အမေရိကန်ပြည်ထောင်စု Covid-19 ရောဂါကြောင့် သေဆုံးသူ ၄-သောင်းကျော်အရေအတွက်၌ သိသာစွာတိုးမြင့်မလာပဲရှိနေသည်။ ယခုရက်သတ္တပတ်အတွင်း နယူးယောက်ပြည်နယ်နေထိုင်သူများကို Antibody “ ရောဂါကာကွယ်ကိုယ်ခံအား” စမ်းသပ်စစ်ဆေးရန် အင်တိုက်အားတိုက်ဆောင်ရွက်မည်ဖြစ်သည်။ နိုင်ငံအဝှမ်း စီးပွားရေးပြန်လည်ထူထောင်ရန် ကြိုးပမ်းလာသည်နှင့်အမျှ အချို့သောပြည်နယ်များ၌ ရောဂါကူးစက်မှု ဟန့်တားရေး လော့ဒေါင်းကန့်သတ်ချက်များကို တနင်္ဂနွေနေ့မှစတင်ကာ ဖြေလျှော့ပေးတော့မည်ဟု USA Today က ယနေ့ ရေးသားသည်။
လွန်ခဲ့သည့် စနေနေ့ အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါဖြင့် ၁,၉၀၀ နီးပါးအသက်ဆုံးရှုံးခဲ့ပြီး ပြည်ထောင်စုတစ်ဝှမ်းလုံး၌ သေဆုံးသူ စုစုပေါင်း ၄၁,၀၀၀ ကျေ်ာရှိခဲ့ကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ Covid-19 ကူးစက်ကပ်ရောဂါဆိုင်ရာ အချက်အလက်များအရ သိရှိရသည်။
အလုပ်လက်မဲ့တိုးပွားလာခြင်းနှင့် စီးပွားရေးကျဆင်းမှု များပြားလာစဉ် ပြည်နယ်များ၌ စီးပွားရေးဖွင့်လှစ်ရန် လမ်းညွှန်ချက်များအား ထရမ့်အစိုးရက ကြေညာခဲ့သည်။ ကူးစက်ရောဂါပျံ့နှံ့မှု ကာကွယ်ရေး လော့ဒေါင်းပိတ်ဆို့ခြင်းများကို နိုင်ငံတစ်ဝန်းကန့်ကွက် ဆန္ဒပြမှုများပေါ်ပေါက်လာသဖြင့် ပြည်နယ်များအနည်းငယ်၌ ကန့်သတ်ချက်များ ဖြေလျော့ပေးခြင်း အစီအစဉ်ကို စတင်ခဲ့သည်။
အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံမှုပေါင်း ၇၄၆,၀၀၀ ကျော် ရှိနေပြီး ကမ္ဘာတစ်ဝှမ်းလုံး ၂.၃ သန်း ကျော်ရှိသည်။ ရောဂါကူးစက်မှုကာကွယ်ရေး Social Distancing လူအချင်းချင်းနီးကပ်မှုလျှော့ချရေးပြဋ္ဌာန်းချက်ကို ကန့်ကွက် ဆန္ဒပြမှုများဖြစ်ပွားပြီး ဒေါ်နယ်ထရမ့်၏ လော့ဒေါင်းပိတ်ဆို့မှု ပယ်ဖျက်ရန် ပြောဆိုခြင်းကို ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကင်ပြည်နယ်အုပ်ချုပ်ရေးမှူးတို့က ဆန့်ကျင်ကြသည်။
လူချင်းနီးကပ်မှုလျော့ချရေး ပြဌာန်းချက်များ ရုတ်သိမ်းပေးရန် ပြည်နယ်အချို့၌ ကန့်ကွက်မှုများနှင့် ခပ်ကြောင်ကြောင်လှုပ်ရှားမှုများဖြစ်ပွားနေစဉ် သမ္မတ၏ ပြောဆိုမှုများမှာ မြှောက်ထိုးပင့်ကော်ပြုရာရောက်ပြီး အကြမ်းဖက်မှုများဆီသို့ ဦးတည်စေကြောင်း၊ လူအများ အသက်သေဆုံးရခြင်းမှ ကာကွယ်ရေးပြဌာန်းချက်များကို လစ်လျု့ရှုရန် လှုံဆော်ခြင်းမှာ အန္တရာယ်များလွန်းကြောင်း ဝေဖန်ပြောဆိုကြသည်။
ဘင်္ဂလားဒက်ရှ်နိုင်ငံအနေနှင့်မူ Covid-19 ရောဂါကူးစက်မှုအတိုင်းအတာကို သိရှိရန်နှင့် လော့ဒေါင်းတားဆီးပိတ်ဆို့ထားခြင်း၏ ထိရောက်မှုအတိုင်းအတာကို သိရှိရေးအတွက် ရောဂါပိုးစစ်ဆေးစမ်းသပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရန် လိုအပ်ကြောင်း ကျန်းမာရေးကျွမ်းကျင်သူများက ပြောကြားသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။
