အီရန်က ခြိမ်းခြောက်နေသရွေ့ လိုအပ်လျှင် မည်သူ့ကိုမဆို ဗုံးကြဲရန် အစ္စရေး ၌ ပဓါနကျသော အခွင့်အရေးရှိသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို။ လက်ဘနွန်၊ ဆီးရီးယားနှင့် အီရတ်၌ အစ္စရေးတို့ လေကြောင်းမှ တိုက်ခိုက်

အစ္စရေးနိုင်ငံသည် ခြိမ်းခြောက်ခံနေရသည်ဟု ခံစားရလျှင် နိုင်ငံတကာနယ်နိမိတ်များ သို့မဟုတ် ဥပဒေများဖြင့် ကန့်သတ်ခံနေရခြင်းမရှိကြောင်း၊ ထိုအတွက် အမေရိကန်က အကူအညီပေးမည်ကို အစဉ်အမြဲယုံကြည်စေလိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက ပြောဆိုသည်ဟု Russia Today က ယနေ့ရေးသားသည်။

အစ္စရေးနိုင်ငံသို့ ရောက်ရှိနေသော မိုက်ပွန်ပေယိုသည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် မော့ဆက်ထောက်လှမ်းရေးအကြီးအကဲတို့အား တွေ့ဆုံသည်။ အစ္စရေးအနေဖြင့် ဒေသတွင်း၌ အီရန်၏ ခြိမ်းခြောက်ရန် ရည်ရွယ်သော ခလုပ်ကန်သင်းမှန်သမျှ ထပ်ချပ်လိုက်လံချေမှုန်းရေးအတွက် လွတ်လပ်စွာ ဦးဆောင်နေသည်ကို အမေရိကန်အစိုးရက အစဉ်ရှင်းလင်းစွာ သိရှိထားကြောင်း ပြောကြားသည်ဆို၏။

ဆီးရီးယားမှ အမေရိကန်တပ်များ ရုတ်သိမ်းခြင်းအတွက် အစ္စရေးနိုင်ငံတွင် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ သို့သော် အစ္စရေးအပေါ် အမေရိကန်၏ သဘောထားမှာ ယခင်အတိုင်းဖြစ်ပြီး နောင်တွင်လည်း အလားတူ ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ပွန်ပေယိုက အာမခံသည်ဟု သိရှိရသည်။

တူရကီက ဆီးရီးယားအရှေ့မြောက်ပိုင်းတွင် ကာ့ဒ်ဆန့်ကျင်ရေး “ Safe Zone “ တည်ဆောက်ရန် “ ငြိမ်းချမ်းရေးနွေဦး စစ်ဆင်ရေး “ ဖြင့် ကျူးကျော်စွက်ဖက်ခဲ့သည်။ အမေရိကန်တပ်များ ရုတ်သိမ်းခြင်းဖြင့် နောက်ကျော ဒါးထိုးခံဘဝ သက်ဆင်းရသော ကာ့ဒ်တို့ကို ကယ်တင်ရန်အတွက် အာမခံချက်အချို့နှင့် အလဲအလှယ်ပြုလုပ်၍ တူရကီသမ္မတအာဒိုဂန်အနေဖြင့် စစ်ဆင်ရေးယာယီရပ်ဆိုင်းပေးရန် ပွန်ပေယိုက ဆောင်ရွက်ခဲ့သည်။

လွန်ခဲ့သည့် ရက်သတ္တ တစ်ပတ်တည်းအတွင်း၌ အစ္စရေးသည် ဒေသတွင်း လက်ဘနွန်၊ ဆီးရီးယားနှင့် အီရတ်တို့၌ “ ကာမီကာဇေဒရုန်း “ များ သုံးကာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ လက်ဘနွန်တွင် ပါလက်စတိုင်းလက်နက်ကိုင်များ ခိုအောင်းရာ ဘက်အာတောင်ကြားကို အစ္စရေးက ဒရုန်းများဖြင့် တိုက်ခိုက်သည်။ ၎င်းမတိုင်မီမှာပင် ဆီးရီးယားရှိ ဟဇ်ဘိုလာ စခန်းများအား ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။ ဟဇ်ဘိုလာတို့မှာ အာဆတ်မဟာမိတ် အီရန်ကျောထောက်နောက်ခံပြု ရှီအာမွတ်စလင် ပြည်သူ့စစ်များ ဖြစ်သည်။ ထို့ပြင် ဆီးရီးယားနယ်စပ် အီရတ်အနောက်ပိုင်း အယ်လ်ကင်မြို့တွင် တပ်စွဲထားသော အီရန်ကျောထောက်နောက်ခံပြု ရှီအာမွတ်စလင် Popular Mobilization Units ( PMU ) မှ တပ်မှုးဖြစ်သူအား ဒရုန်းအသုံးပြု၍ လုပ်ကြံသတ်ဖြတ်ခဲ့သည်။


