အမေရိကန်ရဲတပ်ဖွဲ့သည် သတ်ဖြတ်မှု များလွန်းနေဟု ဆို၊ ပြည်သူ့ဝန်ထမ်းနှင့် မတူ၊ ထိုးစစ်ဆင်နေသာ စစ်တပ်နှင့်တူနေဟု ပြော။ ဆီယက်တဲလ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဇုန်၊ အမေရိကန်ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးနှင့် ကမ္ဘာသို့ ရိုက်ခတ်လာဖွယ်ရှိသော “ အရွေ့ “ များ။

လက်ရှိ အမေရိကန်သည် မတည်မငြိမ်မှုများ ကျယ်ပြန့်လျှက် ၁၉၆၀ ပြည့်လွန်နှစ် နောက်ပိုင်း အဆိုးရွားဆုံးအကြပ်အတည်း၌ ကျရောက်လျှက်ရှိသည်။ အမေရိကန်ရဲတပ်ဖွဲ့သည် ပြည်သူ့ဝန်ထမ်းနှင့် မတူတော့၊ သတ်ဖြတ်မှုများလွန်းနေသဖြင့် ရဲတပ်ဖွဲ့ကို မည်သို့မည်ပုံ ပြုပြင်ပြောင်းလဲကြမည်နည်းဟု ဗြိတိန်အခြေစိုက် The Economic ( June 4, 2020 ) က ရေးသားပါသည်။


မေ ၂၅-ရက် မင်နီယာပိုလိစ်မြို့တွင် စတိုးဆိုင်တစ်ခု၌ ဒေါ်လာ ၂၀-တန်အတု အသုံးပြုမှုဖြင့် သံသယရှိသူအား ဖမ်းဆီးရာ၌ လူဖြူရဲတပ်ဖွဲ့ဝင် ဒဲရစ်ချောဗင်က အင်အားအလွန်အကျွံသုံးစွဲသဖြင့် လူမည်းအမျိုးသား ဂျော့ချ် ဖလွိုက်သေဆုံးသည်။ ယနေ့ အမေရိကန်ရဲတပ်ဖွဲ့သည် ပြည်သူလူထုအား အကာအကွယ်ပေးပါမည်ဟု ကျမ်းသစ္စာ ကျိန်ဆိုထားသူများနှင့် မတူတော့ပဲ၊ ထိုးစစ်ဆင်နေသာ စစ်တပ်ပုံ ပေါက်လျှက်ရှိသည်။ အမေရိကန်တစ်လွှားရှိ ရဲတပ်ဖွဲ့ဝင်တို့သည် ဆန္ဒပြအမျိုးသမီးများကိုပင် ရိုင်းစိုင်းစွာ ဆဲဆို၍ ကြမ်းတမ်းစွာဖမ်းဆီးခဲ့ပြီး လူစုလူဝေးများအား လူစုခွဲရာတွင် မျက်ရည်ယိုဗုံး၊ ငရုတ်ကောင်းစပရေးများကို အသုံးပြုသည်။ ဆန္ဒပြပွဲများဖြစ်ပွားစဉ် တွန်းထိုးတိုက်ခိုက်ခြင်းခံရသော သတင်းထောက်များမှာ ၂၅၀ ခန့်ရှိနေသည်။

ထိုအတွက် အမေရိကန်ရဲတပ်ဖွဲ့အား ပြုပြင်ပြောင်းလဲရမည်။ ရဲတပ်ဖွဲ့သည် သူတို့မရှိလျှင် တရားဥပဒေ စိုးမိုးမှု ပျက်ပြားလိမ့်မည်ဟု သွေးနားထင်ရောက်နေကြသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့အား ခွင့်ပြုထားသော ဘတ်ဂျက်ငွေကို ဖြတ်တောက်၍ အများပြည်သူ အကျိုးပြုလုပ်ငန်းများတွင် သုံးစွဲခြင်းဖြင့် ရဲတပ်ဖွဲ့ မရှိလည်း ဖြစ်ကြောင်း ပြသရမည်ဟူသော အယူအဆတစ်ရပ်လည်း ပေါ်ပေါက်သည်။

၎င်း တွေးခေါ်မှုကို လက်တွေ့ထင်ဟပ်ပြသသည်မှာ အမေရိကန် ဝါရှင်တန်ပြည်နယ် ဆီယက်တဲလ်မြို့၌ ဂျော့ချ်ဖလွိုက်ကန့်ကွက်ဆန္ဒပြသူများက မြို့လည် ရဲစခန်းအား သိမ်းပိုက်၍ လွတ်လပ်သော Capitol Hill Autonomous Zone (CHAZ) “ကက်ပီတော်ဟီးလ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုန် “ ထူထောင်ခြင်းနှင့် ကြေညာချက်များ ထုတ်ပြန်ခြင်း ဖြစ်ဖွယ်ရှိသည်။

