အမေရိကန်၏ အကူအညီကို မက္ကဆီကိုသမ္မတကြိုဆို။ မူးယစ်ရာဇာစီးပွားဖက်ဂိုဏ်းများအား အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်မည်ဟု ဒေါ်နယ်ထရမ့်က ဆိုခြင်းနှင့် အမေရိကန်က ဝင်ရောက်ကျူး ကျော်မည်ကို ငြင်းပယ်။

မက္ကဆီကိုနိုင်ငံ မူးယစ်ရာဇာတို့၏ စီးပွားဖက်ဂိုဏ်းများအား အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်ရန် ကတိပြု ကြောင်း ဒေါ်နယ်ထရမ့်က ပြောဆိုပြီးနောက် ပူးပေါင်းဆောင်ရွက်ရန် ကူညီလျှင် လက်ခံမည်ဖြစ်သော်လည်း အမေရိကန်က ဝင်ရောက်ကျူးကျော်မည်ကို ငြင်းပယ်ကြောင်း မက္ကဆီကိုသမ္မတ မန်နူရယ်အိုဘရာဒိုက ပြောဆိုသည်ဟု Russia Today က ယနေ့ ရေးသားသည်။

ကွန်ဆာဗေးတစ်ဂျာနယ်လစ်ဖြစ်သော ဘီလ်အိုရိုင်းလီနှင့် အင်္ဂါနေ့ တွေ့ဆုံရာတွင် ဒေါ်နယ်ထရမ့်က မက္ကဆီကိုနိုင်ငံ မူးယစ်ရာဇာတို့၏ စီးပွားဖက်ဂိုဏ်းများအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း ရက်ပေါင်း ၉၀ အတွင်း ကြေညာမည်ဖြစ်ပြီး ဒရုန်းများအသုံးပြု၍ စတင်ထိုးနှက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယခုလစောစောပိုင်း မက္ကဆီကိုနိုင်ငံတွင် ကလေး ၂-ဦးအပါအဝင် မက္ကဆီကိုနှင့် အမေရိကန် နှစ်နိုင်ငံသားပူးတွဲခံယူထားသူ ၉-ဦးကို မူးယစ်ရာဇာတို့၏ စီးပွားဖက်ဂိုဏ်းသားများက ရက်စက်စွာသတ်ဖြတ်ခဲ့ကြသည်။ ထိုစဉ်ကတည်းက မက္ကဆီကို မူးယစ်ဆက်နွယ်ဂိုဏ်းများအား ကမ္ဘာမြေပေါ်မှ အပြီးတိုင်ဖယ်ရှားသင့်ပြီဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ဖူးသည်။

ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်မှာ အယ်လ်ကိုင်ဒါနှင့် အိုင်အက်စ် ( IS ) ခေါင်းဆောင်များကို အမေရိကန်က စစ်ဆင်ရေးခင်းကျင်း၍ သတ်ဖြတ်သည့် ပုံစံမျိုး ဟုတ်-မဟုတ် ရှင်းရှင်းလင်းလင်းမရှိကြောင်း မက္ကဆီကိုအစိုးရက မှတ်ချက်ပြုသည်။ မူးယစ်ရာဇာတို့၏ စီးပွားဖက်ဂိုဏ်းများကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး အဆိုပါအုပ်စုဝင်များအား လူထုက ဆက်သွယ်ခြင်း၊ ထောက်ပံ့ခြင်းမပြုနိုင်အောင် ဖြတ်တောက်ခြင်း၊ အုပ်စုများ၏ ငွေကြေးစီးဝင်ရာလမ်းကြောင်းများအား အမြန်ဆုံးပိတ်ဆို့ခြင်းလည်း ဖြစ်နိုင်သည်။

