အနောက်နိုင်ငံထုတ် Covid ကာကွယ်ဆေးများအပေါ် ယုံကြည်မှု မရှိစေရန် ရုရှားနှင့် တရုတ်တို့က သတင်းမှားများ လံကြုပ်လုပ်နေဟု အီးယူစွပ်စွဲ။ ကပ်ရောဂါဖြင့် လူသန်းချီသေဆုံးနေစဉ် ဈေးကွက်လက်ဝါးကြီးအုပ်ရန် ဆေးဝါးထုတ်နိုင်ငံကြီးများ အုပ်စုဖွဲ့ သတင်းဖြန့်နေ


ဥရောပသမဂ္ဂ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်တိုက်ဖျက်ရေး မဟာဗျူဟာကို ယုံကြည်မှုလျော့နည်းသွားစေရန်နှင့် အနောက်နိုင်ငံထုတ်ကာကွယ်ဆေးများအပေါ် လူအများ သံသယမကင်းဖြစ်စေရန် လုပ်ဆောင်မှုများတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့ ပါဝင်နေကြောင်း ထိုနည်းလမ်းဖြင့် ၎င်းတို့၏ ကာကွယ်ဆေးများကို ပွဲထုတ်လျှက်ရှိသည်ဟု အီးယူနိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြသည်ဟု ဂျာမနီအခြေစိုက် DW က ယမန်နေ့ ရေးသားသည်။

ယခင်ဆိုရှယ်လစ်နိုင်ငံဟောင်း တစ်ဖြစ်လဲ ဥရောပနိုင်ငံများအပေါ် တရုတ်နှင့် ရုရှားတို့က သြဇာလွှမ်းမိုးရန် ကြိုးစားနေကြောင်း စိုးရိမ်လျှက်ရှိကြစဉ် Covid-19 ကပ်ရောဂါနှင့်ပတ်သက်၍ မမှန်သတင်းများဖြန့်ဝေနေပုံကို EU External Action Service (EEAS) ၏ အစီရင်ခံစာအား ကိုးကားထားကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ် စောစောပိုင်း နိုင်ငံတကာတွင် ကာကွယ်ဆေးထိုးနှံမှု စတင်ချိန်မှစ၍ အစိုးရတို့ကိုယ်တိုင် ပံ့ပိုးသောသတင်းအချက်အလက်မှားများ ဖြန့်ဝေခြင်းမှာ အရှိန်အဟုန်မြင့်တက်လာခဲ့ကြောင်း၊ အနောက်နိုင်ငံနှင့် ဥရောပအဖွဲ့အစည်းများမှ ထုတ်လုပ်သော ကာကွယ်ဆေးများအပေါ် အများယုံကြည်မှုကျဆင်းစေ၍ ၎င်းတို့၏ ကာကွယ်ဆေးများကို ထောက်ခံအားပေးလာကြစေရန် တရုတ်နှင့်ရုရှားတို့က တိုးမြှင့်ကြိုးစားလာခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်ဆို၏။

ထိုသို့ဆောင်ရွက်ရာတွင် နှစ်နိုင်ငံစလုံးက ၎င်းတို့ အစိုးရထိန်းချုပ်ထားသောမီဒီယာများအပါအဝင် ကိုယ်စားပြု မီဒီယာကွန်ယက်များ၊ သံတမန်တို့၏ တရားဝင် လူမှုကွန်ယက်အကောင့်များကို အသုံးပြုခဲ့ကြကြောင်း၊ #Sputnik V ကာကွယ်ဆေးအား နှောင့်နှေးစေသည်ဟု စွပ်စွဲခဲ့သည့် ရုရှားနိုင်ငံတွင် အစိုးရပိုင်မီဒီယာများက #ဥရောပဆေးဝါးအေဂျင်စီ (#EMA) ကို သံသယဖြစ်စေရန် ကြိုးပမ်းလျှက်ရှိကြောင်း၊ တစ်ချိန်တည်းမှာပင် တရုတ်ကလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး၏ မူလအစနှင့် အနောက်တိုင်းကာကွယ်ဆေးများ၏ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ လှည့်စားသောဇာတ်လမ်းများကို ဖြန့်ဝေခဲ့ကြောင်း

