အမေရိကန်နှင့်အစ္စရေးတို့က ရေငုပ်သင်္ဘောများ ဖြန့်ချထားကြောင်း သတင်းများ ထွက်ပေါ်အပြီးတွင် ပင်လယ်ကွေ့အတွင်းရှိ “အနီရောင်လိုင်း “ ကို ဖြတ်ကျော်လာခြင်း မပြုရန် အီရန် သတိပေး၊ အီရန်က အီရတ်နိုင်ငံအတွင်း တာတိုပစ်ဒုံးကျည်များနှင့် တိုက်ခိုက်ရေး ဒရုန်းလေယာဉ်များ ဖြန့်ချ


ဒေါ်နယ်ထရမ့်အစိုးရ၏ သမ္မတရာထူးလက်ကျန် နောက်ဆုံးရက်များအတွင်း မည်သည့်စွန့်စားမှုမျိုးမဆို ရှောင်ရှားကြရန်နှင့် မိမိတို့အနေဖြင့် မိမိကိုယ်မိမိ ခုခံကာကွယ်ရလိမ့်မည်ဖြစ်ကြောင်း အီရန်က အမေရိကန်နှင့် အစ္စရေးအား သတိပေးလိုက်ခြင်းဖြင့် ဒေသတွင်း တင်းမာမှု ပိုမိုများပြားလာပြန်ကြောင်း Russia Today က ယမန်နေ့ရေးသားသည်။

..   
ပင်လယ်ကွေ့ဒေသ၌ နျူကလီယာရေငုပ်သင်္ဘာတစ်စီးကို ဖြန့်ချထားကြောင်း အမေရိကန်ရေတပ်မတော်က ပြောဆိုခဲ့ပြီး အစ္စရေးရေငုပ်သင်္ဘောများကလည်း စူးအက်တူးမြောင်းကို ဖြတ်သန်း၍ ပင်လယ်ကွေ့ဒေသသို့ ဦးတည်ခုတ်မောင်းသွားကြောင်း အစ္စရေးမီဒီယာများက သတင်းဖော်ပြခဲ့ကြသည်။ 

..
အစ္စရေး၏ တပ်ဖြန့်ချထားမှုသတင်းနှင့်ပတ်သက်၍ တရားဝင်အတည်ပြုခြင်း မရှိသေးသော်လည်း အီရန်ကမူ ဒေသတွင်းစစ်ရေးကိစ္စရပ်များ၌ ပါဝင်ပတ်သက်သူအားလုံးတို့အတွက် ၎င်းနိုင်ငံ၏ လုံခြုံရေးကို ထိပါးခြင်းမပြု ရန် ကန့်သတ်ချက်များ ချမှတ်ထားကြောင်း သတိပေးခဲ့သည်။

..  
ပါးရှန်းပင်လယ်ကွေ့ဆိုသည်မှာ အီရန်အတွက် ဘာကိုဆိုလိုကြောင်းနှင့် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် လုံခြုံရေးအတွက် အီရန်က မည်သည့်မူဝါဒကို လက်ကိုင်ထား ကျင့်သုံးနေသည်ကို လူတိုင်း သိရှိကြောင်း၊ အီရန်သတ်မှတ်ထားသည့် “ အနီရောင်လိုင်းများ “ အား ဖြတ်ကျော်ခြင်း၏ အန္တရာယ်များကို ၎င်းတို့အနေဖြင့် သတိပြုမိကြပါသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ #ဆေအိဒ်ခါတီဘက်ဇက်ဒါ က သတင်းထောက်များအား ရှင်းပြသည်။ 

..  
အစ္စရေးသည် လွန်ခဲ့သောလက #အီရန်ထိပ်တန်းနျူကလီးယားသိပ္ပံပညာရှင် #မိုဆန်ဖာကရီဇာဒီ အား လုပ်ကြံခြင်း အပါအဝင် အီရန်ဆန့်ကျင်ရေးအစီအစဉ်အမြာက်အများတို့ကို လုပ်ဆောင်ခဲ့ကြောင်း တီဟီရန်က စွပ်စွဲသည်။ 

..
တီဟီရန်အစိုးရသည် လက်ရှိအမေရိကန်အစိုးရအနေဖြင့် ၎င်း၏ အာဏာရရှိမှု နောက်ဆုံးလက်ကျန်ရက်များအတွင်း စွန့်စားမှုသစ် မပြုလုပ်ရန် ဒေသတွင်း အီရန်၏မိတ်ဆွေနိုင်ငံများနှင့် အမေရိကန်အစိုးရထံသို့ သတင်းစကားများ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ အီရန်သည် ဒေသတွင်း တင်းမာမှု တိုးမြင့်လာစေရန် မကြိုးစားခဲ့ကြောင်း၊ ရွေးကောက်တင်မြှောက်ခံရသည့်သမ္မတဘိုင်ဒန်က ရာထူးလက်ခံရရှိချိန်ထိတိုင်အောင် ဝါရှင်တန်ရှိဆင်ခြင်တုံ တရားရှိသူများကပါ မိမိတို့နည်းတူ ကြိုးစားပါရန် တောင်းဆိုကြောင်း၊

