အမေရိကန်အား သတိပေးသည့်အနေဖြင့် အီရန်နှင့်အီရတ်တို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဟုဆို။ အကြမ်းဖက်မှုကို နိုင်ငံတော်အဆင့် ပံ့ပိုးပေးသူများအဖြစ် အီရန်နှင့် အမေရိကန်တို့ အပြန်အလှန်စွပ်စွဲ။ မီဒီယာဖန်တီးသတင်းများနှင့် ဒုံးကျည်

အမေရိကန်က ဒေသတွင်း၌ အစွန်းရောက်စွတ်စွဲမှုများကို သွတ်သွင်းလျှက်ရှိကြောင်း၊ ထိုအတွက် အီရတ်နိုင်ငံနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်၍ စောင့်ကြည့်ကာကွယ်သွားမည်ဖြစ်ကြောင်း အီရန်စစ်ဘက်အရာရှိကြီးတစ်ဦးက ပြောဆိုသည်ဟု Russia Today က ယမန်နေ့ရေးသားသည်။

အီရန်နှင့် အီရတ်တို့သည် ပူးတွဲစစ်ရေးလေ့ကျင့်ရန် သဘောတူညီခဲ့ကြပြီးဖြစ်ကြောင်း နှစ်နိုင်ငံ တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်ကြရန်နှင့် နယ်စပ်လုံခြုံရေးတိုးမြှင့်ကြမည့် အစီအစဉ်ကို ရေးဆွဲခဲ့ကြကြောင်း၊ အီရတ်ကာကွယ်ရေးဝန်ကြီးနှင့် တပ်မတော်ထိပ်တန်းအရာရှိကြီးများသည် တရားဝင်လက်မှတ်ရေးထိုးရန် တီဟီရန်သို့ လာရောက်မည်ဖြစ်ကြောင်း၊ အဆိုပါ သဘောတူညီချက်များအရ အိမ်နီးချင်း နှစ်နိုင်ငံစလုံးတွင် ပိုမိုတည်ငြိမ်၍ လုံခြုံရေးကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။

အီရတ်နိုင်ငံအနေဖြင့်လည်း မကြာသေးမီနှစ်များအတွင်း မကောင်းကြံစည်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ အမေရိကန်သည် ဒေသတွင်း၌ အကြမ်းဖက်သမားတို့အား ပြန်လည်နေရာချထား၍ ပဋိပက္ခများ ဖန်တီးရန် ရည်ရွယ်လျှက်ရှိကြောင်း၊ ထို့အတွက် နှစ်နိုင်ငံ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း၊ အမေရိကန်၏ “ ဆိုးညစ်ယုတ်မာသည့် အကောက်ကြံစည်မှု “ ကို အီရတ်နိုင်ငံနှင့်အတူ သတိကြီးစွာ စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူ ( IS, ယခင် ISIS ) အိုင်အက်စ်တို့အား နှစ်နိုင်ငံအတူ ပူးပေါင်းတိုက်ခိုက်ခြင်းမှာ ဖြစ်ပေါ်လာမည့် မည်သည့်လုံခြုံရေးအကျပ်အတည်းမဆို ကျော်လွှားနိုင်သည်ကို ပြသခဲ့ခြင်းဖြစ်ကြောင်း အီရန်အမျိုးသားလုံခြုံရေး ဥသျှောင်ကောင်စီ အတွင်းရေးမှူး အလီရှန်ခါနီက ပြောဆိုသည်။

အီရန်သည် အကြမ်းဖက်မှုကို နိုင်ငံတော်အဆင့် ပံ့ပိုးပေးရာတွင် ဦးဆောင်လျှက်ရှိသည်ဟုအမေရိကန်က အကြိမ်ကြိမ် စွပ်စွဲခဲ့သည်။ အီရန်ကလည်း အမေရိကန်သာလျှင် အကြမ်းဖက်အစွန်းရောက်ဝါဒ၏ အဓိက အရင်းအမြစ်ဖြစ်သည်ဟု အခိုင်အမာ ချေပလျှက်ရှိသည်။

