အမေရိကန်ဦးဆောင် ညွန့်ပေါင်းတပ်ဖွဲ့၏ အကူအညီရယူနေခြင်းမှ ရပ်ဆိုင်းရန် အီရတ်ပါလီမန် ဆုံးဖြတ်။ ဘီလျံချီ ကုန်ကျစရိတ်မပေးပဲ တပ်ဖွဲ့များ ထွက်ခွာရလျှင် ပြင်းထန်စွာ ဒါဏ်ခတ်ပိတ်ဆို့ခံရမည်ဟု ဒေါ်နယ်ထရမ့်ခြိမ်းခြောက်။ သမိုင်းထဲက မာယာဂွက်ဇ်နှင့် ကာဆင်စူလမန်နီလုပ်ကြံမှု့

အမေရိကန်က အရင်းအနှီးကြီးမားစွာ ကုန်ကျထားခဲ့ရသည့် အီရတ်မှ အမေရိကန်လေတပ်အခြေစိုက်စခန်းကို စရိတ်ကာမိအောင် ပေးလျှော်ခြင်းမရှိပဲ ရုတ်သိမ်းရလျှင် အီရတ်အနေဖြင့် ပြင်းထန်သော ဒါဏ်ခတ်ပိတ်ဆို့ခံရမှု့များအတွက် အားမွေးထားရလိမ့်မည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ပြောဆိုသည်ဟု Russia Today က ယနေ့ရေးသားသည်။

အီရတ်မှ အမေရိကန်လေတပ်အခြေစိုက်စခန်းကို ယခင်သမ္မတအဆက်ဆက်တို့လက်ထက်ကတည်းက တည်ဆောက်ခဲ့ရာတွင် ဒေါ်လာဘီလျှံပေါင်းများစွာ အကုန်အကျခံထားခဲ့ရပြီးဖြစ်ရာ တစ်ပြားတစ်ချပ်မျှ ပြန်မရပဲ အမေရိကန်တပ်ဖွဲ့များ ထွက်ခွာပေးလိမ့်မည်မဟုတ်ကြောင်း၊ အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်ရေး အိုင်စစ် ( ISIS, ,ယခင် ISIL ) တို့မှာ အီရန်ကိုယ်တိုင်အပေါ်သို့လည်း ဒုက္ခပေးသူများဖြစ်ကြောင်း၊ အိုင်စစ် ချေမှုန်းလျှက်ရှိသူ မဟာမိတ်တို့ကို အမေရိကန်က အကူအညီရပ်ဆိုင်းရန် အသင့်ရှိနေချိန်တွင် ယခုကဲ့သို့ဆုံးဖြတ်ခြင်းမှာ ဒါဏ်ခတ်အရေးယူခံရသည်ထက် ပိုမိုဆိုးရွားသည်ကို ကာယံရှင်များ ချင့်ချိန်နိုင်မည်ဖြစ်သည်ဟု ဒေါ်နယ်ထရမ့်က ပြောဆိုသည်။

ဇန်နဝါရီ ၂-ရက်နေ့ အီရတ် ဘဂ္ဂဒက်လေဆိပ်အနီးတွင် အိမ်နီးချင်း အီရန်တပ်မတော်စစ်ဦးစီး ဗိုလ်ချုပ် ကာဆင်စူလမန်နီကို အမေရိကန်က လုပ်ကြဲသတ်ဖြတ်ခဲ့သည်။ ထိုနောက်ပိုင်း အမေရိကန်ဦးဆောင်ညွန့်ပေါင်းတပ် ဖွဲ့များထံမှ စစ်ရေးအကူအညီ ခံယူနေခြင်းကို ဖျက်သိမ်းရန် အီရတ်ပါလီမန်သို့ ဝန်ကြီးချုပ်က အဆိုတင်သွင်းခဲ့သည်။ အီရတ်မှ နိုင်ငံခြားတပ်များအား နှင်ထုတ်ရန် တနင်္ဂနွေနေ့စောစောပိုင်းတွင် ပါလီမန်က ဆုံးဖြတ်ပြီးနောက် ယခုကဲ့သို့ အမေရိကန် သမ္မတက ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။

အိမ်နီးချင်း အီရန်နိုင်ငံအပေါ် ထိပါးခြင်းမျိုးကို ကျွန်ုပ်တို့ ခွင့်မပြုနိုင်လျှင် ထိုသို့ ဖြစ်လာသည်ကို တားဆီးရမည်ဖြစ်ကြောင်း အီရတ်ပါလီမန်၏ ဆုံးဖြတ်ချက်အရ နိုင်ငံ့အချုပ်အခြာအာဏာပိုင်ရာနယ်မြေပေါ်မှ နိုင်ငံခြားတပ်များ ထွက်ခွာပေးရမည်ဖြစ်သည်။ ဤတွင် အီရတ်တပ်ဖွဲ့ဝင်တို့အား လေ့ကျင့်သင်တန်းပို့ချပေးနေသူများ ထွက်ခွာပေးရန် ပါဝင်ခြင်းမရှိသော်လည်း သင်တန်းပို့ချမည့် နိုင်ငံခြားသားအရေအတွက်ကိုမူ အီရတ်အာဏာပိုင်များထံ တင်ပြ၍ ကြိုတင်ခွင့်ပြုချက် ရယူရန်လိုအပ်သည်။