လစ်ဘရယ် ဒီမိုကရေစီနှင့် အသားကျလျှက် စီးပွားရေး-စစ်ရေး-နည်းပညာတွင် ကမ္ဘာ့အဆင့်-၁ ၌ ရပ်တည်လျှက်ရှိသော နိုင်ငံကြီး၏ ရက်ပိုင်းအတွင်း ပြည်တွင်းရေးရာဖြစ်စဉ်များမှာ မယုံကြည်နိုင်လောက်အောင် ရှိပါသည်။ အင်္ဂလန်နှင့် ဥရောပနိုင်ငံများသို့လည်း ကူးစက်သွားခဲ့ရာ အများအားဖြင့် လူကို လူချင်း ကိုလိုနီပြုခြင်း၊ နယ်မြေချဲ့ထွင် အင်ပါယာထူထောင်ခြင်း၊ ကျွန်ကုန်ကူးခြင်း၊ ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေး လှုပ်ရှားမှုများအား နှိပ်ကွပ်ခြင်းတို့ကို၌ သမိုင်းကြောင်း ရှိခဲ့သော နိုင်ငံကြီးများဖြစ်သည်။

နိုင်ငံကြီးများ၌ ဖြစ်စဉ်များနှင့် အတွေးအခေါ် အယူအဆတို့သည် ကမ္ဘာအရပ်ရပ် နိုင်ငံငယ်များသို့လည်း ဂယက်ရိုက်လေ့ရှိပါသည်။ ဒုတိယကမ္ဘာစစ် ဟစ်တလာစစ်မရှုံးမီဟု ထင်ပါသည် ထိုစဉ်က ဆိုဗီယက်ကွန်မြူနစ်ကဝိကြီး တစ်ဆူ၏ ( နာဇီဂျာမနီနှင့်လည်း ပေါင်းရမည် ထင်ပါ၏ ) အဆိုအမိန့်ကြောင့် မြန်မာပြည်အတွင်းမှ ကွန်မြူနစ်များ ဘာလုပ်ရမှန်းမသိအောင်ဖြစ်သွားခဲ့ကြောင်း ( သခင်တင်မြ၊ ဘုံဘဝမှာဖြင့် ) တွင် တွေ့ရသည်။

ထို့ပြင် ဒုတိယကမ္ဘာစစ်ကြီးအပြီး အမေရိကန်ကွန်မြူနစ်ခေါင်းဆောင် ( Earl Browder ) ၏ “ဆိုရှယ်လစ်-ကွန်မြူနစ်စံနစ်ထူထောင်ရာ၌ လက်နက်ကိုင်တော်လှန်ရေးနည်းသာမက ရွေးကောက်ပွဲနည်း ( ပါလီမန်နည်း ) ဖြင့်လည်း ထူထောင်နိုင်သည်” ဆိုသော Browderism မှာ အိန္ဒိယကွန်မြူနစ်တို့မှတစ်ဆင့် မြန်မာပြည်သို့ ရောက်ရှိလာခဲ့၍ မြန်မာကွန်မြူနစ်အချင်းချင်း သဘောကွဲကြ၊ မယုံမကြည်ဖြစ်ကြနှင့် ဘာဆက်လုပ်ရမှန်း မသိဖြစ်ခဲ့ရသည်ဟု မှတ်သားရဖူးသည်။

ယခု ရက်ပိုင်းအတွင်း ကျွန်တော်တို့ဆီ၌ Don’t call me Kalar မှာ အနောက်နိုင်ငံများ၏ Ant-racism ဂယက်ရိုက်ခြင်းဟု ယူဆရသော်လည်း မြန်မာနှင့် အနောက်နိုင်ငံများ သမိုင်းကြောင်းလည်းမတူ၊ အစဉ်အလာလည်းမတူ၊ အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းလည်း အကြီးအကျယ်ခြားနားလျှက်ရှိသည်။ ပုဂံခေတ်လောက်တည်းက Kalar အသုံးအနှုန်းရှိခဲ့သော်လည်း နှိမ်ချသော အားဖြင့် Kalar ဟု ခေါ်ကြမည်ဖြစ်ကြောင်း မည်သူမှ အကျယ်တဝံ့ စာအုပ်-စာတမ်းရေးသားခြင်းမရှိ၊ ထင်ရှားသောပုဂ္ဂိုလ်များက ဟောပြောသည်ဟူ၍လည်းမရှိပဲ Campaign ကင်ပိန်းဖြစ်လာခြင်းအတွက် အလွန်အံ့သြမိပါသည်။

နိုင်ငံဟု ခေါ်သော လူမျိူး-ဘာသာ- လူတန်းစားအလွှာပေါင်းစုံတို့ အေးချမ်းစွာ စုဝေးနေထိုင် လုပ်ကိုင်စားသောက်ကြနိုင်ကြမှာ #တရားဥပဒေ ဟူသော အာမခံချက်ကြီး ရှိနေ၍ဖြစ်သည်။ တရားဥပဒေသည် မသိမကျွမ်း သူအချင်းချင်း၊ မတူသော လူမျိုးအချင်းချင်းကြားတွင် ပေါင်းကူးပေးသော တံတားကြီး တစ်စင်း လည်း ဖြစ်သည်။