ယခုသီတင်းပတ်စောစောပိုင်း New York Times က ရေးသားရာ၌ အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ကြီး၏ ဒုတိယတပ်မှူးဖြစ်သူကို အစ္စရေးလုပ်ကြံသူများက သြဂုတ်လ၌ အီရန်နိုင်ငံတွင် သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ ရေးသားချက်ကို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပယ်ချခဲ့ပြီး ဒေသတွင်းရှိ လုပ်ကြံသူများနှင့် အခြားအကြမ်းဖက်အုပ်စုများ၏ ရာဇဝတ်မှုများကို မသမာသူများက “ ထောက်လှမ်းရေး ပေါက်ကြားသတင်း “ အဖြစ် မီဒီယာသို့ သတင်းမှားပေးခြင်းသာဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ယခုနှစ် ဇန်နဝါရီလတွင် အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့၌ အီရန်အထူးတိုက်ခိုက်ရေးတပ်မှူးဖြစ်သူ ဗိုလ်ချုပ်ကာဆင်စူလမန်နီမှာ အမေရိကန်၏ ဒရုန်းလေယာဉ်မှ ပစ်လွှတ်သော ဒုံးကျည်ထိမှန်၍ သေဆုံးခဲ့ရသည်။ အီရန်တပ်မှူးနှင့်အတူ အီရတ်ပြည်သူ့စစ်များလည်း သေဆုံးရသော အဆိုပါတိုက်ခိုက်မှုမှာ အမေရိကန်အနေဖြင့် ဒေသတွင်း မတည်မငြိမ်ဖြစ်စေရန် ဖန်တီးခြင်းအဖြစ် စွပ်စွဲစရာဖြစ်ခဲ့ရသည်။ အိုင်အက်စ်အကြမ်းဖက်တို့အား ချေမှုန်းရာတွင် မဟာမိတ်ဖြစ်သော အီရတ်အပေါ် ဝါရှင်တန်က သစ္စာဖောက်ခြင်းဖြစ်၍ အမေရိကန်တပ်များအား နိုင်ငံ အတွင်းမှ နှင်ထုတ်ရန် ဘဂ္ဂဒက်ပါလီမန်က ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ မဖြစ်မနေလိုက်နာရန် သတ်မှတ်ခြင်း မရှိသော အဆိုပါဆုံးဖြတ်ချက် ထွက်ပေါ်လာချိန်သည် ကာဆင်စူလမန်နီသေဆုံးရခြင်းအတွက် လက်တုန့်ပြန်သည့်အနေဖြင့် အီရတ်တွင် တပ်စွဲထားသော အမေရိကန်စစ်စခန်းများအား အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်ချိန်နှင့် တိုက်ဆိုင်ခဲ့သည်။

(( အီရန်-အီရတ် အိမ်နီးချင်း နှစ်နိုင်ငံသည် ၁၉၈၀ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အတိအလင်းစစ်ခင်းခဲ့ကြဖူးသည်။ ၈-နှစ်ကြာအဆိုပါစစ်ပွဲတွင် မိမိတို့ အနိုင်ရကြောင်း နှစ်ဖက်စလုံးက ကြေညာကြောင်း တွေ့ရှိရသည်။ သို့သော် အီရန်အား မျက်မုန်းကျိုးနေသော ဒေသတွင်းနှင့် အနောက်အုပ်စု၏ ကျေးဇူးဖြင့် အီရတ်မှာ အရှေ့အလယ်ပိုင်း၌ စစ်အင်အား အတောင့်တင်းဆုံးနိုင်ငံအဖြစ် ရောက်ရှိသွားသည်။ ထိုနောက်ပိုင်း ကူဝိတ်နိုင်ငံအား ဝင်ရောက်သိမ်းပိုက်သည်အထိဖြစ်လာသော အီရတ်အား ၁၉၉၀-ခုနှစ်တွင် အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်များက ပထမအကြိမ် ထိုးစစ်ဆင်တိုက်ထုတ်ရာ ရက်ပေါင်း ၂၁၀ ကြာမြင့်သည်။

