အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်ရောက်သူများအား ပို့ပစ်မည့် အာဖရိကရှိ ခိုလှုံရေး စခန်းကို မျှဝေအသုံးပြုရန် ဗြိတိန်နှင့်ဒိန်းမတ်တို့ ဆွေးနွေး။ ရဝမ်ဒါတွင် ဒိန်းမတ်က ခိုလှုံရေးစခန်းတည်ဆောက် နေ။ သြစတြေးလျက အိမ်နီးချင်းနိုင်ငံကျွန်းများတွင် ယာယီလက်ခံ၍ ပြန်လည်စေလွှတ်လျှက်ရှိ။


ဗြိတိန်အစိုးရအနေဖြင့် ခိုလှုံခွင့် တောင်းခံလာသူများအား ပင်လယ်ရပ်ခြားသို့ ပို့ပစ်နိုင်မည် ဥပဒေများကို လာမည့် သီတင်းပတ်တွင် စတင်ကျင့်သုံးနိုင်မည်ဟု မျှော်လင့်လျှက်ရှိသော ပြည်ထဲရေးဝန်ကြီး ပရီတီပက်တယ်က အာဖရိကတွင်တည်ရှိမည့် အဆိုပါပင်လယ်ရပ်ခြားခိုလှုံရေးစခန်းကို မျှဝေအသုံးပြုရန်အတွက် ဒိန်းမတ်နိုင်ငံနှင့် လောလောဆယ် ဆွေးနွေးလျှက်ရှိသည်ဟု Russia Today က ယမန်နေ့ရေးသားသည်။

…   

…  
နိုင်ငံသားနှင့် နယ်နိမိတ်ဆိုင်ရာ ဥပဒေတွင် ကမ်းလွန်လူဝင်မှုကြီးကြပ်ရေးဋ္ဌာနက ခိုလှုံခွင့်တောင်းခံသူများအတွက် နိုင်ငံ့ပြင်ပတွင် စင်တာတစ်ခု ဖွင့်လှစ်ရေးမှာ ဗြိတိန်နိုင်ငံသမိုင်း၌ ပထမဆုံးအကြိမ်အဖြစ်ပါဝင်လာသည်။ 

…    
ဥပဒေမဲ့ ဝင်ရောက်ရှိလာသော ရွှေ့ပြောင်းအခြေချသူများသည် ယာယီနေထိုင်ရန် စဉ်းစားခြင်းခံရသူများအဖြစ် အလိုလျှောက် အဆင့်လျော့ကျသွားမည်ဖြစ်သည်။ သက်သာခွင့်များကို ငြင်းပယ်ခံရမည်ဖြစ်ပြီး ဖယ်ရှားရန်အတွက် ပုံမှန်ပြန်လည် အကဲဖြတ်ခြင်းကိုလည်း ခံယူကြရမည် ဖြစ်သည်။

…  
လွန်ခဲ့သည့်လတွင် ဒိန်းမတ်နိုင်ငံကလည်း ခိုလှုံခွင့်တောင်းခံသူများအတွက် ဥရောပပြင်ပတွင် စခန်းအကောင်အထည်ဖော်မည့် ဥပဒေကို ပြဌာန်းခဲ့ပြီး အာဖရိက အရှေ့ပိုင်း ကုန်းတွင်ပိတ်နိုင်ငံငယ် ရဝမ်ဒါတွင် စင်တာတစ်ခု တည်ျထာင်ရန် စီစဉ်လျှက်ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ထိုအတွက် ပြီးခဲ့သည့်လတွင် ဒိန်းမတ်ဝန်ကြီ နှစ်ဦးတို့သည် ခိုလှုံခွင့်နှင့် ရွှေ့ပြောင်းခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးရန် အာဖရိက ဓနသဟာယနိုင်ငံသို့ သွားရောက်ခဲ့သည်။

…  
ဒိန်းမတ်အစိုးရ၏ ပြည်တွင်းဥပဒေများအား စီမံဆောင်ရွက်ပုံနှင့် အခြေအနေကို ဗြိတိန်က အနီးကပ်စောင့်ကြည့်လျှက်ရှိသည်။ ပင်လယ်ရေလမ်းခရီးတစ်ဝက်ကို ဖြတ်သန်းရောက်ရှိလာသည့် ခိုလှုံခွင့်တောင်းခံသူများအား ပါပူဝါနယူးဂီနီ အပါအဝင် အိမ်နီးချင်းနိုင်ငံများရှိ လူဝင်မှုကြီးကြပ်ရေးစင်တာတို့၌ ယာယီနေထိုင်စေပြီး ပြန်လည်စေလွှတ်လျှက်ရှိသည့် သြစတြေးလျနိုင်ငံ၏ မူဝါဒများကိုလည်း လေ့လာခဲ့ကြောင်း၊