ရုရှားအစိုးရ၏ ဘဏ္ဍာငွေဖြင့် ထုတ်လုပ်သော Sputnik V အတွက် ဈေးကွက်ရှာဖွေရေးတွင် ရုရှားနိုင်ငံနှင့် ကာကွယ်ဆေးထုတ်လုပ်သူများကိုယ်တိုင်က မမှန်သတင်းများ ပြောဆိုခဲ့ကြောင်း၊ ကမ္ဘာအနှံ့အပြားတွင် နေထိုင်သူများ၏ အသက်ကို ကာကွယ်ရန်နှင့် ဆေးဝါးထုတ်လုပ်သူအချို့တွင် ကြိုးစားရုန်းကန်နေရချိန်၌ Sputnik-V ၏ ကာကွယ်ဆေးဈေးကွက်လက်ဝါးကြီးအုပ်ခြင်းကို ရှောင်ရှားနိုင်ရန် မမှန်သတင်း ဖြန့်ဝေခြင်းများကို ဆက်လက်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း အီးယူနိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားထားသည်။

အစီရင်ခံစာတွင် ပေကျင်းနှင့် မော်စကိုတို့၏ #ကာကွယ်ဆေးသင်္ဂဟဗျူဟာ၌ အနောက်ဘော်လကန်ဒေသ ခေါ် တစ်ချိန်က ဆိုရှယ်လစ်နိုင်ငံဖြစ်ခဲ့ဖူးသည့် ဥရောပနိုင်ငံများအပေါ် သြဇာလွှမ်းမိုးရန် ပစ်မှတ်ထားကြောင်း ဖော်ပြထားသည်။

ရောဂါကူးစက်မှု မြင့်တက်နေချိန်တွင် အနောက်အုပ်စု၏ ကာကွယ်ဆေးဖြန့်ဝေမှု နှေးကွေးနေခြင်းအပေါ် ဒီမိုကရေစီနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ ပျက်ကွက်မှု စံနမူနာအဖြစ် ရုရှားနှင့်တရုတ်တို့က လှည့်ဖျားသွားမည်ကို စိုးရိမ်ကြောင်း အစီရင်ခံ၌ ထင်ဟပ်လျှက်ရှိသည်။

ကာကွယ်ဆေး ဖြန့်ဝေရာတွင် ၎င်းတို့ ခန့်မှန်းထားသည်ထက် ပိုမိုနှေးကွေးကြောင်း အီးယူကိုယ်တိုင် ဝေဖန်ခံနေရပြီး ယခုနွေရာသီတွင် အရွယ်ရောက်သူ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးလိုသည့် အနောက်ဘော်လကန်နိုင်ငံများကလည်း ကာကွယ်ဆေး ပေးပို့မှု တိုးမြှင့်ပေးရန် တောင်းဆိုနေသည်။

ဟန်ဂေရီနိုင်ငံဆိုလျှင် အခြားဥရောပနိုင်ငံများကို ဂရုမစိုက်တော့ပဲ တရုတ်နှင့် ရုရှားထုတ် ကာကွယ်ဆေးများကို ထိုးနှံရန် စီစဉ်လျှက်ရှိသည်။

လွန်ခဲ့သည့် မတ်လတွင် ဥရောပဆေးဝါးအေဂျင်စီ (EMA) က Sputnik V. ကို ပြန်လည်သုံးသပ်ခဲ့သည်။ အကယ်၍ ထောက်ခံချက်ပေးခဲ့လျှင် ဥရောပအစုအဖွဲ့အတွင်း အသုံးပြုရန် အတည်ပြုခြင်းခံရသည့် အနောက်နိုင်ငံထုတ် မဟုတ်သော ကိုရိုနာဗိုင်းရပ်ရောဂါ ကာကွယ်ဆေးဖြစ်ဖွယ်ရှိသည်။

(( ရုရှားနိုင်ငံမှ ထုတ်လုပ်သော #Gam-COVID-Vac ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး၏ ဈေးကွက်အမည်မှာ Sputnik-V ဖြစ်သည်။ ဆေးသိပ္ပံလောကတွင် သြဇာကြီးများသည့် Lancet က ပုံမှန်မဟုတ်သည့် ဘေးထွက် ဆိုးကျိုးမရှိပဲ အာနိသင် ၉၁.၆% ရှိကြောင်း ဖော်ပြခဲ့ဖူးသည်။

