အမေရိကန်တလွှား လပေါင်းများစွာကြာ အဓိကရုန်းများဖြစ်ပွားစေသည့် ဂျော့ဖလွိုက်သတ်ဖြတ်မှုဖြင့် တရားစွဲခံရသူ ရဲဝန်ထမ်းဟောင်း ဒေါ်လာ ၁-သန်းအာမခံဖြင့် လွတ်မြောက်လာ၊ BLM လှုပ်ရှားမှုနှင့် အပြောင်းအလဲ

  
ယခုနှစ်နွေဦးတွင် ဂျော့ဖလွိုက်အား သတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံရသူ မင်နီယာပိုလိစ်ရဲတပ်ဖွဲ့ဝင်ဟောင်း ဒဲရစ်ချောဗင်မှာ ဒေါ်လာ ၁-သန်း အာမခံရပြီးနောက် အကျဉ်းထောင်မှ လွတ်မြောက်လာကြောင်း၊ ဂျော့ဖလွိုက်သေဆုံးမှုကြောင့် မင်နီယာပိုလိစ်နှင့် အမေရိကန်တစ်ဝှမ်းလုံး၌ လပေါင်းများစွာကြာမြင့်သည်အထိ အဓိကရုဏ်းများဖြစ်ပွားခဲ့ရသည်ဟု Russia Today ( Oct. 7,2020 ) က ရေးသားသည်။ 


အုတ်ခ်ပတ်ဟိုက် အကျဉ်းထောင်တွင် လုံခြုံရေးတင်းကြပ်စွာ အထီးကျန်ချုပ်နှောင်ထားခြင်းခံရသည့် ရဲတပ်ဖွဲ့ဝင်ဟောင်းဖြစ်သူမှာ ငွေသားပေးချေခြင်းမဟုတ်သော အမေရိကန်ဒေါ်လာ ၁-သန်းတန် အာမခံ အထောက်အထား တင်သွင်းခြင်းဖြင့် ဗုဒ္ဓဟူးနေ့ နံနက်၌ လွတ်မြောက်လာခြင်းဖြစ်သည်ဆို၏။ 

  
ဂျော့ဖလွိုက်သည် မင်နီယာပိုလိစ်မြို့ ဂရိုစရီစတိုးဆိုင်အပြင်ဖက်တွင် ဖြစ်ကတတ်ဆန်းဖမ်းဆီးခြင်းခံရပြီး သေဆုံးခဲ့သည်။ နောက် ၄-ရက်အကြာ မေ ၂၉-ရက်နေ့တွင် ဒဲရစ်ချောဗင်အား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဂျော့ဖလွိုက် သေဆုံးရသည့်အတွက် Black Lives Matter ခေါ် “ လူမည်းတို့ ဘဝရှင်သန်ရေး ပဓါန “ ကန့်ကွက်မှု များဖြစ်ပေါ်လာပြီး နောက်ပိုင်းတွင် အကြမ်း ဖက်မှုများအဖြစ် ပြောင်းလဲသွားသည်။ စီးပွားရေးလုပ်ငန်းများစွာတို့နှင့် မင်နီယာပိုလိစ် တတိယနယ်မြေရဲစခန်းတို့ မီးတင်ရှို့ခံရသည့် မေ ၃၁-ရက်နေ့တွင် ဒဲရစ်ချောဗင်အား အုတ်ခ်ပတ်ဟိုက် အကျဉ်းထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်ထားခဲ့ကြောင်း သိရှိရသည်။ 

  
ဂျော့ဖလွိုက်အား ဖမ်းဆီးပုံ ဗွီဒီယို၌ ဒဲရစ်ချောဗင်သည် မြေ၌ လဲကျနေသည့် အမေရိကန်လူမည်းဖြစ်သူ၏ လည်မြိုကို ၉-မိနစ်နီးပါးကြာအောင် ဒူးဖြင့် ဖိထားကြောင်း တွေ့ရှိရသည်။ လူမှုကွန်ရက်၌ အဆိုပါဗွီဒီယို ပလူပျံ လာသည့်နေ့၌ပင် ဒဲရစ်ချောဗင်လည်း အလုပ်ဖြုတ်ခံရပြီး တတိယဒီဂရီ လူသတ်မှုဖြင့် တရားစွဲခြင်းခံရသည်။ နောက်ပိုင်းတွင် ဒုတိယဒီဂရီ လူသတ်မှုအဖြစ် စွဲချက်အဆင့် မြင့်တက် ပြောင်းလဲသွားသည်။

