အမေရိကန်နိုင်ငံ ရဲတပ်ဖွဲ့အလုံးစုံပြုပြင်ပြောင်းလဲရေးနှင့် ဥရောပ လူမျိုးရေးခွဲခြားမှု ပပျောက်ရေး အလုပ်ဖြစ်နိုင်ပါမလား

လွန်ခဲ့သည့် မေလ ၂၆-ရက် အမေရိကန်နိုင်ငံ မင်နီဆိုတာပြည်နယ် မင်နီယာပိုလိစ်တွင် လူဖြူရဲတပ်ဖွဲ့ဝင်၏ တာဝန်ထမ်းဆောင်ရာတွင် မဆင်မခြင် အကြမ်းပတမ်းပြုမုမှုကြောင့် လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက်သေဆုံး ခဲ့ရကြောင်း အများသိပြီးဖြစ်ပါသည်။

ဂျော့ချ်ဖလွိုက်အတွက် ကန့်ကွက်ပွဲများသည် အချိန်တိုအတွင်း အမေရိကန်နိုင်ငံတစ်ဝှမ်းမြို့ကြီးများသို့ ကူးစက် သွားယုံမက အင်္ဂလန်နှင့် ဥရောပမြို့ကြီးများသို့တိုင် ပြန့်နှံ့သွားသည်။ အေးချမ်းစွာ ဆန္ဒဖော်ထုတ်ရာမှ ဆူပူ လက်သရမ်းခြင်း၊ စတိုးနှင့် ဈေးဆိုင်များအား ဝင်ရောက်လုယက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းအချို့ရှိခဲ့၍ မငြိမ်မသက် မှုများဖြစ်ပေါ်လာသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာကွယ်တားဆီးရေး Social Distancing ပြဋ္ဌာန်းထားသည့်ကြားမှ ဂျော့ချ်ဖလွိုက် အတွက် ကန့်ကွက်ပွဲ၊ Black Lives Matter တို့သည် ရက်ပိုင်းအကြာတွင် အမေရိကန်နိုင်ငံ ရဲတပ်ဖွဲ့ အလုံး စုံပြုပြင်ပြောင်းလဲရေး၊ အမေရိကန်နှင့် ဥရောပ လူမျိုးရေးခွဲခြားမှုပပျောက်ရေးအထိ ကျယ်ပြန့်သွားသည်။

တောင်းဆိုချက်များ အလုပ်ဖြစ်ပါ့မလား၊ ကျန် ကမ္ဘာ့နိုင်ငံများသို့ ရိုက်ခတ်နိုင်ပါသလား

♦ ရှေးဦးစွာ ယခုကန့်ကွက်ဆန္ဒပြပွဲများဖြစ်ပွားနေသော နိုင်ငံများမှာ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယန်၊ ဂျာမနီ၊ စပိန်၊ အီတလီ စသည့်နိုင်ငံများဖြစ်ပြီး ခေတ်သစ်လူ့သမိုင်းတွင်း လူကိုလူချင်း ကိုလိုနီ ပြုရာ၌ လက်သံပြောင်ခဲ့ဖူးသော နိုင်ငံများသာဖြစ်သည်။ အမေရိကန်သည် အာဖရိကတိုက်သား အများအပြား အား မတရား အနိုင့်ကျင့်ဖမ်းဆီးကာ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများတွင် တိရစ္ဆာန်သဖွယ် ခိုင်းစေခဲ့ကြသည်။ အထက်ဖော်ပြပါနိုင်ငံများသည်လည်း ကျွန်ဈေးကွက်နှင့် ကုန်ကူးရာတွင် ပုလင်းတူ ဗူးဆို့ များဖြစ်ခဲ့ပါသည်။ ဥပဒေများ ပြဋ္ဌာန်း၍ တရားဝင် ဗြောင်ကျကျ လုပ်ခဲ့ကြခြင်းဖြစ်သည်။

♦ ကန့်ကွက်ဆန္ဒပြသူအများစုမှာ လူမည်းများ၊ Colour ခေါ် အသားအရောင်ရှိသူ တနည်းအားဖြင့် လူဖြူမဟုတ် သောသူများနှင့် လူဖြူများဖြစ်သည်။ လူဖြူဟုဆိုရာတွင် အတိုက်အခံပါတီဝင်များနှင့် လိုလားသူများ၊ ကမ္ဘာစစ်ကြီးအပြီး ၁၉၄၆-ခုနှစ် နောက်ပိုင်းဖွားမြင်သူ Baby Boomer မျိုးဆက်မှ ဆင်းသက်သည့် Generation X ( အကြမ်းအားဖြင့် လက်ရှိအသက် ၃၈ မှ ၅၄ နှစ်အကြားရှိသူများ၊) Millennials သို့မဟုတ် Generation Y ( လက်ရှိအသက် ၂၂ မှ ၃၇ အကြားရှိသူ ) တို့  အများဆုံးဖြစ်ကြောင်း သတင်းဝေဖန်ချက် ဆောင်းပါးများတွင် တွေ့ရှိရသည်။