..
ထိုစဉ်အတောအတွင်း လွန်ခဲ့သည့်ရက်သတ္တပတ်၌ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးအနီးတွင် ဒုံးကျည်ဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အီရန်နိုင်ငံပါဝင်ပတ်သက်သည်ဟု ဝါရှင်တန်အစိုးရက စွပ်စွဲလျှက်ရှိကြောင်း၊ အဆိုပါတိုက်ခိုက်မှုအပြီး သမ္မတဒေါ်နယ်ထရမ့်နှင့် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုတို့၏ အီရန်ဆန့်ကျင်ရေး စွပ်စွဲချက်များကို တီဟီရန်အစိုးရက အပြစ်တင် ပယ်ချလိုက်ကြောင်း၊ ပြောရေးဆိုခွင့်ရှိသူ ဆေအိဒ်ခါတီဘက်ဇက်ဒါက ဆက်လက်ချေပသည်။ 

..
ပြောရေးဆိုခွင့်ရှိသူက ထိုသို့တုန့်ပြန်ငြားလည်း အမေရိကန်အစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများအား အီရန်အပေါ်ဆန့်ကျင့်သည့် လုံခြုံမှုမရှိသောအခြေအနေများအဖြစ်သို့ ပြောင်းလဲစေလျှက်ရှိကြောင်း စွပ်စွဲသည်။ 

..
ယခုကဲ့သို့ ပြောဆိုခြင်းနှင့် စွပ်စွဲချက်များမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် အီရန်အထူးတိုက်ခိုက်ရေးတပ်မှုး #ကာဆင်စူလမန်နီအား အမေရိကန်က မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်သတ်ဖြတ်ခြင်း ပထမနှစ်ပတ်လည် မတိုင်မီ ရက်သတ္တပတ်မျှ အလို၌ဖြစ်သည်။

..  
လွန်ခဲ့သည့် ဒီဇင်ဘာ ၂၀ ရက် တနင်္ဂနွေနေ့တွင် အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော် “ #အစိမ်းရောင်ဇုံ “ တွင်တည်ရှိသော အမေရိကန်သံရုံးမှာ ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်းခံရသည်။ သံတမန်ရေးဆိုင်ရာမစ်ရှင်အား ဒုံးကျည်ပေါင်း ၂၁-စင်းအထိ အကြီးအကျယ်တိုက်ခိုက်မှုမှာ အကြမ်းဖက်အပြုအမူဖြစ်၍ နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း အီရတ်သမ္မတက ရှုတ်ချခဲ့သည်ဟု Wall Street Journal ( Dec. 23,2020 ) က ဖော်ပြသည်။ 

..
ပင်တာဂွန်စစ်ဌာနချုပ်ကမူ အဆိုပါဒုံးကျည်များမှာ အီရန်မှ တိုက်ရိုက်ပစ်ခတ်ခြင်း ဟုတ်-မဟုတ် သေချာစွာ မသိရှိရသေးသော်လည်း သံရုံးအား ထိမှန်ခြင်း မရှိကြောင်း၊ သံံရုံးအား ကာကွယ်ရန် #C-RAM ရေဒါပဲ့ထိန်းဒုံးကျည်စံနစ်များ ဖြန့်ချသည့်အတွက် ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်ပုံရကြောင်း ပြောဆိုသည်။ 

..
Sputnik ( Dec.27,2020 ) ၏သတင်းတစ်ပုဒ်တွင်မူ ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးအနီး ဒုံးကျည်များဖြင့် တိုက်ခိုက်ခြင်းဖြစ်ပွားပြီးနောက် #အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်မတော် ( IEGC ) က အီရတ်နိုင်ငံအတွင်း တာတိုပစ်ဒုံးကျည်များနှင့် တိုက်ခိုက်ရေးဒရုန်းလေယာဉ်များ ဖြန့်ချခဲ့ကြောင်း၊ ဒုံးကျည်များနှင့် ဒရုန်းတို့ကို ကိုင်တွယ်ကြီးကြပ်ရန် IRGC စစ်ဘက်ယူနစ် ၂-ခုကို နယ်ခြားအား ဖြတ်ကျော်စေလွှတ်ခဲ့သည်ဟု အီရန်နိုင်ငံကလည်း သတင်းထုတ်ပြန်ကြောင်း၊ ဒုံးကျည်များမှာ အီရန်ပြည်တွင်းထုတ် “ #Arash “ အ မျိုးအစား ပဲ့ထိန်းဒုံးကျည်စံနစ်များဖြစ်ပြီး အီရန်လိုလားသော အီရတ်လက်နက်ကိုင်တပ်စခန်းများသို့ ပေးပို့ခြင်းဖြစ် ကြောင်း၊ ကူဝိတ်သတင်းစာ “ Al-Qabas “ က ရေးသားသည်ဟု ဖော်ပြထားသည်။