(( အမေရိကန်၏ နိုင်ငံသားအကျိုးစီးပွား အမျိုးသားရေးဝါဒ ( Civic Nationalism ) သည် ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာမှ ပေါ်ပေါက်လာခြင်းမဟုတ်ပါ။ ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်ကတည်းက အမေရိကန် ရီပတ်ဘလစ်ကင်တို့သည် Civic Nationalist များ ဖြစ်ကြပါသည်။ ဟုတ်-မဟုတ် ရီပတ်ဘလစ်ကင်သမ္မတများလက်ထက် အမေရိကန်၏ နိုင်ငံခြားရေးဆောင်ရွက်ပုံများကို ပြန်ကြည့်နိုင်ပါသည်။

Nationalism အမျိုးသားရေးဝါဒတွင် အမျိုးကွဲပေါင်း ၇-ခုထက်မနည်းရှိသည်။ ဗြိတိန်နှင့် ဥရောပနိုင်ငံကြီးများဖြစ်သော ဘယ်လ်ဂျီယန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမန်တို့သည် လွန်ခဲ့သော ရာစုများကပင် လူကို လူချင်း ကိုလိုနီ ပြုခဲ့သူများဖြစ်သည်။ ယနေ့တိုင် နိုင်ငံတကာ၌ ၎င်းတို့ သြဇာညောင်းသော ကိုလိုနီနယ်မြေဟောင်းများ ရှိနေသေးသည်။ ကမ္ဘာတွင် စစ်ကြီး ၂-ကြိမ်ဖြစ်ခဲ့ဖူးရာ ၎င်းနိုင်ငံများ၌ အမျိုးသားရေးဝါဒီများ လျှမ်းလျှမ်းတောက်ချိန်ဖြစ်သည်မှာလည်း အမှန်ပင်ဖြစ်သည်။

သို့သော် ဥရောပတွင် ယခင်နှင့် ယခုထွန်းကားလျှက်ရှိသော Nationalism သည် လူမျိုး၊ သြဇာ၊ အာဏာကြီးစိုးလိုမှုလွှမ်းမိုးနေတတ်သည်။ ထိုသို့ ကိုလိုနီပြု အမျိုးသားရေးဝါဒနှင့် မဟတ္တမဂန္ဓီ၊ နေရူး၊ သခင်အောင်ဆန်း ကဲ့သို့ ကိုလိုနီဆန့်ကျင်ရေး အမျိုးသားရေးဝါဒနှင့် ဘယ်လိုမှ မတူကြောင်း နိုင်ငံရေးလေ့လာသူတိုင်း သိကြပါသည်။

ထို့ကြောင့် “ အမျိုးသားရေး” ဆိုတိုင်း တစ်ကမ္ဘာလုံးကို တန်းညှိ၍ အားလုံးအတူတူဖြစ်သည်ဟု မဆိုနိုင်ချေ။ ထိုသို့ ဝါးလုံးကို ချေးသုတ်ကာ ဂျာနယ်ခေါင်းကြီးရေးခြင်းမျိုး၊ Debate လုပ်ခြင်းမျိုးမှာ မိမိအသိဉာဏ်နုံချာတိုင်း ပရိဿတ်အား ရေတိမ်နှစ်ခြင်းပင်ဖြစ်သည်။ ။ သတင်းဘာသာပြန်သူ ))

((( အောက်တိုဘာ – ၂၀၊ ၂၀၁၉ Russia Today., 20 Oct, 2019, “‘Iranian threat’ gives Israel ‘fundamental right, even obligation’ to bomb whomever it wants – Pompeo” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/471339-israel-obligation-to-bomb-pompeo/

https://www.rt.com/news/467354-israel-war-lebanon-iraq-iran/

0

Leave a Reply

Your email address will not be published.