ထို့နောက် 9/11 အရေးတွင် အဓိကကျူးလွန်သူ အယ်လ်ကိုင်ဒါ တို့နှင့် အီရတ်မှာ အဆက်အသွယ်ရှိကြောင်း၊ အီရတ်ခေါင်းဆောင် အာဏာရှင်ဆက်ဒမ်ဟူစိန်သည် WMD ခေါ် လူအများ အစုအပုံလိုက်သေဆုံးစေသော လက်နက်များ ထုတ်လုပ်ပိုင်ဆိုင်လျှက်ရှိကြောင်း မခိုင်လုံသည့် သတင်းများကို အခြေခံ၍ ၂၀၀၃-ခုနှစ်တွင် အမေရိကန်ဦးဆောင်ညွန့်ပေါင်းတပ်များက အီရတ်အား ဒုတိယအကြိမ် တိုက်ခိုက်ပြန်သည်။ အီရတ်အား ဒီမိုကရေစီပုံစံ ရွေးကောက်ပွဲများဖြင့် ပြန်လည်ထူထောင်ပြီး ၂၀၀၆-ခုနှစ်တွင် ဆက်ဒမ်ဟူစိန်အား သေဒဏ်ပေးခဲ့သည်။

ဒုတိယပင်လယ်ကွေ့စစ်ပွဲသည် ၂၀၁၁-ခုနှစ်တွင် ပြီးဆုံးသည်ဆိုသော်လည်း ဆက်ဒမ်ဟူစိန်ခေတ်လွန် အီရတ်သည် ငြိမ်းချမ်းတည်ငြိမ်ခြင်းပျက်ပြားကာ ၂၀၁၄-ခုနှစ်တွင် IS အိုင်အက်စ် ဘာသာရေးအစွန်းရောက်အကြမ်းဖက်တို့ ပေါ်ထွန်းလာခဲ့သည်။ မြောက်ပိုင်းတစ်ခွင်လုံးကျဆုံး၍ ဘဂ္ဂဒက်မြို့အနီးအထိ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်သည် အာဖဂန်နစ္စတန်နှင့် အီရတ်မှ အမေရိကန်တပ်များကို ခရစ်စမတ်အမီ ပြန်လည်ရုတ်သိမ်းရန် ပြင်ဆင်နေသည်။ သို့သော် ဒေါ်နယ်ထရမ့်ကိုယ်တိုင်မှာလည်း နိုဝင်ဘာ ၃-ရက် သမ္မတ ရွေးကောက်ပွဲတွင် အရေးနိမ့်ခြင်း ရှိ-မရှိ အငြင်းပွားလျှက်ရှိသည်။ ဒီမိုကရက်တစ်မှ ဂျိုးဘိုင်ဒင်အသာရသည် ဆိုခြင်းကို ဒေါ်နယ်ထရမ့်က ငြင်းဆန်လျှက်ရှိပြီး မဲရုံအချို့တွင် မဲပြန်လည်ရေတွက်လျှက်ရှိသည်။

လွန်ခဲ့သည့် စနေနေ့တွင် ထောင်သောင်းများစွာသော ထရမ့်ထောက်ခံသူများက အမေရိကန်အလံများနှင့် “မဲခိုးတာ ရပ် “ “ အမေရိကန် ပြန်လည်ကြီးမြတ်ရေး “ ဆိုင်းဘုတ်များကိုင်ဆောင် အင်အားပြကြသည်။ ဘိုင်ဒင်ထောက်ခံသူများကလည်း တန်ပြန်ဆန္ဒပြကြလေရာ လမ်းပေါ်ရောက် ဆန့်ကျင်ဘက် အုပ်စု ၂-စုတို့မှ အချို့သည် ဒေါသအလျှောက်လုံးထွေးသတ်ပုတ်ကြသည်ဖြစ်၍ လူ ၂၀ ကျော် ဖမ်းဆီးခံရလေသည်။