စင်္ကာပူနှင့် ထိုင်ဝမ်တို့ကိုမဆိုလိုပဲ သီရိလင်္ကာ၊ ဘူတန်၊ နီပေါနိုင်ငံနှင့် အချို့သောနိုင်ငံတို့သည် အစုလိုက်အပြုံလိုက်စမ်းသပ်စစ်ဆေးခြင်းဖြင့် Covid-19 ပြန့်ပွားမှု ကန့်သတ်နိုင်သည်ကို တွေ့ရှိရကြောင်း၊ အရေအတွက် များများစစ်ဆေးနိုင်ခြင်းမရှိပါက လော့ဒေါင်းပိတ်ဆို့ခြင်းမှာ SARS-CoV-2 ရောဂါပိုးပျံ့မှုတားဆီးရေးတွင် အကျိုးမရှိကြောင်း ဘင်္ဂလားဒက်ရှ် ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်ပညာရှင်က ပြောဆိုသည်။
ဘင်္ဂလားဒက်ရှ်အစိုးရအနေဖြင့် နေ့စဉ် လူ ၁-သောင်းခန့် စစ်ဆေးသင့်ပြီး၊ စမ်းသပ်စစ်ဆေးမှုပြုလုပ်ခြင်းမရှိပဲ လော့ဒေါင်းချခြင်းမှာ ကျည်ဆန်မပါသော သေနတ်ဖြင့် စစ်တိုက်ခြင်းနှင့်တူနေကြောင်း ရှိတ်မူဂျစ်ဆေးဘက်ဆိုင်ရာတက္ကသိုလ် ဒုတိယအဓိပတိဟောင်းက ရှင်းပြသည်။
ရှိတ်ဟာစီနာအစိုးရအနေဖြင့် Covid-19 ရောဂါပိုးစမ်းသပ်စစ်ဆေးရန် ဋ္ဌာန ၁၇ -ခု ဖွင့်လျှစ်ဆောင်ရွက်လျှက်ရှိပြီး ၎င်းတို့အနက် ၁၁-ခုမှာ ချိတ်ဆက်ဆောင်ရွက်နေခြင်းဖြစ်သည်။ ကျန်းမာရေးဝန်ဆောင်မှုညွှန်ကြားမှု ဦးစီးဌာန DGHS ၏ သတင်းရင်းမြစ်များအရ နိုင်ငံတစ်ဝှမ်းလုံးတွင် စမ်းသပ်ရေးဋ္ဌာနပေါင်း ၁၀၀ ကျော် တည်ဆောက်ရန် ဆုံးဖြတ်ထားပြီး ဒေသပေါင်း ၅၁-ခုတွင် မကြာမီ စတင်စစ်ဆေးရန် အသင့်ရှိနေကြောင်း သိရှိရသည်။
တနင်္ဂနွေနေ့အထိ ဘင်္ဂလားဒက်ရ်ှတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၂,၄၅၆ မု ုဖြစ်ပွားခဲ့ပြီး၊ ၂၄-နာရီအတွင်း သေဆုံးသူ ၇-ဦးကို ဖော်ပြပြီးနောက် စုစုပေါင်း သေဆုံးသူ ၉၁ ဦး အထိ မြင့်တက်ခဲ့သည်။
လတ်တလော ဖြစ်ပေါ်လာသည့် အခြေအနေအရ နိုင်ငံတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် သိသိသာသာများပြားလာကြောင်းနှင့် ရောဂါကူးစက်ခံရနိုင်ခြေ တိုးပွားလာကြောင်း ဘင်္ဂလားဒက်ရှ်အစိုးရက ကြေညာခဲ့ရသည်။
Covid-19 ပြန့်ပွားမှုကို တားဆီးရန်အတွက် ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူများနှင့် နီးကပ်စွာအဆက်အသွယ်ရှိသူများအား ရှာဖွေဖော်ထုတ်မှုတိုးမြှင့်ရန်နှင့် ရောဂါပိုးရှိ-မရှိ စစ်ဆေးရန်၊ ၎င်းတို့အား Quarantine ရောဂါခြေချုပ်ချထားရာတွင် အဓိပ္ပါယ်နှင့် ထိရောက်မှုရှိစေရန် ဘင်္ဂလားဒက်ရှ်ကျွမ်းကျင်ပညာရှင်များက အစိုးရအား တိုက်တွန်းခဲ့သည်။
hopkinsmedicine.org ၏အဆိုအရမူ Covid-19 ဗိုင်းရပ်စ် ထိတွေရသူများနှင့် ကူးစက်ခံရနိုင်ခြေရှိသူများသည် မိမိကိုယ်မိမိ ကွာရန်တင်း ကျင့်သုံးရန် အကြပြုထားသည်။
သို့သော် လူနေသိပ်သည်းမှုများပြားလွန်းသော ဘင်္ဂလားဒက်ရှ်နိုင်ငံ၏ အာဏာပိုင်များအနေဖြင့် လူအများအပြားအားသေစေနိုင်သည့် ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းမှ တားဆီးရေးအတွက် လိုအပ်သော လူအရေအတွက်ကို သီးခြား ကွာရန်တင်းထားရှိရန် အခက်တွေ့လျှက် အသင့်မရှိသေးကြောင်း သိရှိရသည်။
((( USA Today., April 19 2020, “Coronavirus live updates: US death toll hits 40,000; New York set for aggressive antibody testing; more cash soon for small businesses.” ကို HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ အကြောင်းအရာတူဆက်စပ်သတင်း များမှာ ပေးထားပါ Links များအတိုင်းဖြစ်သည်။ )))
#ကိုရိုနာဗိုင်းရပ်စ်လော့ဒေါင်းအမေရိကန်ဘင်္ဂလားဒက်ရှ်
https://www.worldometers.info/coronavirus/