လတ်တလောတွင် အမေရိကန်နှင့် အစ္စရေးပစ်မှတ် ၃၅-ခုတို့သည် မိမိတို့ အလွယ်တကူ ချေမှုန်းနိုင်သော လက်တကမ်းအကွာတွင်ရှိကြောင်း အီရန်က ခြိမ်းခြောက်လိုက်ပြီး အီရန်က စလာခဲ့လျှင် အမေရိကန်၏ လက်နက်တို့မှာ အီရန်ပစ်မှတ် ၅၂-ခုတို့ကို အချိန်တိုအတွင်း လက်ဦးအောင် တိုက်ခိုက်ခြင်းဖြင့် စောစီးစွာအထိနာသွားရလိမ့်မည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြန်လှန်ခြိမ်းခြောက်ခဲ့သည်။ အမေရိကန်စစ်သားများ ဒုက္ခိတဖြစ်အောင် အသေခံဗုံးခွဲခြင်း၊ လမ်းဘေးဗုံးထောင်ခြင်းများကို အီရန်က ပြုလုပ်လာခဲ့လျှင် အဆိုပါနိုင်ငံ၏ သမိုင်းဝင် ယဉ်ကျေးမှု့အမွေအနှစ်များကို တမင်ရည်ရွယ်ဖျက်ဆီးသည့် အကြီးစား စစ်ရာဇဝတ်မှု့ ကျူးလွန်ရာရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်က သတိပေးထားသည်။

ဒီဇင်ဘာ ၂၉-ရက် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှု့တွင် ဆီးရီးယားနှင့် အီရတ် ရှီယိုက်မွတ်စလင်တို့၏ ခါတက်ဗ်ဟဇ်ဘိုလာပြည်သူ့စစ် တပ်ဖွဲ့ဝင် ၂၅-ဦးသေဆုံးရခြင်းမှာ လတ်တလောတင်းမာမှု့၏ အစဟု ဆိုနိုင်သည်။ “ အမေရိကန် ကျဆုံးပါစေ “ ဟု ကြွေးကြော်လျှက် ကန့်ကွက်သူများက ဘဂ္ဂဒက်အမေရိကန် သံရုံးဝင်ပေါက်တွင် မီးပုံရှို့ကာ ဆန္ဒပြခဲ့ကြသည်။ ဟဇ်ဘိုလာပြည်သူ့စစ်များပါဝင်သော ထောင်နှင့်ချီသည့် ကန့်ကွက်ဆန္ဒပြသူများနောက်ကွယ်တွင် အီရန်၏ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်မတော်က ကြိုးကိုင်လျှက် ရှိကြောင်း အမေရိကန်က စွပ်စွဲခဲ့သည်။ ဘဂ္ဂဒက်လေဆိပ်အနီး အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှု့၌ အီရန်ဗိုလ်ချုပ် ကာဆင်စူလမန်နီနှင့် အီရတ်ပြည်သူ့စစ် အကြီးတန်းအရာရှိများအပါအဝင် လူ ပေါင်း ၁-ဒါဇင်ခန့် သေဆုံးခဲ့ရသည်။

(( အမေရိကန်၏ လတ်တလော အဖြစ်အပျက်များသည် လွန်ခဲ့သည့် ၄၅-နှစ်ခန့်က ထိုင်း-ကမ္ဘေ္ဘာဒီးယား-အမေရိကန် ထိပ်တိုက်တွေ့ရသည့် အဖြစ်အပျက်နှင့် အတော်ဆင်တူသည်ဟု ကျွန်တော်ယူဆပါသည်။

ကျွန်တော်များ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အမေရိကန်လေတပ်အခြေစိုက်စခန်း USAF ( ၁၉၆၁ – ၁၉၇၅ ခုနှစ် ) တည်ရှိခဲ့ဖူးသည်။ ထိုင်းနိုင်ငံမှ အမေရိကန်စစ်လေယာဉ်များမှာ များသောာအားဖြင့် ထိုစဉ်က ဗီယက်နမ်စစ်ပွဲ အတွက် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က လောနိုင်ငံတွင်လည်း ပြည်တွင်းစစ် ဖြစ်ပွားလျှက်ရှိပါသည်။ ၁၉၇၅-ခုနှစ်တွင် ထိုင်းအိမ်နီးချင်း ကမ္ဘေ္ဘာဒီးယား၌ ဗီယက်နမ်ကျောထောက်နောက်ခံဖြင့် ခမာနီတို့ အာဏာရရှိလာပြီး “ ကမ်ပူချား ပြည်သူ့ သမ္မတနိုင်ငံ “ ကို ထူထောင်သည်။