ယခုပြဋ္ဌာန်းမည့် ဥပဒေအသစ်သည် အလွန်အန္တရာယ်များသည့် ခရီးစဉ်ကို လှေငယ်များဖြင့် ဖြတ်သန်းကာ ဥရောပတိုက်မှ ဗြိတိန်သို့ ရွှေ့ပြောင်းအခြေချသူမည့်သူများအား ဟန့်တားရန်နှင့် ၎င်းလမ်းကြောင်းမှ အမြတ်အစွန်းများစွာ ရရှိနေသည့် မှောင်ခိုဂိုဏ်းများကို တိုက်ဖျက်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း လန်ဒန်ပြည်ထဲရေး ဝန်ကြီးဋ္ဌာနမှ သတင်းရင်းမြစ်များအား ကိုးကား၍ ဗြိတိသျှသတင်းစာ The Times က ရေးသားသည်။

…  
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) ကမူ ဗြိတိန်အစိုးရအနေဖြင့် ခိုလှုံခွင့်တောင်းခံသူများကို ၎င်းနိုင်ငံထက် သဘာဝရင်းမြစ်များနည်းပါးသော ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ရွှေ့ပြောင်းရန် ကြိုးစားနေကြောင်း၊ တာဝန်မျှဝေယူခြင်းမဟုတ်ပဲ ဝန်ထုပ်ဝန်ပိုးများကို ပုခုံးပြောင်းပေးသည့် အစီအစဉ်ဖြစ်ကြောင်း မဆိုင်းမတွ စွပ်စွဲ လိုက်သည်။

…  
ပင်လယ်ရပ်ခြား ခိုလှုံရေးစခန်းတည်ဆောက်သည့် လုပ်ဆောင်မှုများသည် ဖိနှိပ်မှု၊ အကြမ်းဖက်မှုနှင့် စစ်တလင်းမှ ထွက်ပြေးတိမ်းရှောင်ရခြင်းသည်သာ အပြစ်ကင်းသည်ဟု အားနည်းချက်ရှိသူတို့အပေါ် ရက်စက်စွာ ရန်လိုမုန်းတီးသည့် လုပ်ရပ်ဖြစ်ကြောင်း ဒုက္ခသည်များဆိုင်ရာ ကူညီစောင့်ရှောက်ရေးကောင်စီ၏ အမှုဆောင် အရာရှိချုပ်က ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

…  
ဒိန်းမတ်အစိုးရ၏ အစီအစဉ်ကို ၎င်းတို့ကဲ့သို့ အလားတူ ဆိုရှယ်ဒီမိုကရက်တစ်များဖြစ်သော နော်ဝေးအတိုက်အခံ အလုပ်သမားပါတီက ကြိုဆိုလိုက်ပြီး ၎င်းနည်းနာအတိုင်း အတုယူရန် အသင့်ကြောင်း ထုတ်ဖော်ပြောဆိုသည်ဟု Sputnik (July 05, 2021) က ရေးသားသည်။

(( ခိုလှုံခွင့်တောင်းခံရန် ရွှေ့ပြောင်းဝင်ရောက်လာသူများအား ၎င်းတို့လူ့အဖွဲ့အစည်းနှင့် အလွန်ဝေးကွာသည့် ပင်လယ်ရပ်ခြားသို့ ပို့ပစ်ရန် ရည်ရွယ်လုပ်ဆောင်နေသည့် ယခုသတင်းပါနိုင်ငံများမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုတို့တွင် ထိပ်တန်းဦးဆောင်နိုင်ငံများ ဖြစ်ကြောင်း သတိပြုမိကြမည်ထင်ပါသည်။

…  
ယခုသတင်းကို ဗြိတိန် Times သတင်းစာက ဖော်ပြခဲ့သည်မှာ ဇွန် ၂၈-ရက်နေ့ကတည်းက ဖြစ်သော်လည်း အမေရိကန်နှင့် ဥရောပအဝင် အခြားထင်ရှားသည့် နိုင်ငံတကာမီဒီယာတို့၌ ယခုအချိန်ထိ ဖော်ပြသည်ကို မတွေ့ရသေးပါ။