မက္ကဆီကိုအနေဖြင့် အမေရိကန်၏ အကူအညီနှင့် ငွေကြေးထောက်ပံ့မှု့ရယူ၍ ၂၀၀၆-ခုနှစ်တည်းက စတင်ကာ မူးယစ်ဆေးဆန့်ကျင်စစ်ခင်းခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီးဖြစ်သည်။ သို့သော် မက္ကဆီကိုမြေပေါ်တွင် အမေရိကန်အထူးတပ်များလာရောက်စစ်ဆင်ရေးဆင်နွှဲမည်ကို သဘောတူရန် ဆန္ဒမရှိချေ။ မန်နူရယ်အိုဘရာဒို အနေဖြင့်လည်း မူးယစ်ရာဇာတို့၏ စီးပွားဖက်ဂိုဏ်းများအပေါ် အကြမ်းမဖက်သော “ ငြိမ်းချမ်းရေးနည်းဗျူဟာ “ ကျင့်သုံး၍ မက္ကဆီတွင် အမြစ်တွယ်လျှက်ရှိသောမူးယစ်ဆေးပြဿနာ ချုပ်ငြိမ်းရေး ကတိကဝတ်ဖြင့် ၂၀၁၈-ခုနှစ်တွင် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရခြင်းဖြစ်သည်။ သို့သော် လက်တွေ့တွင် အောင်မြင်မှု့အနည်းငယ်သာ ရရှိသေးသည်။

မက္ကဆီကိုမူးယစ်ရာဇာတို့၏ စီးပွားဖက်ဂိုဏ်းများအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း အမေရိကန်က ပြောဆိုပြီးနောက် မက္ကဆီကိုနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှု့ကို လေးစားရန်မန်နူရယ်အိုဘရာဒို အစိုးရက တောင်းဆိုလိုက်သည်။

မူးယစ်စီးပွားဖက်ဂိုဏ်းများအား သတ်မှတ်မည့် ဒေါ်နယ်ထရမ့်၏ သုံးသပ်ချက် အနေအထား၊ နှစ်နိုင်ငံနယ်ခြားအား ဖြတ်ကျော်၍ တရားမဝင် ရွှေပြောင်းသူများ အလုံးအရင်းဖြင့် ဝင်ရောက်နေမှု့လျှော့ချရေး၊ မူးယစ်ဆေးကူးသန်း ရောင်းဝယ်သူများထံ လက်နက်နှင့် ငွေကြေးစီးဝင်နေမှု ထိန်းချုပ်ရေးတို့အတွက် အမေရိကန်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် မက္ကဆီကိုက တောင်းဆိုထားသည်။

(( မက္ကဆီကိုတွင် မူးယစ်ဆေးကုန်ကူးသူများက လာဘ်ထိုးခြင်းဖြင့် အစိုးရပမာ တွင်ကျယ်လျှက်ရှိပြီး၊ မူးယစ်ဆေးနှိမ်နင်းသူ ရဲနှင့် စစ်တပ်မှာ ဘာမှ လုပ်မရပဲ ဘေးကြပ်နံကြပ် အခက်တွေ့လျှက်ရှိသည်။

ပြင်းထန်စွာ စစ်မီးတောက်လောင်နေသော ဆီးရီယားနှင့် အာဖဂန်နစ္စတန်တို့၏ လူသေဆုံးအရေအတွက်ထက် မက္ကဆီကို၏ မူးယစ်ဆက်နွယ်မှု့ခင်းများ၌ အသက်ဆုံးရှုံးရသူ လူဦးရေက ပိုများနေသည်။ နိုင်ငံတစ်နိုင်ငံတွင် မူးယစ်ဆေးပြဿနာကို စောစီးစွာ မနှိပ်ကွတ်နိုင်လျှင် ကြာလေ အခက်တွေ့လေဖြစ်ရတတ်ပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Russia Today., 27 Nov, 2019.” Help – YES, intervention – NO! Lopez Obrador reacts to Trump’s plan to designate Mexican drug cartels ‘terrorist organizations’” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသပြန်ဆိုသည်။ )))

https://www.rt.com/news/474487-mexico-cartels-trump-lopez-obrador/

#မက္ကဆီကိုမူးယစ်ရာဇာစီးပွားဖက် # မက္ကဆီကိုသမ္မတ #အကြမ်းဖက်အဖွဲ့အစည်း

0

Leave a Reply

Your email address will not be published.