၁၉၇၅-ခုနှစ် မေလတွင် အမေရိကန်ကုန်တင်သင်္ဘော အက်စ်အက်စ် မာယာဂွက်ဇ် SS Mayaguez ကို အပြည်ပြည်ဆိုင်ရာရေပြင်ရှိနေခိုက် ခမာနီရေတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်။ ခမာနီတို့က မာယာဂွက်ဇ် သည် ကမ်ပူးချားရေပြင်ပိုင်နက်အတွင်း ကျူးကျော်လာသော သူလျှိုသင်္ဘောဖြစ်သည်ဟု သတင်းထုတ်ပြန်သည်။ မာယာဂွက်ဇ်လွတ်မြောက်ရေး အမေရိကန်နှင့် ခမာနီတို့အကြား ပြင်းထန်စွာ အငြင်းအခုန်ဖြစ်ပွားပြီး သမ္မတဖို့ဒ် က သံတမန်နည်းလမ်းအရ ဆွေးနွေးခြင်းကို ရပ်ဆိုင်းလိုက်သည်။ ထိုင်းပင်လယ်ကွေ့ ကမ္ဘေ္ဘာဒီးယားကမ်းခြေမှ မိုင် ၄၀ ခန့်အကွာ ခိုတန်ကျွန်းတွင် ချုပ်နှောင်ထားသော မာယာဂွက်ဇ်လွတ်မြောက်ရေးအတွက် လေကြောင်းချီ တပ်စု ၂-စု၊ ရဟတ်ယာဉ် ၁၂-စင်း၊ P-3 ထောက်လှမ်းရေးလေယာဉ် ၁-စင်း၊ ဖျက်သင်္ဘော ၂-စင်းတို့ဖြင့် စစ်ရေးအရ ကယ်တင်ဆောင်ရွက်သည်။ ထိုင်းလေတပ်အခြေစိုက်စခန်းမှ အများစုဖြစ်သော အဆိုပါ မာယာဂွက်ဇ် လွတ်မြောက်ရေး စစ်ဆင်ရေးသည် မူလမျှော်လင့်ထားရာတွင် မပါဝင်သည့် ခမာနီတို့၏ ပြင်းထန်စွာ ခုခံမှု့နှင့် ရင်ဆိုင်ရသည်။ ၁-ရက်ခန့် တိုက်ခိုက်ကြရာတွင် အမေရိကန်တို့ ရဟတ်ယာဉ် ၃-စင်း ဆုံးရှုံးပြီးနောက် မာယာဂွက်ဇ် လွတ်မြောက်လာသည်။ ခမာနီတို့က ၎င်းတို့ဖမ်းဆီးထားသော အမေရိကန်စစ်သုံ့ပန်းများကို သတ်ဖြတ်ပစ်လိုက်သည်။

ထိုစဉ်က အမေရိကန်သည် ဗီယက်နမ်စစ်ပွဲတွင် တောင်ဗီယက်နမ်ဖက်မှ အရေးနိမ့်၍ တပ်များ ဆုတ်ခွာနေ ပြီဖြစ်ရာ မာယာဂွက်ဇ်စစ်ဆင်ရေးသည် အမေရိကန်တို့၏ အရှေ့တောင်အာရှ နောက်ဆုံးတိုက်ပွဲအဖြစ် သမိုင်းဝင်သွားသည်။ ထိုအတွက် ခမာနီတို့၏ အမျက်ဒေါသသည် လှည့်စရာရှိလျှင် အနီးဆုံးဖြစ်သော ထိုင်းနိုင်ငံအပေါ် ပုံကျသွားဖွယ်ရှိသည်။ ထိုင်းအစိုးရက ၎င်းနိုင်ငံမြေပေါ်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်း ကို ဖယ်ရှားပေးရန် တောင်းဆိုတော့သည်။

ဤသို့ဖြင့် တပ်ဖွဲ့ဝင် ၂၇,၀၀၀ ၊ စစ်လေယာဉ် ၃၀၀ တပ်စွဲရာ ထိုင်းနိုင်ငံ အမေရိကန်လေတပ်အခြေစိုက်စခန်းသည် ၁၉၇၆-ခုနှစ် ဇွန်လတွင် နိဂုံးချုပ်တော့သည်။

အမေရိကန်အတွက် ကာဆင်စူလမန်နီလုပ်ကြံမှု့သည် သမိုင်းထဲက မာယာဂွက်ဇ်အတိုင်း ဖြစ်လာ-မလာ နောက်ဆက်တွဲဖြစ်စဉ်များအား စောင့်ကြည့်ရပါမည်။ ။ သတင်းဘာသာပြန်သူ ))

((( Russia Today., 6 Jan, 2020, “Trump threatens Iraq with ‘very big sanctions’ unless it pays BILLIONS back for an air base if US troops forced to withdraw.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#အီရတ်အမေရိကန်လေတပ်ဖယ်ရှားရေး #ခါတက်ဗ်ဟဇ်ဘိုလာ #သူလျှိုသင်္ဘောမာယာဂွက်ဇ်နှင့်ခမာနီ

https://www.rt.com/news/477539-iraq-sanctions-base-withdrawl/

https://www.u-s-history.com/pages/h1949.html https://thediplomat.com/2018/06/leave-no-man-behind-the-truth-about-the-mayaguez-incident/

0

Leave a Reply

Your email address will not be published.