယုံကြည်ပါသည်။..  


မြန်မာနှင့် အိမ်နီးချင်း အိန္ဒိယ၊ တရုတ်တို့တွင် တူညီသော သမိုင်းသင်ခန်စာများ ရှိနေပါသည်။ မိမိနိုင်ငံအား အတိအလင်း စစ်ပြုသူအား စစ်ရှုံးသည့်အခါ နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ရာနယ်မြေများအား ထိုးပေးလိုက်ရသည့်အပြင် စစ်လျော်ကြေးပါ တစ်နင့်တစ်ပိုး ပေးခဲ့ရခြင်းဖြစ်သည်။ ထိုသို့ ပေးစေရန် စစ်ပြုသူက ကြိုတင်ဥပဒေပြဋ္ဌာန်းထားခဲ့ကြောင်း တွေ့ရှိရသည်။..

  
ဥပဒေ၏ သဘောမှာ ထိုသို့ ဆောင်ရွက်မည်ဖြစ်ကြောင်း အတိအလင်း ဖော်ပြသတ်မှတ်ခြင်းဖြစ်သော်လည်း Legitimate ဆီလျော်သဘာဝကျရန်လည်း လိုအပ်ပါသည်။ လက်ရှိနိုင်ငံတကာတရားဥပဒေတွင် စစ်ရှုံးသူက စစ်လျော်ကြေးပေးရဆဲဖြစ်-မဖြစ် ကျွန်တော်မသိပါ။.. သို့သော် အမေရိကန်အနေဖြင့် ဥပဒေပြဋ္ဌာန်းပြီးနောက် ၎င်းတို့ ရည်ညွှန်းသည့် နိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။.. 

 
နိုင်ငံတစ်နိုင်ငံ၏ ပြဋ္ဌာန်းသော ဥပဒေသည် ဆီလျော်သဘာဝကျခြင်း ရှိ-မရှိနှင့် မည်သူက ဆုံးဖြတ်မည်ကို အတိအကျ ပြောဆိုရန် အတော်ခက်ပါသည်။ လူမျိုးနွယ်စုံနှင့် ကိုးကွယ်ယုံကြည်မှုအမျိုးမျိုးရှိနေသော ကမ္ဘာကြီးတွင် မတူညီသော ယဉ်ကျေးမှုနှင့် သမိုင်းနောက်ခံများ ကွဲပြားနေသောကြောင့် ဖြစ်သည်။..  


နောက်ဆုံးတွင် စွာနိုင်ရန်နှင့် စစ်မရှုံးစေရန်သာ အဓိကသဖွယ်ဖြစ်နေကြောင်း ဝမ်းနည်းစွာ နားလည်မိပါသည်။     ။ သတင်း ဘာသာပြန်သူ ))
..


#အမေရိကန်၏ဒဏ်ခတ်ပိတ်ဆို့ခြင်းများနှင့်နိုင်ငံတကာတရားခုံရုံးတော်
#အမေရိကန်ကဒဏ်ခတ်အရေးယူမှုများရုတ်သိမ်းပေးရန်အီရန်တရားစွဲဆို
..

((( Reuters., 04 Feb 2021, “ World Court to hear sanctions dispute filed by Iran against United States.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
..
https://www.reuters.com/article/us-iran-usa-world-court-idUSKBN2A32GE
https://bdnews24.com/world/2021/02/04/world-court-to-hear-sanctions-dispute-filed-by-iran-against-united-states
https://www.straitstimes.com/world/middle-east/world-court-to-hear-sanctions-dispute-filed-by-iran-against-us-iran-hails-ruling
https://www.asil.org/ILIB/icj-rules-us-must-ease-sanctions-iran-october-3-2018 

0

Leave a Reply

Your email address will not be published.