♦ ၎င်းလူဖြူများအတွက်ဆိုလျှင် တစ်ချိန်က ၎င်းတို့ ဘိုးဘေးများက ကျွန်အဖြစ် ခေါ်သွင်းခဲ့သူများနှင့် လက်ရည် တစ်ပြင်တည်း တောင်းဆိုနေကြခြင်းဖြစ်၍ ကမ္ဘာအရပ်ရပ်ရှိ လူဖြူအားလုံး တစ်စိတ်တည်း တစ်ဝမ်းတည်း ဖြစ်သည်ဟု ကျွန်တော် လုံးဝမယုံပါ။ ဂျော့ချဖလွိုက်အရေးမှာ အာရှနှင့်ကျန်ကမ္ဘာ့နိုင်ငံများသို့ ပြန့်နှံ့ဖွယ်မရှိပါ။

♦ အမေရိကန်တွင် လူမည်း အိုဘားမားတစ်ယောက် သမ္မတဖြစ်လာသည်မျှလောက်ကြည့်ပြီး မျက်စိ မလည်ကြ ပါနှင့် ဘားရက်အိုဘားသည် ကျွန်မျိုးရိုးမှ ဆင်းသက်သူ မဟုတ်ချေ။ ကျွန်မျိုးရိုးမှ ဆင်းသက်သူ လူမည်းတစ်ဦး အမေရိကန်တွင် ဘယ်သောအခါမှ သမ္မတဖြစ်လာလိမ့်မည်ဟု ကျွန်တော် မထင်ပါ။

♦ အမေရိကန်နိုင်ငံ၏ ထူးခြားချက်မှာ သေနတ်လက်နက် အလွန်ပေါခြင်းဖြစ်သည်။ ထို့ကြောင့် ဥပဒေချိုးဖောက် သူများအား ဖမ်းဆီးရသည့် ရဲတပ်ဖွဲ့တို့သည် ကျား-မ၊ ကြီး-ငယ် သိပ်ခွဲခြားနေလျှင် ကိုယ်တိုင်အရင် နားကား မည့် သဘောရှိသည်။ ရဲတပ်ဖွဲ့ဝင်များ၏ ဦးထုပ်တွင် Web Cam ကင်မရာတပ်ဆင်၍ ဖြစ်စဉ်မှတ်တမ်း တင်ခြင်း အပါအဝင် အမေရိကန် ရဲတို့မှာ အတော်ခေတ်မီသည်။ သို့သော် ပြုပြင်ပြောင်းလဲမှုပြုလုပ်မည်ဆိုလျှင် လုပ်နိုင် သော ငွေကြေး၊ နည်းပညာ ပိုင်ဆိုင်ပါသည်။

♦ လူဖြူအတော်များများ၏ သားစဉ်မြေးဆက်တို့သည် #Supremacism ခေါ် #မိမိလူမျိုးသာပဓါနအယူအဆ ၌ အရိုးစွဲလျှက်ရှိကြောင်း ကျွန်တော်စွပ်စွဲသည်။ ၎င်းနှင့် မတိမ်းမယိမ်းမှာ #Nativism #ဇာတိရပ်ရွာဒေသစွဲဝါဒ ြ ဖစ်ပြီးလျှင် #Hierarchical #သဘာဝါရင့်မှုအမြင် ၊  #otherness #သီးခြားအဖြစ် ရှု့မြင်ခြင်း၊  #segregation #ခွဲခြားဆက်ဆံခြင်းတို့ဖြစ်ပြီး ယခုလောလောဆယ် ပူပူနွေးနွေး ကိုရိုနာကပ်ရောဂါက နိုင်ငံတကာပျံ့နှံ့ချိန်တွင် ခေတ်စားလာ သော #Xenophobia #နိုင်ငံခြားသားမုန်းတီးခြင်းပင် ဖြစ်တော့သည်။

♦ ဆယ်စုနှစ် မရှိတရှိတွင် အမေရိကန်နှင့် ဥရောပနိုင်ငံခေါင်းဆောင်များ ဖျင်ယားလွန်၍ အရှေ့အလယ်ပိုင်း ဒေသတွင် “ အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီ ထွန်းကားရေး “ အကောင်အထည်ဖော်လိုက်ရာ လစ်ဗျား ကဲ့သို့သော နိုင်ငံမှာ ပြိုကွဲသွားပြီး ဆီးရီးယား၊ အီရတ်တို့၌ သွေးချောင်းစီး စစ်ခင်းလျှက်ရှိသည်။ ၎င်းတို့တွင် အာဖဂန်နစ္စတန်နှင့် ဆူဒန်၊ ဆိုမာလီတို့ကိုပါ ထည့်သွင်းရလောက်သည်။

