အမေရိကန်စစ်အခြေစိုက်စခန်း လူ ၄-ဦးသေဆုံးရသော သေနတ်ပစ်ခတ်မှု့တွင် ကျူးလွန်သူမှာ ဆော်ဒီပညာတော်သင် စစ်ဖက်အရာရှိတစ်ဦးဖြစ်နေ။ အမေရိကန်၏ နိုင်ငံခြားရေးပေါ်လစီ၊ မွတ်စလင်များအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု့တို့အတွက် လက်တုန့်ပြန်ခြင်းဖြစ်ဟု ဆို

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ပင်ဆာကိုလာ ရေတပ်မတော်လေတပ်ဖွဲ့အခြေစိုက်စခန်းတွင် သေနတ်ပစ်ခတ်မှု့ဖြစ်ပွားရာ၌ ကျူးလွန်သူမှာ ဆော်ဒီအာရေးဗီးယားမှ ပညာတော်သင် စစ်ဖက်အရာရှိတစ်ဦးဖြစ်ပြီး သေနတ်သမားအပါအဝင် လူ ၄-ဦးသေဆုံးသည်ဟု CBS News က ယနေ့ရေးသားသည်။

သောကြာနေ့ နံနက်ပိုင်း သေနတ်ဖြင့် ပစ်ခတ်သူမှာ ဆော်ဒီလေတပ်မတော်မှ အရာရှိတစ်ဦးဖြစ်ပြီး ဆော်ဒီစစ်ဖက်ဆိုင်ရာပြည်ပလေ့ကျင့်ရေးအစီအစဉ်အရ ၂၀၁၇-ခုနှစ် သြဂုတ်လ ကတည်းကပင် အမေရိကန်လေတပ်၌ သင်တန်းတက်ရောက်နေသူဖြစ်သည်။ ၂၀၂၀-ခုနှစ် သြဂုတ်လတွင် သင်တန်းပြီးဆုံးမည့် အယ်လ်ရှာရာနီသည် ပင်ဆာကိုလာ ရေတပ်မတော် လေတပ်ဖွဲ့တွင် အင်္ဂလိပ်စာ၊ အခြေခံလေကြောင်းပညာရပ်၊ ကနဦးလေယာဉ်မောင်းသင်တန်းများတွင် သင်ယူလျှက်ရှိကြောင်း ပင်တာဂွန်စစ်ဋ္ဌာနချုပ်က အတည်ပြုသည်။

အခင်းဖြစ်ပွားရာတွင် လူ ၃-ဦး သေဆုံးပြီး သေနတ်သမား ဆာအိဒ်အယ်လ် ရှာရာနီကိုယ်တိုင်မှာလည်း နယ်မြေခံ FBI တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်ရာ၌ သေနတ်ထိမှန်သေဆုံးသည်။ နယ်မြေခံ ရဲတပ်ဖွဲ့ဝင် ၂-ဦးအပါအဝင် လေတပ်စခန်းလုံခြုံရေးအရာရှိ ၈-ဦး ပြင်းထန်စွာ ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အွန်လိုင်းအစွန်းရောက်အုပ်စုတို့၏ လှုပ်ရှားမှု့များကို စောင့်ကြည့်ထောက်လှမ်းသူ SITE အမည်ရှိ ပုဂ္ဂလိက အဖွဲ့အစည်းကမူ ဆာအိဒ်အယ်လ် ရှာရာနီသည် ပြစ်မှု့ကျူးလွန်ခြင်းမတိုင်မီ အမေရိကန်ပြည်ထောင်စု၏ ပင်လယ်ရပ်ခြားဆိုင်ရာမူဝါဒအပေါ် မကြေနပ်ကြောင်း အင်တာနက်၌ ရေးသားလွှင့်တင်ခဲ့သည်ဟု ပြောဆိုသည်။ Twitter တွင် ကြေညာချက်သဏ္ဍာန် ရေးသားလွှင့်တင်သူသည် အမေရိကန်ရေတပ်မတော် လေတပ်ဖွဲ့မှ ဆော်ဒီအရာရှိတစ်ဦးဖြစ်ကြောင်း အတည်ပြုနိုင်ပြီး အမည်ကို ဆက်လက်ဖော်ထုတ်ဆဲတွင် ယခု သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရသည်ဆို၏။

