အီရန်နျူကလီးယား လက်နက်အစီအစဉ် ဦးဆောင်သူ သိပ္ပံပညာရှင် လုပ်ကြံခံရ။ အသေခံလုပ်ကြံသူက စီးနင်းသွားလာနေသော ကားများအား ရပ်တန့်အောင်လုပ်ပြီး သိပ္ပံပညာရှင်အား သေနတ်ဖြင့် ပစ်ခတ်။ အနီးကပ်လုံခြုံရေးများနှင့် အပြန်အလှန်ပစ်ခတ်စဉ် သိပ္ပံပညာရှင်သေဆုံး



သောကြာနေ့တွင် အီရန်နိုင်ငံ၏ နျူကလီးယားသိပ္ပံပညာရှင်ဖြစ်သူ မိုဆန်ဖာကရီဇာဒီမဟာဗာဒီသည် မြို့တော်တီဟီရန်မြို့အပြင်ဘက်၌ မော်တော်ကားဖြင့် စီးနင်းသွားလာစဉ် ချောင်းမြောင်းသတ်ဖြတ်ခြင်းခံရပြီး ဒါဏ်ရာပြင်းထန်မှု ကြောင့် ဆေးရုံ၌ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီးဋ္ဌာနက အတည်ပြုသည်ဟု Russia Today က ယနေ့ရေးသားသည်။ 

တီဟီရန်ပြည်နယ် အက်ဗ်ဆတ်မြို့တွင် ဖာကရီဇာဒီသည် ၎င်း၏အနီးကပ်လုံခြုံရေးအမှုထမ်းများနှင့် အမည်မသိသူတို့၏ တိုက်ခိုက်ကြစဉ်အတွင်း ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ အနည်းဆုံးပေါက်ကွဲမှုတစ်ခုနှင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း အီရန်မီဒီယာ Mehr News အရ သိရှိရသည်။ 

တိုက်ခိုက်မှုအပြီးတွင် အဆိုပါသိပ္ပံပညာရှင်အား ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့အမြန်ပို့ဆောင်ခဲ့သော်လည်း ရရှိထားသည့် ဒဏ်ရာပြင်းထန်ခြင်းကြောင့် သေဆုံးခဲ့သည်ဆို၏။

စောစောပိုင်းကမူ ဖာကရီဇာဒီနှင့်ပတ်သက်၍ ထင်မြင်ချက်ပေးရန် အီရန်အနုမြူစွမ်းအင်အဖွဲ့က ငြင်းဆိုခဲ့ပြီး အနုမြူသိပ္ပံပညာရှင်များအားလုံးဘေးကင်းလုံခြုံစွာရှိကြောင်း အဖွဲ့ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းခဲ့သည်။ 

ဖာကရီဇာဒီနှင့် ၎င်း၏ အနီးကပ်လုံခြုံရေးအမှုထမ်းများသည် မော်တော်ကားဖြင့် အက်ဗ်ဆတ်မြို့အဝင်တွင် အသေခံလုပ်ကြံသူတစ်ဦး၏ ပစ်မှတ်ထားတိုက်ခိုက်ခြင်းခံရကြောင်း၊ ကားရပ်တန့်သွားသည့်အခါ သိပ္ပံပညာရှင်အား သေနတ်ဖြင့်ပစ်ခတ်ကြကြောင်း၊ အခင်းဖြစ်ရာတွင် အခြားလူများလည်း သေဆုံးသည်ဟု သိရှိရသော်လည်း အတည်ပြုနိုင်ခြင်း မရှိကြောင်း သည်ဟု IFP သတင်းအေဂျင်စီက ဖော်ပြသည်။ 

သတင်းမီဒီယာတို့က ထုတ်ဝေသော ဓါတ်ပုံများတွင် သိပ္ပံပညာရှင်စီးနင်းသွားလာသည့် မော်တော်ယာဉ်တစ်စီး၊ သေနတ်ကျည်ထိမှန်ထားသော မော်တော်ကားနှင့် ပေါက်ကွဲပျက်စီးနေသော မော်တော်ကားတစ်စီးတို့ကို တွေ့မြင်ရသည်။ 

သောကြာနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန၏ သုတေသနနှင့် ဆန်းသစ်တီထွင်မှုအဖွဲ့အကြီးအကဲ မိုဆန်ဖာကရီဇာဒီ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်မျာအားး လက်နက်ကိုင် အကြမ်းဖက်သမားအပေါင်းပါတို့က တိုက်ခိုက်ခဲ့ကြကြောင်း အီရန်စစ်ဖက်က ပြောဆိုသည်။ 

အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်မတော်ကမူ ယခုတိုက်ခိုက်မှုနှင့် ပတ်သက်၍ အထူးတလည် မှတ်ချက် မပေးခဲ့သော်လည်း နျူကလီးယားသိပ္ပံပညာရှင်များအသတ်ခံရသည့်အတွက် လက်တုန့်ပြန်မည်ဖြစ်ကြောင်း သောကြာနေ့၌ ကတိပြုသည်။ 