#အုပ်ချုပ်ရေး ၏ အဓိကရည်ရွယ်ချက်မှာ အဆိုပါ တရားဥပဒေကို ခိုင်မာလည်ပတ်အောင် လုပ်ရသော အလုပ်မျှသာဖြစ်သည်။ ဤတွင် ကူညီပံ့ပိုးရသည်မှာ #ရဲတပ်ဖွဲ့ ဖြစ်သည်။ အကယ်၍ တရားဥပဒေစိုးမိုးမှုပျက်ပြားအောင် လက်နက်ကိုင် ပုန်ကန်သောင်းကျန်းမှုဖြစ်ပေါ်လာသောအခါ “ ရဲတပ်ဖွဲ့ “ နှင့် မပြီးတော့ပဲ #စစ်တပ် ၏ အလုပ်ဖြစ်သွားသည်။ ထို့ကြောင့် `#တရားဥပဒေ_အုပ်ချုပ်ရေး_ရဲတပ်ဖွဲ့_စစ်တပ်ဆိုသည်မှာ ဒင်္ဂါးပြားတစ်ခု၏ မျက်နှာစာများ၌ ပါဝင်နေသော အစိတ်အပိုင်းများသာဖြစ်ပြီး တစ်ခုခု ပျက်ယွင်းလျှင် စားသုံး မရတော့ချေ။


ကျွန်တော်၏ ငယ်စဉ်ကလေးဘဝတစ်စိတ်တစ်ပိုင်းကို ပဲခူးရိုးမအနောက်ခြမ်း နယ်မြို့ကလေးတစ်မြို့၌ ကုန်လွန်ကြီးပြင်းခဲ့ရသည်။ ရန်ကုန်ပြည် ကားလမ်းကြီးမှလှမ်းမြင်ရသော ထိုစဉ်က ပဲခူးရိုးမကြီး၏ သာယာဝတီ လောက်မှစ၍ ပြည်အထိမှာ အနက်ရောင်နယ်မြေဖြစ်ပြီး ပြည်ခရိုင် ပေါက်ခေါင်းသည် မြန်မာပြည်၏ ပီကင်းမြို့တော် ဟူ၏။ ပဲခူးတိုင်းမှ ဧရာဝတီမြစ်ကို ကျော်လွန်လျှင် ဆက်စပ်နေသော ဧရာဝတီတိုင်းသည် သောင်းကျန်းသူအမျိုးမျိုးနှင့် ပြည့်နှက်နေသည်။ အစိုးရဘက်သားဟု စွပ်စွဲခံရသူများအသတ်ခံရသောကြောင့် အချို့မြို့ရွာများမှာ သောင်းကျန်းသူများအားဆက်ကြေးပေးနေကြရသည်။ ရထားလမ်းများ မိုင်းထောင် မိုင်းခွဲခံရသည်။ ယခုကဲ့သို့ အေးချမ်းစွာ ခရီးသွားလာ လုပ်ကိုင်စားသောက်နိုင်သော အဖြူရောင်နယ်မြေဖြစ်လာစေရန် တရားဥပဒေ_ အုပ်ချုပ်ရေး_ရဲတပ်ဖွဲ့_စစ်တပ်တို့၏ တစ်ခုနှင်တစ်ခု အတိအကျ ချိတ်ဆက်လျှက်ရှိကြောင်း မျက်မြင်ကိုယ် တွေ့ဖြစ်ပါသည်။

အကယ်၍ အုပ်ချုပ်ရေးအာဏာရရှိသူသည် စစ်ရေးအမြင်မရှိလျှင်သော်၎င်း၊ နိုင်ငံရေးအငြိုး အာဃာတကြောင့် တမင် ပူးပေါင်းမှု မရှိလျှင်သော်၎င်း ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲမှာ ပြည်ထောင်စု အချုပ်အခြာ နယ်မြေဆုံးရှုံးခြင်းနှင့် ကက်ပီတော်ဟီးလ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုန်ကဲ့သို့ လှေကြီးပေါ် လှေငယ်တင်သည့် ဗြောင်ကျကျ တရားဥပဒေချိုးဖောက်မှုများ ဖြစ်ပေါ်လာရန်သာရှိတော့သည်။

အစဉ်လေးစားစွာဖြင့်

#HtayOung, @OungMarine

((( The Economic ., Jun 4th 2020.” How to fix American policing.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ကိုးကားသည် )))

https://www.economist.com/united-states/2020/06/04/how-to-fix-american-policing?fsrc=scn/tw/te/bl/ed/orderabovethelawhowtofixamericanpolicingunitedstates?fsrc=scn/fb/te/bl/ed/orderabovethelawhowtofixamericanpolicingunitedstates&fbclid=IwAR3f_AEM3R2c0c8KbF4nve6Ln1Hhvf85moOinsOdycXe2ZIUFMC5Gwr5J3I

https://www.usatoday.com/story/news/nation/2020/06/12/seattle-protest-chaz-capitol-hill-autonomous-zone-police-free/3173968001/

https://www.seattletimes.com/seattle-news/seattle-area-protests-live-updates-on-friday-june-12/

https://www.theguardian.com/us-news/2020/jun/11/chaz-seattle-autonomous-zone-police-protest

1+

Leave a Reply

Your email address will not be published.