အမေရိကန်၏ ဒရုန်းလေယာဉ်များအသုံးပြုစစ်ဆင်ခြင်း၊ အကြမ်းဖက်အယူအဆရှိသူ သံသယဖြင့် ကျူးဘားနိုင်ငံ ဂွမ်တာနာမို အကျဉ်းစခန်းတွင် နှစ်ကာလ အကန့်အသတ်မရှိ ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံရသူများအကြောင်းကို ဖော်ပြလျှက် အမေရိကန်သည် မွတ်စလင်များယုတ်လျှော့သွားအောင် ပြုမူလျှက်ရှိကြောင်း ဆာအိဒ်အယ်လ်ရှာရာနီက ရေးသားခဲ့သည်ဆို၏။

အမေရိကန်ဖြစ်သည်ဟု သင့်ကိုဆန့်ကျင်ခြင်းမဟုတ်၊ လွတ်လပ်သော သင့်အား ကျွနု်ပ်မုန်းတီးခြင်းမရှိဟု အစချီလျှက် ရေးသားထားသော အဆိုပါစာတွင် မွတ်စလင်များကိုသာမဟုတ်ပဲ လူသားအားလုံးအပေါ် နေ့စဉ်နှင့်အမျှ ရာဇဝတ်မှု့ကျူးလွန်နေခြင်းနှင့် ငွေကြေးထောက်ပံ့နေခြင်းတို့အတွက်ကြောင့် သင့်အား မုန်းတီးရခြင်းဖြစ်သည်။ အမေရိကန်သည် ပြိုင်ဖက်ကင်းသော ကာကွယ်ရေးစရိတ်ဖြင့် လုံခြုံရေးအာရုံမှားများတည်ဆောက်နေသော်လည်း ကျွနု်ပ်တို့မြေပေါ်မှ သင်တို့ စစ်တပ်များ မရုတ်သိမ်းမချင်း သင်တို့တွင် လုံခြုံဘေးကင်းလိမ့်မည်မဟုတ်ကြောင်း ဖော်ပြထားသည်။

Fox News ၏ စောစောပိုင်းရေးသားချက်များတွင် ဆော်ဒီအရာရှိ၏ အမည်မှာ မိုဟာမက် ဆာအိဒ်အယ်လ်ရှာရာနီဖြစ်ကြောင်း အမည်မဖော်လိုသော အရာရှိများအား ကိုးကားဖော်ပြသော်လည်း ဒေသန္တရမီဒီယာများနှင့် ကွဲလွဲသည်။ ထို့ပြင် ၎င်း၏အမည် ၊ ကိုယ်ရေးရာဇဝင်နှင့် တိုက်ခိုက်မှု့ဖြစ်ပွားရခြင်းကို ထင်မြင်ချက်ပေးရန် ဆော်ဒီစစ်ဖက်နှင့် ပင်တာဂွန်က ငြင်းဆိုသည်။

ဒီဇင်ဘာ ၅-ရက် ပစိဖိတ်သမုဒ္ဒရာ ဟာဝိုင်ယီကျွန်းပေါ်ရှိ နာမည်ကျော် Pearl Habour “ ပုလဲဆိပ်ကမ်း “ အမေရိကန်ရေတပ်အခြေစိုက်စခန်း၏ သင်္ဘောကျင်းတွင် စစ်သားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ကာကွယ်ရေးဋ္ဌာန အရပ်ဖက်ဝန်ထမ်း ၂-ဦးသေဆုံးခဲ့ရသည်။ ပင်ဆာကိုလာ သေနတ်ပစ်ခတ်မှု့သည် ဒီဇင်ဘာ ၆-ရက်နေ့တွင် ဖြစ်ပွားခြင်းဖြစ်သည်။ ၎င်း ဖလော်ရီဒါပြည်နယ်၌ပင် ပက်ထရစ် လေတပ်စခန်း၌ ဗုံးလန့်မှု့ ဖြစ်ပွားခဲ့ကြောင်း Russia Today က ယနေ့ရေးသားသည်။