…   
သတင်းမီဒီယာတို့၏ သြဇာအရှိန်အဝါမှာ အလွန်ကြီးမားပါသည်။ ကုလသမဂ္ဂအပါအဝင် နိုင်င့တကာအစိုးရအသီးသီးမှ တာဝန်ရှိသူများသည် အဖြစ်မှန် အစီရင်ခံစာထက် သတင်းစာများတွင် ရေးသားသည်တို့ကို ဆောလျင်စွာ ဖတ်ရှု့ရလိမ့်မည်ဖြစ်သည်။ တနည်းအားဖြင့် မီဒီယာတို့ ဦးစွာပြောသည့်အတိုင်းသာ စွဲမြဲနေဖွယ်ရှိသည်။

…  
မိမိနိုင်ငံနှင့် ပတ်သက်၍ မဟုတ် မမှန်သတင်းဖြစ်လျှင် တရုတ်-ရုရှားတို့သည် ၂-နာရီမှ ၄-နာရီအတွင်း ချက်ချင်းတုန့်ပြန်နိုင်ပြီး အိန္ဒိယကဲ့သို့နိုင်ငံကမူ ၄-၆ နာရီခန့် နောက်ကျ၍ ချေပနိုင်ကြောင်း သတိထားမိသည်။

မည်မျှပင် လက်မြန်စေကာမူ အနောက်အုပ်စုလွှမ်းမိုးသော မီဒီယာလောကတွင် တုန့်ပြန်သမျှ အထိုက်အလျှောက်သာ အရာထင်သည်။ တစ်နည်းအားဖြင့် နျူကလီဗုံးတီထွင်နိုင်သည့် နိုင်ငံများက နျူကလီယာလက်နက် မပြန့်ပွားရေး နိုင်ငံတကာသဘောစာချုပ်ဖြင့် နျူစမ်းသပ်လိုသည့် အခြားနိုင်ငံများကို ချုပ်ကိုင် သကဲ့သို့ ရှိနေသည်။

…   
ယခု သတင်းကို ရုရှားတို့က ဖော်ပြသော်လည်း အချက်ကျကျ လက်စားချေလေ့ရှိသည့် အိန္ဒိယနှင့် တရုတ်နိုင်ငံပိုင် သတင်းစာတို့၌ ဖော်ပြသည်ကို မတွေ့ရသေးပါ။

…   
ကျွန်တော် မတွေ့သည်လည်း ဖြစ်နိုင်ပြီး လူ့အခွင့်အရေး ဖောက်ဖျက်ကြောင်း ၎င်းတို့အပေါ် ဖွတ်စာ ပုတတ်စာ တက်အောင် စွပ်စွဲခံထားရသည်ကို သက်သာရာ သက်သာကြောင်း ဖြေရှင်းရန် အလုပ်ရှုတ်နေသောကြောင့် လည်း ဖြစ်နိုင်ပါသည်။ ။သတင်း ဘာသာပြန်သူ))

#ဗြိတိန်နှင့်ဒိန်းမတ်တို့က_အထောက်အထားမဲ့_ရွှေ့ပြောင်းဝင်ရောက်သူများကို #သြစတြေးလျနှင့်ခိုလှုံသူ
#အာဖရိက_ရဝမ်ဒါရှိ_ခိုလှုံရေးစခန်းကို ခိုလှုံရေးစခန်း

(((Sputnik., July 06 2021, UK in Talks With Denmark Over Shared Migrant Centre in Africa.” By:Igor Kuznetsov ကို #HtayOung, #OungMarine ဆီလျော်အောင် အကျဉ်းချုံးဘာသာပြန်ဆိုသည်။)))

https://sputniknews.com/europe/202107061083315489-uk-in-talks-with-denmark-over-shared-migrant-centre-in-africa/
https://www.thetimes.co.uk/article/priti-patel-plans-migrants-held-offshore-africa-hub-processing-denmark-8ktj9q36p
https://sputniknews.com/europe/202107051083308994-norways-largest-opposition-party-opens-up-to-sending-asylum-seekers-to-africa/ 

Leave a Reply

Your email address will not be published.