လုပ်ကြံခံရမှုအတွက် တာဝန်ရှိကြောင်း မည်သူမျှ သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း အကြမ်းဖက်သမားနှင့် အပေါင်းပါများက အီရန်သိပ္ပံပညာရှင်အားသတ်ဖြတ်ခဲ့ကြောင်း၊ သတ်ဖြတ်မှု အစိတ်အပိုင်းအချို့တွင် အစ္စရေး၏လက်ချက် ပါဝင်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဂျာဗက်ဇာရစ်ဖ်က ၎င်း၏ Twitters စာမျက်နှာ၌ စွပ်စွဲရေးသားသည်။ 

၂၀၁၈-ခုနှစ်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု အီရန်သိပ္ပံပညာရှင်သည် ၎င်းတို့နိုင်ငံ၏ “ အာမဒ် “ ( မျှော်လင့်ချက် ) အမည်ရှိ နျူကလီးယားလက်နက်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏ အကြီးအကဲ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ဖူးသည်။ 

အီရန်က ၎င်း၏နျူကလီးယားအစီအစဉ်မှာ ငြိမ်းချမ်းသော ရည်မှန်းချက်များသာရှိကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ အီရန်၏နျူကလီးယား စက်ရုံများအား စောင့်ကြည့်စစ်ဆေးခဲ့သည့် IAEA အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ၏ စစ်ဆေးရေးမှူးများကလည်း “ အာမဒ် “ အစီအစဉ်မှာ ၂၀၀၀ ပြည့်နှစ်များတွင် အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း မှတ်ချက်ပေးခဲ့သည်။ 

ယခုသတင်းတင်ပြချိန်အထိ အီရန်သိပ္ပံပညာရှင်သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ နေတန်ယာ၏ အစ္စရေးဝန်ကြီးချုပ်ရုံးက မှတ်ချက်ပေးခြင်း မရှိချေ။ နျူကလီးယားသိပ္ပံပညာရှင် မိုဆန်ဖာကရီဇာဒီမဟာဗာဒီလုပ်ကြံခံရခြင်းနှင့် ပတ်သက်၍ အီရန်က အစ္စရေးနှင့် အမေရိကန်အား ပြစ်တင်စွပ်စွဲသည်။ သမ္မတဒေါ်နယ်ထရမ်သည် ရာထူးနောက်ဆုံးရက်၌ပင် အကြမ်းဖက်လူသတ်နေကြောင်း ပြောဆိုသည်။ 

နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ဥရောပသမဂ္ဂသည် အီရန်ကိုသာ တစ်ဖက်သပ် အပြစ်တင်ပြီး၊ အခြားတစ်ဖက်အား လစ်လျု့သည့် ရှက်ဖွယ်ကောင်းသော စံချိန်နှစ်မျိုးအား အဆုံးသတ်၍ Act of state terror “ #နိုင်ငံအကြမ်းဖက်အပြုအမူ “ ရှုတ်ချကြရန် တောင်းဆိုလိုက်သည်။ 

(( နျူကလီးယားသိပ္ပံပညာရှင် မိုဆန်ဖာကရီဇာဒီမဟာဗာဒီလုပ်ကြံခံရခြင်းနှင့် ပတ်သက်၍ အစ္စရေးနှင့် အမေရိကန်အား ပြစ်တင်စွပ်စွဲရာတွင် အီရန်က Act of state terror “ #နိုင်ငံအကြမ်းဖက်အပြုအမူ “ ဟု ဖော်ညွှန်းထားသည်။ အကြမ်းဖက်ခြင်းမှာ တစ်ဦး၊ တစ်ဖွဲ့ တို့က ကျူးလွန်ခြင်းသာမက နိုင်ငံတော်အဆင့်ကပါ ကျူးလွန်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ။ သတင်းဘာ သာ ပြန်သူ )) 

#အီရန်နျူကလီးယားလက်နက်အစီအစဉ်ဦးဆောင်သူသိပ္ပံပညာရှင်လုပ်ကြံခံရ #ဘင်ဂျမင်နေတန်ယာဟု 
#နိုင်ငံအကြမ်းဖက်အပြုအမူ 

((( Russia Today., 27 Nov, 2020,” Prominent Iranian scientist who allegedly ran state nuclear program ASSASSINATED in Tehran (VIDEO).” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.rt.com/news/508037-iran-nuclear-program-chief-research/ 
https://www.rt.com/news/508063-iran-revenge-nuclear-scientist/ 
https://www.rt.com/news/508043-iran-zarif-blames-israel-assassination-scientist/ 
https://www.rt.com/news/508068-iran-un-letter-adventuristic/ 
https://www.rt.com/news/508068-iran-un-letter-adventuristic/ 

0

Leave a Reply

Your email address will not be published.