ဒေသစံတော်ချိန် မွန်းလွဲ ၃-နာရီတွင် လုံခြုံရေးဝန်ထမ်းများ၏ အကြမ်းဖက် ဗုံးခြိမ်းခြောက်မှု့ သတင်းပေးပို့ချက်အရ အရေးပေါ်သတိပေးချက်လွှင့်ထုတ်ခဲ့ရသည်ဆို၏။ အခင်းဖြစ်ပွားရာနေရာတွင် မီးသတ်ကားများ၊ explosive ordnance disposal (EOD) ဗုံးရှင်းတပ်ဖွဲ့များဖြင့် တစ်နာရီမျှကြာအောင် စစ်ဆေးမှု့များပြုလုပ်ပြီး မှားယွင်းသတိပေးမှု့ဖြစ်ကြောင်းနှင့် “ အန္တရာယ်ကင်းအချက်ပြ “ ဆက်လက်လွှင့်ထုတ်သည်ကို တွေ့ရှိရကြောင်း သတင်း၌ ဖော်ပြသည်။

(( အရှေ့အလယ်ပိုင်းသားတို့သည် အတိတ်သမိုင်း၌ ၎င်းတို့အပေါ် ရက်စက် အနိုင်ကျင့်ခဲ့သော အနောက်နိုင်ငံသားများအပေါ် အူထဲ အသည်းထဲမှ ခါးခါးသီးမုန်းတီးကြသည်။ 9/11 တိုက်ခိုက်ခံရမှု့အပြီး အာဖဂန်နှင့်အီရတ်သို့ အမေရိကန်များ ကျူးကျော်ဝင်ရောက်ခြင်းသည် မူလရှိပြီး အမုန်းမီးတောက်ကို လေပင့်ပေးသလိုဖြစ်ခဲ့ရသည်။ အရှေ့အလယ်ပိုင်း၊ ဗဟိုအာရှနှင့် အာဖရိကမြောက်ပိုင်းတစ်ခွင်၌ အမေရိကန်၏ ဆယ်စုနှစ် နှစ်စုမျှ “အကြမ်းဖက်နှိမ်နင်းရေးစစ်ပွဲ “ သည် ဒေသတွင်းနိုင်ငံများအတွင်း ယခုတိုင် မပြီးဆုံးနိုင်သည့် ပြည်တွင်းစစ်နှင့် သွေးချောင်းစီးစေရန်ဖြစ်ခဲ့ရသည်။ လစ်ဗျား၊ ဆီးရီးယား၊ ဆိုမာလီယာ၊ ပါကစ္စတန်၊ မာလီ၊ ယီမင်တို့၌ အပြစ်မဲ့ပြည်သူအများ ဒုက္ခပင်လယ်ဝေခဲ့ရသည်။

9/11 ဖြစ်ပွားပြီးနောက် အာရပ်နှင့် နိုင်ငံတကာအဖွဲ့အစည်းများ ကောက်ယူသော အချက်အလက်များအရ WTC အဆောက်အအုံများကို တိုက်ခိုက်သူမှာ အိုစမာဘင်လာဒင်မဟုတ်ကြောင်း အခိုင်အမာ ယုံကြည်သူ အရှေ့အလယ်ပိုင်းသား ၇၅ ရာနှုန်းရှိနေသည်။ ဤသည်မှာ အစ္စလာမ်သာသနာ၏ စွန့်လွှတ်စွန့်စား သူရဲကောင်းပမာဖြစ်သော အိုစမာဘင်လာဒင်အား လေးစားစိတ်နှင့်အတူ အယ်လ်ကိုင်ဒါ၏ ဘာသာရေး အစွန်းရောက် အယူအဆများ စိမ့်ဝင်သွားစေသည်။

