အရေးပေါ်အခွင့်အာဏာကို သုံးစွဲ၍ ဟောင်ကောင်အုပ်ချုပ်ရေးမှူးက ရွေးကောက်ပွဲကို တစ်နှစ်ကြာ ရွှေ့ဆိုင်း။ ဗိုင်းရပ်စ်ကူးစက်မှုတားဆီးရန် ကန့်သတ်ချက်များပြဋ္ဌာန်းပြီး ပြည်မကြီး ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူ ၁၂ ဦးကို ရွေးကောက်ပွဲပါဝင်ခွင့် ပိတ်ပင်

ဟောင်ကောင်အမှုဆောင်အရာရှိချုပ် ကာရီလမ်က ၎င်းအား အပ်နှင်းထားသည့် အရေးပေါ်အခွင့်အာဏာကို သုံးစွဲ၍ စက်တင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲကို တစ်နှစ်ကြာ ရွှေ့ဆိုင်းလိုက်ကြောင်း Russia Today က ယနေ့ရေးသားသည်။ 

  
သောကြာနေ့ မီဒီယာများနှင့် တွေ့ဆုံစဉ် ဟောင်ကောင် အုပ်ချုပ်ရေးမှူးက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါမှာ အဆိုးရွားဆုံး ကူးစက်မှုပြန့်နှံ့လျှက်ရှိကြောင်း၊ ကပ်ရောဂါ စတင်ဖြစ်ပွားစဉ်ကတည်းက အခက်အခဲဆုံးနှင့် ကြုံတွေ့နေရကြောင်း၊ အများပြည်သူဘေးအန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သောကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း၊ ပြည်မကြီးအစိုးရကလည်း ၎င်းအား ရောဂါကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန် ခွင့်ပြုပေးထားကြောင်း ပြောကြားသည်။ 

  
ရွေးကောက်ပွဲ ကျင်းပလျှင် မဲရုံများတွင် လူအများစုရုံးကြမည်ဖြစ်ရာ ဗိုင်းရပ်စ်ပိုးကူးစက်မှုအန္တရာယ် တိုးမြှင့်သွားလိမ့်မည်ဖြစ်ကြောင်း မီဒီယာများက ခန့်မှန်းထားသည်။

  
ဟောင်ကောင်တွင် ၂၀၁၉-ခုနှစ်ကတည်းက ယခုအခါ ပျက်ပြားသွားပြီဖြစ်သော တရားခံလွှဲပြောင်းရေးဥပဒေကို ကန့်ကွက်ရာမှ အဓိကရုန်းများဖြင့် ဂယက်ရိုက်ခတ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အထူးအဆင့်အတန်းအား ထိုးနှက်ရာရောက်သည့် အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေအသစ် ပြဋ္ဌာန်းခြင်းမှာ မီးလောင်ရာလေပင့်ဖြစ်လျှက် အပြင်းထန်ဆုံး ပြည်မကြီးဆန့်ကျင်ရေးလှုပ်ရှားမှုဖြစ်လာခဲ့ရသည်။ 

  
ဟောင်ကောင်အတိုက်အခံတို့၏ ံဆန့်ကျင်ရေးဆန္ဒပြပွဲများသည် အနောက်နိုင်ငံများမှ ထောက်ခံမှုကို ဆွဲဆောင်နိုင်ခဲ့သည်၊ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပြည်မကြီးအစိုးရအား အမေရိကန်နှင့်ဗြိတိန်တို့က စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ခြင်းများအပါအဝင် နိုင်ငံရေးအရအရေးယူမှုများ ဖြစ်ပေါ်ခဲ့သည်။ တရုတ်အစိုးရကလည်း ၎င်း၏ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်သည်ဟု ပြစ်တင် တုန့်ပြန်ခဲ့သည်။ 


ဇူလိုင်လဆန်းမှစတင်၍ ဟောင်ကောင်တွင် နောက်ကြောင်း ခြေရာခံမရသော ဗိုင်းရပ်စ်ပိုး ကူးစက်မှုများ အကြီးအကျယ်မြင့်တက်ခဲ့သည်။ ထိုအတွက်  ကူးစက်ခံရသူပေါင်း သုံးထောင်ကျော်နှင့် Covid-19 နှင့် ဆက်နွယ်လျှက် လူ ၂၇ -ဦး အသက်ဆုံးရှုံးခဲ့ရသည်။

  
တနင်္လာနေ့တွင် ၂-ဦးထက်ပို၍ စုဝေးမှု ကန့်သတ်ခြင်းအပါအဝင်၊ ပြင်ပထွက်သည့်အခါ မျက်နှာဖုံးဝတ်ဆင်ကြရန်နှင့် မဖြစ်မနေလိုက်နာကြရမည့် social distancing လူချင်းနီးကပ်မှု ဝေးကွာစေခြင်းများကို ဒေသခံအာဏာပိုင်များက ပြဋ္ဌာန်းခဲ့သည်။ 

  
နောက်တစ်ရက် အင်္ဂါနေ့တွင် ပြည်မကြီး ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူ ၁၂ ဦး အား ရွေးကောက်ပွဲ၌ပါဝင်ခွင့် ပိတ်ပင်ခြင်းမှာလည်း နှောင့်နှေးကြန့်ကြာစေရသည့် အချက်တစ်ခုဖြစ်သည်။   
ပိတ်ပင်ခံရသူများမှာ ဟောင်ကောင်အစိုးရကို ပျက်ပြားစေရန်နှင့် အုပ်ချုပ်မှုအာဏာကို ဖြိုခွဲမည့်သူများ ဖြစ်ကြောင်း ဟောင်ကောင်ရှိ ပြည်မကြီးအစိုးရ၏ဆက်ဆံရေးရုံးက ပြောဆိုသည်။ 

ဤအတောအတွင်း ပိတ်ပင်ထားခြင်းခံရသည့်တက်ကြွလှုပ်ရှားသော ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဂျော့ရှူးဝါးဝေါင်းကမူ ပြည်မကြီးအစိုးရသည် ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နောက်ဆုံးဒေါက်တိုင်ကို နင်းခြေဖျက်ဆီးခြင်းဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့သည်။ 


#ဟောင်ကောင်ရွေးကောက်ပွဲ_တစ်နှစ်ရွှေ့ဆိုင်း 


((( Russia Today., 31 Jul 2020,” Hong Kong leader uses emergency powers to postpone legislative election for a year.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ ))) 

https://www.rt.com/news/496769-hong-kong-delays-election/

0

Leave a Reply

Your email address will not be published.