အကျိုးဆက်အဖြစ် ထိုဒေသများမှ ဒုက္ခသည်စစ်ဘေးရှောင်နှင့် ရွှေ့ပြောင်းအခြေချသူများ သန်းနှင့်ချီကာ ဥရောပသို့ လှိမ့်ဝင်လာခြင်းဖြစ်သည်။ ၂၀၁၅-ခုနှစ်တစ်နှစ်တည်း၌ပင် ဥရောပသို့ ရောက်ရှိသွားသူ အာဖရိကနှင့် အရှေ့အလယ်ပိုင်းသား ၁-သန်းကျော်သည်။

ဤတွင် ကွဲပြားခြားနားသော လူမျိုး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ပွတ်တိုက်မှုဖြစ်ကာ လိင်ပိုင်းဆိုင်ရာ စော်ကားသည်ဆိုခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ ထူပြောလာသည်။

ပြည်တွင်းနိုင်ငံသားများ အထွေထွေမကြေနပ်ချက်များကြောင့် ဥရောပနိုင်ငံအသီးသီးတို့မှာ လူဝင်မှုကြီးကြပ် ရေးဥပဒေများပြင်ဆင်ခြင်း၊ နယ်စပ်ဝင်ပေါက်များ ခိုင်မာအောင်လုပ်ခြင်း၊ အရေးပေါ်အခြေအနေပြဋ္ဌာန်းများ လုပ်ခဲ့ရသည်။ ဥရောပဝင်ပေါက်ဖြစ်သော ဂရိကို ကျားကန်ရင်း “ ဒုက္ခသည်တွေကို ဂိတ်တံခါးဖွင့် လွှတ်လိုက်ရမလား “ ခြိမ်းခြောက်နေသော တူရကီကို ယူရိုငွေ ဘီလျှံချီကာ ပေးထားရသည်။

ထိုမှ ၅ နှစ် မပြည့်သေးသော ယခုအချိန်တွင် ဥရောပ လူမျိုးရေးခွဲခြားမှု ပပျောက်ရေးဆိုသည်မှာ တကယ့်ကို တွေးရခက်ကြီး ဖြစ်နေသည်။

♦ အတိုချုပ်ပြောရလျှင် မိမိတို့ အလိုရှိရာ တောင်းဆိုပိုင်ခွင့်ရှိသူတို့မှာ မဲဆန္ဒရှင် ပြည်သူလူထုတို့ဖြစ်သည်။ သို့သော် နိုင်ငံတစ်နိုင်ငံ၏ ပေါ်လစီရေးရာချမှတ်သူတို့မှာကား လက်တစ်ဆုပ်စာ နိုင်ငံရေးသမားများဖြစ်သည်။

(( ဖော်ပြထားသော ဓါတ်ပုံတွင် တစ်ပုံ၌ အထိမ်းအမှတ် ရုပ်ထု ၄-ခုပါ ဓါတ်ပုံတွင် ကျွန်တော်များ မြန်မာနိုင်ငံနှင့် အတိအလင်း ပတ်သက်ခဲ့သူတစ်ဦး ပါဝင်နေသည်။ ဘယ်သူမှန်အောင် ပြောနိုင်မလဲဗျာ ။   )))

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

#အမေရိကန်ရဲတပ်ဖွဲ့အလုံးစုံပြုပြင်ပြောင်းလဲရေးနှင့်ဥရောပလူမျိုးရေးခွဲခြားမှုပပျောက်ရေး

https://apnews.com/2df9d32e313c79f0989774b16e1959b6?fbclid=IwAR0zaTQXAyzYWNAw_M0fx9bTZhDsOpcXgBUA05d4ZDMSDLDd-ZYkf6OXjhA

https://www.dhakatribune.com/opinion/op-ed/2020/06/04/what-is-going-on-behind-the-george-floyd-protest

https://edition.cnn.com/us/live-news/george-floyd-protests-06-03-20/index.html

https://www.telegraph.co.uk/news/2020/06/03/george-floyd-death-black-lives-matter-us-protests-trump-news/?WT.mc_id=tmg_youtube_offsite_televideo-youtubevideo_3JuneParis&utm_source=tmgoff&utm_medium=tmg_youtube&utm_content=offsite_televideo&utm_campaign=tmg_youtube_offsite_televideo-youtubevideo_3JuneParis

0

Leave a Reply

Your email address will not be published.