လက်ရှိအခြေအနေမှာ အမေရိကန်၏ အထင်ကရမီဒီယာကြီးများက “ ဒေါ်နယ်ထရမ့်အနေဖြင့် ၎င်း ရှုံနိမ့်ပြီဖြစ်ကြောင်း ပထမဆုံးအကြိမ် ဝန်ခံပုံရသည် “ ဟု ရေးသားသည်။ သို့သော် ကာယကံရှင် ဒေါ်နယ်ထရမ့်က “ ရွေးကောက်ပွဲမှာ ကျွန်တော်နိုင်တယ် “ ဟု ၎င်း၏ Twitter တွင် ရေးသားသည်။

ထရမ့်ထောက်ခံသူများကလည်း မီဒီယာတို့က ဘက်လိုက်ရေးသားသည်ဟု ပယ်ပယ်နယ်နယ်ဆဲနေကြလေရာ ကမ္ဘာတစ်ဘက်မှ လှမ်းကြည့်ရသော ကျွန်တော့်အတွက် twitter တွင် ရေးသူမှာ ဒေါ်နယ်ထရမ့် မဟုတ်ဖူးလား မီဒီယာတို့ကပဲ လိုရာဆွဲ လိမ်နေသလား၊ တစ်ယောက်ယောက်တော့ လိမ်နေတာအမှန်ဖြစ်ပါမည်။

ကျွန်တော်ကတော့ ရွေးကောက်ပွဲဆိုသည်မှာ ထိုနိုင်ငံ ပျက်စီးသည့်တိုင် သမိုင်းကျန်ရစ်တတ်ပါ၍ သားစဉ်မြေးဆက် နာမည်ပျက်မည့်ကိစ္စကြီးမှန်းသိလျှက် ချောက်ခွက်ပြောင်တိုက်ကာ မလိမ်ရဲပါ။ ။ သတင်းဘာသာ ပြန်သူ ))

#အီရန်အီရတ်ပူးတွဲစစ်ရေးလေ့ကျင့်၍အမေရိကန်ကိုသတိပေး #ပင်လယ်ကွေ့စစ်ပွဲ #ဒေါ်နယ်ထရမ့်ဂျိုးဘိုင်ဒင်

((( Russia Today., 15 Nov, 2020, “Iran boosts military cooperation with Iraq as it warns of US-backed ‘terrorists’ being redeployed to the region.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/506783-iran-iraq-us-terrorists-military-cooperation/ https://www.nytimes.com/1990/07/25/world/us-deploys-air-and-sea-forces-after-iraq-threatens-2-neighbors.html

https://edition.cnn.com/2003/WORLD/meast/03/06/sprj.irq.main/index.html

https://www.dailymail.co.uk/news/article-8180683/ISIS-tells-followers-no-mercy-launch-attacks-coronavirus-crisis.html

https://www.bbc.com/news/world-us-canada-54968200

https://www.cbsnews.com/news/million-maga-march-washington-dc-trumps-motorcade-passes-supporters/

https://www.refinery29.com/en-us/2020/11/10170233/million-maga-march-turnout-trump-republican-lies

https://www.theguardian.com/us-news/2020/nov/14/donald-trump-joe-biden-rally-us-elections

https://www.vox.com/2020/11/15/21565938/million-maga-march-violence-protests-dc

https://www.reuters.com/article/us-usa-trump-vaccine/trump-appears-to-acknowledge-for-first-time-that-biden-could-succeed-him-idUSKBN27T2XX

0

Leave a Reply

Your email address will not be published.