..
(( အရှေ့အလယ်ပိုင်းသားအများစုသည် အနောက်နိုင်ငံသားများအပေါ် ခါးခါးသီး မုန်းတီးကြသည်။ အထူးသဖြင့် လူကြီးပိုင်းတွင် အဆိုပါမုန်းတီးမှုကို ထင်ရှားစွာတွေရှိရသည်။ လွန်ခဲ့သည့် ၁၀-စုနှစ်များအတွင်း အရှေ့အလယ်ပိုင်းနိုင်ငံအချို့၌ အာဏာလွှဲပြောင်းဆက်ခံသူတို့မှာ အနောက်နိုင်ငံများတွင် ပညာသင်ယူခဲ့ဖူးသူများဖြစ်၍ အဆိုပါသဘောထားများ ပြောင်းလဲသွားမည်ဟု မျှော်လင့်ကြသော်လည်း အောက်ခြေလူထုအများစုတွင် သိသာစွာထူးခြားခြင်း မရှိချေ။

..  
ထိုသို့ မုန်းတီးကြခြင်းမှာ ဘာသာရေးကြောင့် မဟုတ်ပဲ အတိတ်သမိုင်းတွင် လူဖြူတို့က ၎င်းတို့အပေါ် အနိုင်ကျင့်ခဲ့ပုံ တရားလွန်လွန်း၍ဖြစ်ကြောင်း၊ အာရပ်တို့၏ ရိုးရာဓလေ့အရ ထိုသို့အနိုင်ကျင့်သူတို့အား မျိုးနွယ်အပေါ် စော်ကားသူအဖြစ် သတ်မှတ်လေ့ရှိကြောင်း လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ လေ့လာသူတို့က ပြောဆိုသည်။ 

..
အီရတ်နိုင်ငံသည် အာဏာရှင် ဆဒမ်ဟူစိန်လက်ထက် #လူအများအစုအပုံလိုက်သေဆုံးစေသောလက်နက် တို့ ထုတ်လုပ်ပိုင်ဆိုင်သည်ဟူသော စွပ်စွဲချက်ဖြင့် အမေရိကန်နှင့် ညွန့်ပေါင်းတပ်များ၏ ကျူးကျော်သိမ်းပိုက်ခြင်းခံရသည်။ သို့သော် အဆိုပါလက်နက်မျိုူးကို အီရတ်မြေပေါ်၌ လုံး၀ ရှာမတွေ့ချေ။ 

..  
ဆဒမ်ဟူစိန်သည် အာဏာရှင်တစ်ဦးဖြစ်သော်လည်း ၎င်းအား စစ်ရာဇဝတ်မှုဖြင့် ကြိုးပေးကွတ်မျက်သည့်အခါ အာရပ်ခေါင်းဆောင်တစ်ဦးအား လူဖြူတို့က သေဒါဏ်ပေးခြင်းအဖြစ် ရှုမြင်ဖွယ်ဖြစ်သွားသည်။ ထို့ကြောင့် ထင်ပါသည် အမေရိကန်တို့၏ သွတ်သွင်းသော ဒီမိုကရေစီနှင့်လည်း အသားမကျသော အီရတ်တို့သည် မကြာသေးမီက ၈-နှစ်ကြာ စစ်ခင်းခဲ့ဖူးသည့် အိမ်နီးချင်း အီရန်တို့နှင့် အလွယ်တကူ ပြေလည်သွားနိုင်ခဲ့သည်။    ။သတင်းဘာသာပြန်သူ )) 
..
((( Russia Today., 28 Dec, 2020,” Iran tells US & Israel not to cross ‘red lines’ in Gulf after reports of submarine deployments.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ ))) 

..  
https://www.rt.com/news/510941-iran-us-israel-submarine-warning/ 
https://www.rt.com/usa/510384-submarine-iran-israel-threats/ 
https://www.wsj.com/articles/rocket-attack-on-u-s-embassy-in-baghdad-largest-in-a-decade-general-says-11608750520 
https://sputniknews.com/middleeast/202012271081578900-iran-deploys-short-range-missiles-in-iraq-after-attack-on-green-zone-hosting-us-embassy-reports-say/

1+

Leave a Reply

Your email address will not be published.