နိုင်ငံစုံမှ လူအများပါဝင်သော အဖွဲ့အစည်းက အထင်ကရတည်ရှိနေသော နိုင်ငံတစ်နိုင်ငံအား စစ်ပြုသည်ဆိုခြင်းမှာ လူ့သမိုင်းတွင် မရှိခဲ့ပါ။ သို့သော် 9/11 နှင့် နောက်ပိုင်းဖြစ်ရပ်များမှာ ထိုသို့ စစ်ပြုခြင်း အမှန်ဖြစ်ကြောင်း သက်သေပြနေသည်။

၂၀၁၄-ခုနှစ် အီရတ်တွင် အယ်လ်ကိုင်ဒါထက် ပိုမိုရက်စက်ပြီး ပိုမိုအစွန်းရောက်သော အိုင်စစ် ( ISIS/ISIL ) တို့ ပေါ်ထွန်းလာသည်။ မျက်မှောက်ကမ္ဘာကြီးအား အစ္စလာမ်မစ်ဘာသာရေးနိုင်ငံကြီးအဖြစ် ပြောင်းလဲတည်ထောင်မည့် အစွန်းရောက်အကြမ်းဖက်တို့သည် တိုတောင်းသော အချိန်အတွင်း အီရတ်နှင့် ဆီးရီးယားနယ်မြေအများအပြားကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။

အိုင်စစ်တို့၏ ထိုးစစ်ကို အမေရိကန်၊ တူရကီ၊ ဆော်ဒီတို့က လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ဟန့်တားခဲ့သည်။ ထိုစဉ်က ဆော်ဒီလေတပ်တိုက်လေယာဉ်အုပ်မှာ တူရကီ၌ အခြေစိုက်၍ ဆီးရီးယားနှင့် အီရတ်မြောက်ပိုင်းတွင် တိုက်ပွဲဝင်သည်။

အများသိကြသည့်အတိုင်း ဆော်ဒီဘုရင့်လေတပ်မတော်၏ စစ်အကြံပေးများမှာ ဗြိတိသျှတို့ဖြစ်ပါသည်။ အိုင်စစ်တို့ကို လေကြောင်းမှ တိုက်ခိုက်သော ဆော်ဒီတိုက်လေယာဉ်လေယာဉ်မှူးအချို့သည် ညီနောင်ဘာသာဝင်များအား မသတ်နိုင်ဟုဆိုကာ အမိန့်ဖီဆန်ကြသည်။ အချို့ကလည်း ဗုံးများ ကို တော်ရာတွင် သွန်ချ၍ ဒုံးကျည်များအား တမင်ပစ်ခတ်ဖြုန်းတီးပြီး ပြန်လာခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ၂၀၁၄-ခုနှစ် နိုဝင်ဘာလ နိုင်ငံတကာမီဒီယာများတွင် ရေးသားသည်ကို တွေ့ရှိရသည်။ ။သတင်းဘာသာပြန်သူ ))

((( Russia Today., 7 Dec, 2019, “Pensacola shooter’s alleged manifesto slams ‘crimes against Muslims’ & US policies abroad – report .” ) ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/usa/475255-pensacola-manifesto-shooter-crimes/

https://www.rt.com/usa/475239-saudi-shooter-pensacola-navy-base/

https://www.rt.com/usa/475245-bomb-threat-report-patrick-airbase/

https://www.cbsnews.com/news/pensacola-shooting-today-3-people-killed-shooter-dead-at-florida-navy-base-nas-pensacola-2019-12-06/

https://www.ibtimes.co.in/us-led-coalition-crumbling-saudi-pilots-refuse-bomb-isis-targets-iraq-614495

#ဖလော်ရီဒါအမေရိကန်စစ်အခြေစိုက်စခန်းသေနတ်ပစ်ခတ်မှု့ #အယ်လ်ကိုင်ဒါနှင့်အရှေ့အလယ်ပိုင်း

+1

Leave a Reply

Your email address will not be published.