ကျွန်တော်များ နိုင်ငံတော်အား ကာကွယ်ဆေး ၃-သန်းခွဲကို လှူဒါန်းခဲ့သည့် အိန္ဒိယသည် လောလောဆယ် တွင် ကူးစက်သေဆုံးမှု အဆမတန်မြင့်တက်လာသဖြင့် ကိုယ်တိုင်ထုတ်ကာကွယ်ဆေးများနှင့် မလုံလောက်တော့ပဲ ရုရှားထံမှ ကာကွယ်ဆေး သန်း ၁၀၀ ကို မှာယူထားရာ မေ ၁-ရက်နေ့တွင် ပထမအသုတ် စတင်ရရှိ မည်ဖြစ်သည်။ အကွက်ကြို မြင်သော တောင်ကိုရီးယားကလည်း Sputnik-V ထုတ်လုပ်ဖြန့်ချီရာတွင် အကျိုးတူ ပူးပေါင်းရန် လက်မှတ်ရေးထိုး ပြီးချေပြီ။

အမေရိကန်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံတကာခရီးသွားလာသူများနှင့် လေကြောင်းလိုင်းများအတွက် #Vaccine_certificates ထားရှိရန် သဘောတူထားပြီးဖြစ်သည်။ ၎င်းတို့အသိအမှတ်ပြုသော ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများက ကာကွယ်ဆေးထိုးနှံပေးပြီးသူများကိုသာ ပြည်ဝင်ခွင့် ပြုမည်ဖြစ်သည်။ ဤတွင် ၎င်းတို့နိုင်ငံတို့က အတည်ပြုထားခြင်း မရှိသည့် ရုရှားနှင့် တရုတ်ကာကွယ်ဆေးထိုးနှံထားသူများတွင် မညီမျှမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း Bloomberg (Apr.26,2021) က ရေးသားပါသည်။

ယခုစာရေးသားနေစဉ် ကျွန်တော်တို့ကမ္ဘာကြီး၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် အသက်ဆုံးရှုံးရသူပေါင်း ၃-သန်း ကျော်ရှိနေပြီး ၁-ရက်တည်း၌ သေဆုံးသူ ၇-ထောင်နီးပါးရှိသည်။ ကူးစက်ခံရသူ စုစုပေါင်းမှာလည်း သန်း-၁၅၀ ကျော်ရှိ၍ ၂၄-နာရီအတွင်း လူ ၅-သိန်းကျော်ရောဂါရရှိနေနသည်။

ကာကွယ်ဆေးထိုးနှံပေးရန် အသည်းအသန်လိုအပ်နေချိန်တွင် လိုအပ်သလောက် ဆေးဝါးမထုတ်လုပ်နိုင်ကြသေးပါ။ အသက်ဘေးက ပိုအရေးကြီး၍ ကာကွယ်ဆေးထိုးရန်လိုအပ်နေသူများအတွက် မည်သည့်ကာကွယ်ဆေးမှဖြစ်မည်ဟု ရွေးချယ်ရန် အခွင့်အရေး မရှိပါ။ ထို့ကြောင့် Vaccine certificates အစီအစဉ်ကို WHO ကလည်း သဘောမတူနိုင်ဟု ဆိုပါသည်။

သို့သော် ဆေးဝါးထုတ်လုပ်နိုင်သည့် ဖွံ့ဖြိုးပြီးနိုင်ငံကြီးတို့က နိုင်ငံရေးနောက်ခံအစွဲဖြင့် ဂိုဏ်းဂဏဖွဲ့ကာ စားမာန်ခုတ်နေကြလေသည်။  ။သတင်းဘာသာပြန်သူ))

(((DW.,Apr. 28,2021, EU accuses Russia, China of COVID vaccine disinformation.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#အနောက်အုပ်စုနှင့်_တရုတ်-ရုရှားတို့၏_ကာကွယ်ဆေး_စားမာန်ခုတ်ပွဲ

https://www.dw.com/en/eu-accuses-russia-china-of-covid-vaccine-disinformation/a-57367812

https://www.scmp.com/news/world/article/3131169/coronavirus-those-inoculated-chinese-russian-vaccines-could-face-travel

https://www.trip.com/blog/covid-19-vaccine-passports/

https://www.ncbi.nlm.nih.gov/pmc/articles/PMC7852454/

https://www.reuters.com/business/healthcare-pharmaceuticals/skorea-says-novavax-sputnik-v-covid-19-vaccines-submitted-regulatory-approval-2021-04-29/

https://www.straitstimes.com/asia/south-asia/india-to-receive-first-batch-of-russias-sputnik-v-covid-19-vaccine-on-may-1

Leave a Reply

Your email address will not be published.