  
ဒဲရစ်ချောဗင်နှင့်အတူ ဖမ်းဆီးစဉ်ပါဝင်သော အခြားရဲတပ်ဖွဲ့ဝင် ၃-ဦးမှာလည်း အလုပ်မှ ရပ်စဲခြင်းခံရပြီးနောက် ပြစ်မှု့ကျူးလွန်ရာတွင် အတူပါဝင်မှု၊ အားပေးကူညီမှုတို့ဖြင့် တရားစွဲဆိုခြင်း ခံရသည်။ ဟန်နီပန်ကောင်တီ တရားရုံးတော်တွင် ဂျော့ဖလွိုက်သေဆုံးရမှုကြားနာလျှင် မီဒီယာလွှမ်းမိုးအား ကြီးလွန်းသဖြင့် ဂျူရီလူကြီးများ၌ တစ်ဖက်သပ်အမြင်ဖြစ်စေသည်ဟုဆိုကာ တရားရုံးပြောင်းလဲစစ်ဆေးရန် ရဲတပ်ဖွဲ့ဝင်ဟောင်း ၄-ဦးတို့၏ ရှေ့နေများက စောဒကတက်ခဲ့ကြသည်။ 


ချောဗင်သည် အာမခံဖြင့် လွတ်မြောက်လာရန်သူ ရဲတပ်ဖွဲ့ဝင်ဟောင်း ၄-ဦးအနက် နောက်ဆုံးဖြစ်သည်။ အခြား ၃-ဦးမှာ ဖမ်းဆီးချုပ်နှောက်ခံရပြီး ဇွန် ၁၀ ရက်မှ ဇူလိုင်လ ၄ ရက်အကြား လွတ်မြောက်ခဲ့ကြသည်။ ၎င်းတို့ ၄-ဦး၏ အမှုကို မတ်လ ၂၀၂၁ တွင် စစ်ဆေးကြားနာမည် ဖြစ်သည်။ 


(( ဂျော့ဖလွိုက်အသက်ဆုံးရှုံးရမှုသည် Black Lives Matter ( BLM ) ခေါ် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ရပြီး အမေရိကန်သာမက ဗြိတိန်နှင့် ဥရောပမြို့ကြီးများသို့တိုင် ဂယက်ရိုက်ခတ်ပါသည်။ နောက်ပိုင်းတွင် လူမည်းတို့ ဘဝရှင်သန်ရေးသာမက ကျွန်စံနစ်ဆန့်ကျင်ရေး၊ အင်ပါယာဝါဒ တိုက်ဖျက်ရေးသို့ ကျယ်ပြန့်သွားသည်။ အထူးသဖြင့် လူကိုလူချင်း ကိုလိုနီပြုခဲ့ဖူးသော ဗြိတိန်၊ ဘယ်လ်ဂျီယန်၊ ပြင်သစ်၊ ဂျာမနီ စသည့်နိုင်ငံတို့တွင် ကန့် ကွက်လှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပေါ်သည်။ အထိမ်းအမှတ်စိုက်ထူထားသော သမိုင်းဝင်ရုပ်ထုများလည်း ဖျက်ဆီးခြင်း၊ လက်သရမ်းခြင်းခံရသည်။ 


အပြန်အလှန်အားဖြင့် ၊ လူဖြူတို့ ဘဝရှင်သန်ရေး ပဓါန ၊ All Lives Matter “ လူသားအားလုံးတို့ ဘဝရှင်သန်ရေးပဓါန “၊ ရဲတပ်ဖွဲ့ဝင်များသည် ဥပဒေအရ ဆောင်ရွက်ခြင်းသာဖြစ်သည်ဟု ရှေ့နေလိုက်သည့် “ အပြာရောင် ယူနီဖောင်းဝတ်တို့ ဘဝရှင်သန်ရေးပဓါန “ စသည့် တန်ပြန်လှုပ်ရှားမှုများလည်း ဖြစ်ပေါ်လာသည်။ 


နောက်ဆုံးတွင် BLM လှုပ်ရှားမှုမှာလည်း လူဖြူကြီးစိုးမှုကို ဆန့်ကျင်ရင်း လူမည်း “ လူမျိုးစွဲပဓါနဝါဒ “ ဖြစ်လာသည်ဟု ဝေဖန်ခံရကြောင်း တွေ့ရှိရပါသည်။   ။ သတင်းဘာသာပြန်သူ )) 


#ဂျော့ဖလွိုက်အသတ်ခံရမှု_ရဲတပ်ဖွဲ့ဝင်ဟောင်းများ_အာမခံရ 


((( Russia Today., 7 Oct, 2020,” Officer charged with killing George Floyd released on $1 million bond from Minnesota jail.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ ))) 

https://www.rt.com/usa/502854-derek-chauvin-released-million-bail/

1+

Leave a Reply

Your email address will not be published.